နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ပညာရေးဖြစ်ရန် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော ယခုလိုအချိန်အခါမျိုးတွင် ဆရာ ဆရာမများ၏ အရည်အသွေး ပြည့်မီရေးသည် အလွန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ပညာရေးဖြစ်ရန် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော ယခုလိုအချိန်အခါမျိုးတွင် ဆရာ ဆရာမများ၏ အရည်အသွေး ပြည့်မီရေးသည် အလွန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
အောက်တိုဘာ ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲအခမ်းအနားတွင် သမ္မတဦးဝင်းမြင့် အမှာစကား ပြောကြားစဉ်
အောက်တိုဘာ ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲအခမ်းအနားတွင် သမ္မတဦးဝင်းမြင့် အမှာစကား ပြောကြားစဉ်
Published 3 October 2019

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ပညာရေးဖြစ်ရန် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော ယခုလိုအချိန်အခါမျိုးတွင် ဆရာဆရာမများ၏ အရည်အသွေးပြည့်မီရေးသည် အလွန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ အောက်တိုဘာ ၂ ရက်က ကျင်းပသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၃) ကျောင်းသား၊ ကျောင်းသူများ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက် သြဝါဒအမှာ စကားပြောကြားရာတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ အခုအချိန်အခါမျိုးမှာ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးပြည့်မီရေးဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အနာဂတ်ပညာရေးကို ဖော်ဆောင်ကြမယ့် သားတို့၊ သမီးတို့အနေနဲ့ ဘွဲ့တစ်ခုရပြီးတာနဲ့ ပညာသင်ယူမှုပြီးဆုံးပြီလို့ မခံယူဘဲ မိမိတို့ရဲဲ့ အရည်အသွေးပြည့်မီရေးကို မိမိတို့ကိုယ်တိုင် တစ်သက်တာသင်ယူချင် စိတ်မွေးမြူပြီး ဆက်လက်လေ့လာသင်ယူနေကြရမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေဟာ ထာဝရပညာရှာမှီးသူများ ဖြစ်ကြပါတယ်။ ပညာဖြန့်ဝေပေးသူများလည်း ဖြစ်ကြပါတယ်။ အပြောင်းအလဲတွေ မြန်ဆန်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ပညာကို စဉ်ဆက်မပြတ် ရှာဖွေနေသူတွေသာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ပြီး အနာဂတ်ကို အမွေဆက်ခံနိုင်မှာ ဖြစ်ပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ စိန်ခေါ်မှုတွေလည်း အများကြီးရှိနေသလို တိုးတက်မှုတွေအတွက် အခွင့်အလမ်းတွေလည်း များစွာရှိနေတာဖြစ်တဲ့အတွက် သားတို့သမီးတို့အနေနဲ့ အဲဒီအခွင့်အလမ်းတွေကို ရယူနိုင်အောင် မိမိတို့ရဲ့ အရည်အချင်းတွေပြည့်ဝနေဖို့ အမြဲမပြတ် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းမှာကြားလို့ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ယခုကဲ့သို့ မိမိအရည်အသွေးကို မြင့်မားသည်ထက် မြင့်မားအောင် အစဉ်ကြိုးစားကြပြီး မိမိတာဝန်ကျရာ ဒေသများရှိ တိုင်းရင်းသားလူငယ်များကို နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာရန် ပြုစုပျိုးထောင်ပေးစေလိုကြောင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်း မည်သည့်ခွဲခြားမှုမျှမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရေး၊ ကျောင်းထွက်သူမရှိစေရေး ဆိုသည့် မူဝါဒများနှင့်အညီ တိုင်းရင်းသားလူငယ်များကို စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရန်လည်း သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

ထို့ပြင် လူငယ်များကို ပြုစုပျိုးထောင်ရာ၌ သတိထားရမည့်အချက်သည် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် လူငယ်ထုအတွင်းသို့ ဝင်ရောက်လာပြီး အနာဂတ်လူငယ်များ၏ ဘဝကို ၀ါးမြိုဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များအကြားတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်မားလာသည်နှင့်အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာသည့် ဆိုးကျိုးသံသရာကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူ ၉၃၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် HIV ရောဂါ၊ အသည်းရောင်အသားဝါရောဂါနှင့် တီဘီရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အမျိုးသားရေးတာ ဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် နိုင်ငံတော်၏ လုပ်ငန်းအစီအမံများကို လက်တွဲဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားခြင်းဟာ နိုင်ငံရဲ့ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်တယ် မတိုးတက်ဘူးဆိုတာကို နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအခြေအနေကို ကြည့်ပြီး အကဲခတ်လေ့ရှိကြပါတယ်။ လူနေမှုအဆင့်အတန်း နိမ့်ကျမှုနဲ့ ကျန်းမာရေးအသိ မပြည့်စုံမှုတို့ဟာ ရောဂါဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူတွေကို ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကတစ်ဆင့် ကျန်းမာရေးအသိပညာပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်လှပဖို့အတွက် လူငယ်တွေဟာ ကိုယ်ကျန်းမာရုံသာမက စိတ်ကျန်းမာဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် သားတို့သမီးတို့အနေနဲ့ မိမိတို့ရဲ့ တပည့်ကျောင်းသားလူငယ်တွေကို ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်ပြည့်စုံတဲ့ လူငယ်တွေဖြစ်အောင် လေ့ကျင့်ပြုစုပျိုး ထောင်ပေးကြပါလို့လည်း မှာကြားလိုပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ထို့အတူ နိုင်ငံ့ဝန်ထမ်း ဆရာဆရာမများအဖြစ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့်သူများကို နိုင်ငံ့ဝန်ထမ်းနှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို မှာကြားလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လာပါက ကျင့်ဝတ်သိက္ခာပြည့်စုံခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း စသည့် အခြေခံမူများအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး လုပ်ရည်ကိုင်ရည်နှင့် ယုံကြည်မှုခိုင်မာမှုရှိသည့် ဝန်ထမ်းများသည် ကောင်းမွန်သော ဒီမိုကရေစီကျင့်စဉ်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပြီး ပြည်သူများအား အလုပ်အကျွေးပြုနေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုများ တိုးပွားလာစေရေးအတွက် အလွန်အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ပုံရိပ်နှင့် နိုင်ငံတော်၏ တန်ဖိုးကို ကိုယ်စားပြုထင်ဟပ်နေသူများဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စောင့်ထိန်းရမည့် ဥပဒေများ၊ စည်းကမ်းများ၊ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ၊ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း တိတိကျကျ သိရှိလိုက်နာသွားရန် မှာကြားလိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

Most Read

Most Recent