တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေရရှိမှု ကျပ် ၂၁၄၃ ဘီလျံကျော်ရှိပြီး သုံးစွဲမှု ကျပ် ၃၅၆၃ ဘီလျံကျော်ရှိသဖြင့် လိုငွေ ကျပ်ဘီလျံ ၁၄၂၀ ကျော် ဖြစ်ပေါ်

တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေရရှိမှု ကျပ် ၂၁၄၃ ဘီလျံကျော်ရှိပြီး သုံးစွဲမှု ကျပ် ၃၅၆၃ ဘီလျံကျော်ရှိသဖြင့် လိုငွေ ကျပ်ဘီလျံ ၁၄၂၀ ကျော် ဖြစ်ပေါ်
Published 5 October 2019
ဖြိုးဝေ

တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေရရှိမှု ကျပ် ၂၁၄၃ ဘီလျံ ကျော်ရှိပြီး သုံးစွဲမှု ကျပ် ၃၅၆၃ ဘီလျံ ကျော်ရှိသဖြင့် လိုငွေ ကျပ် ၁၄၂၀ ဘီလျံကျော် ဖြစ်ပေါ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ နိုင်ငံခြားငွေအရအသုံးစာရင်းတွင် သမ္မတရုံး၊ ပြည်ထောင်စု လွှတ်တော်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ရာထူးဝန်အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ လူ/ကယ်/ပြန် ဝန်ကြီးဌာနတို့မှာ ရငွေမရှိဘဲ သုံးငွေများသာရှိကာ အများဆုံးသုံးစွဲမည့်ဝန်ကြီးဌာနမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြစ်သည်။

ဘဏ္ဍာနှစ် ၁၀ နှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ် ၇၀၂၇ ဘီလျံဖြင့် အမြင့်ဆုံးလို ငွေဖြစ်ပေါ်နေသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းခြေဘတ်ဂျက်ရေး ဆွဲရာ၌ ငွေကြေးလဲလှယ်နှုန်းအဖြစ် အမေ ရိကန် တစ်ဒေါ်လာလျှင် ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး လိုငွေမှာ ကျပ် ၁ ဒသမ ၅ ဘီလျံကျော် ရှိနေခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ရငွေအဖြစ် ကျပ် ၂၅ ဒသမ ၃၁ ထရီလျံရရှိရန် ခန့်မှန်းထားပြီး သုံးငွေအဖြစ် ၃၂ ဒသမ ၃၃ ထရီလျံအဖြစ် ကနဦးမျှော်မှန်းထားသဖြင့် လိုငွေမှာ ကျပ် ၇၀၂၇ ဘီလျံအ ထိရှိနေပြီး ပြည်ထောင်စုလွှတ်တော်က ကျပ် ဘီလျံ ၄၀၀ ခန့် ဖြတ်တောက်ခဲ့သော်လည်း အဆိုပါပမာဏမှာ ဘဏ္ဍာနှစ် ၁၀ နှစ်အတွင်း အမြင့်ဆုံးလည်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဘတ်ဂျက်ရေးဆွဲရာတွင် ပြင်ပပေါက်စျေးထက် များစွာနိမ့်ပါးပြီး တစ်ဒေါ်လာ ၁၃၆၀ ကျပ် ဖြင့် ရေးဆွဲခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက်မူ တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ဗဟိုဘဏ်၏ ဇူလိုင် ၂၆ ရက် ဖြစ်ပေါ်သည့် ၁၅၁၁ ကျပ်ဝန်းကျင်ထက် မြင့်မားသောနှုန်းဖြင့် ရေးဆွဲထားသည်ကို တွေ့ ရသည်။

ထိုသို့ လိုငွေအမြင့်ဆုံးဖြစ်နေသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တစ်ဒေါ်လာ ၁၅၂၅ ကျပ်ဖြင့် ရေးဆွဲထားသော်လည်း လာမည့် ဘဏ္ဍာနှစ်အတွက် ပစ္စည်းဝယ်ယူမှုများတွင် ပြည်တွင်းမှ ကျပ်ငွေဖြင့် ဝယ်ယူ နိုင်သည်များကို ကျပ်ငွေဖြင့်သာ ဝယ်ယူရန် မူချမှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လက်ရှိဘတ်ဂျက်ရေးဆွဲသည့်ပုံစံမှာ နိုင်ငံခြားငွေရရှိသုံးစွဲမှုများအတွက် နိုင်ငံခြားငွေနှင့်ညီမျှသော မြန်မာကျပ်ငွေကို ဘတ်ဂျက်တွင် လျာထားခြင်းဖြစ်သော်လည်း ပြည်တွင်း၌ နိုင်ငံခြားသုံးငွေ စျေးကွက်ဖွံ့ဖြိုးခြင်း မရှိသေး၍ အစိုးရထံမှ နိုင်ငံခြားသုံးငွေကို တောင်းခံသုံးစွဲနေရ သည့်ပုံစံဖြစ်ပြီး အဆိုပါ အခြေအနေကိုပြင်ဆင်ရန်ပြည်တွင်းနိုင်ငံခြားသုံးငွေစျေးကွက်မှာလည်း ဖွံ့ ဖြိုးရန်လိုအပ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးမဟာဗျုဟာတွင် ဖော်ပြထားသည်။ သို့သော် လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေ စျေးကွက်မှာ ဖွံ့ဖြိုးမှုမရှိဘဲ အစိုးရထံမှ နိုင်ငံခြားငွေကို တောင်းခံရယူသည့်အဆင့်သာ ရှိနေသည်။    

 

Most Read

Most Recent