ဟောင်ကောင်တွင် ဆယ်ကျော်သက်အား ရဲက ပစ်ခတ်မှုကြောင့် ဒေါသထွက်နေစဉ် ဆန္ဒပြမှုသစ်များ ဖြစ်ပွား

ဟောင်ကောင်တွင် ဆယ်ကျော်သက်အား ရဲက ပစ်ခတ်မှုကြောင့် ဒေါသထွက်နေစဉ် ဆန္ဒပြမှုသစ်များ ဖြစ်ပွား
 သေနတ်ဒဏ်ရာရရှိခဲ့သော ကျောင်းသားတက်ရောက်နေသည့်ကျောင်းတွင် အတန်းဖော်များက အောက်တိုဘာ ၂ ရက်၌ ဆန္ဒပြမှုတွင် ပါဝင်နေကြစဉ်
သေနတ်ဒဏ်ရာရရှိခဲ့သော ကျောင်းသားတက်ရောက်နေသည့်ကျောင်းတွင် အတန်းဖော်များက အောက်တိုဘာ ၂ ရက်၌ ဆန္ဒပြမှုတွင် ပါဝင်နေကြစဉ်
Published 2 October 2019
Ref: AFP

ဟောင်ကောင်တွင် အောက်တိုဘာ ၁ ရက်၌ ဆန္ဒပြပဋိပက္ခအတွင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်ဆန္ဒပြသူတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့မှုအား ဒေါသထွက်မှု မြင့်တက်နေစဉ် အောက်တိုဘာ ၂ ရက်တွင် ဆန္ဒပြမှုသစ်များ ဖြစ်ပွားခဲ့သည်။ ရုံးဝတ်စုံများ ဝတ်ဆင်ထားကြသည့် ဝန်ထမ်းများအပါအဝင် ထောင်ဂဏန်းမျှရှိသော ဆန္ဒပြသူများသည် ပန်းခြံတစ်ခုတွင် စုဝေးခဲ့ကြပြီးနောက် ခွင့်ပြုချက်မရသော စုဝေးချီတက်မှုအဖြစ် ကူးသန်းရောင်းဝယ်ရေးခရိုင်ကို ဖြတ်သန်းစဉ် ရဲတပ်ဖွဲ့နှင့် အစိုးရအား ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

မျက်နှာဖုံးစွပ် ဆန္ဒပြသူများက ရဲများအား ထီးနှင့် အခြားအရာများဖြင့် တိုက်ခိုက်ခဲ့စဉ် ရဲတပ်ဖွဲ့ဝင်၏ ပစ်ခတ်မှုကြောင့် ရင်ဘတ်တွင် ဒဏ်ရာရခဲ့သော အသက် ၁၈ နှစ်ရှိ  ဆန္ဒပြကျောင်းသား ဆန်ချီကင် တက်ရောက်နေသောကျောင်းတွင် ကျောင်းသားရာပေါင်းများစွာက ထိုနေ့အစောပိုင်း၌ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသည်။

ထိုကျောင်းသားအား ပစ်ခတ်ခဲ့သော ရဲတပ်ဖွဲ့ဝင်က ၎င်း၏ရဲဘော်ရဲဘက်များသည် ၎င်းတို့၏ ပစ္စတိုများဖြင့် သတိပေးပစ်ခတ်မှု ငါးကြိမ်ပြုလုပ်ခဲ့ရသည့်နေ့တွင် ၎င်း၏ အသက်အန္တရာယ်ကို စိုးရိမ်သဖြင့် ယင်းကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကာကွယ်ထုတ်ပြန်ခဲ့သည်။ လျှပ်တပြက်အတွင်း ၎င်းက ဆုံးဖြတ်ချက်ချမှတ်ခဲ့ရပြီး တိုက်ခိုက်သူအား ပစ်ခတ်ခဲ့ကြောင်း ရဲချုပ်စတီဖင်လိုက ပြောကြားခဲ့သည်။

သို့သော် ထိုရဲသည် သေနတ်ကို ကျည်ထိုးထားခဲ့ကြောင်း ဆန္ဒပြအဖွဲ့များက ထုတ်ပြန်ခဲ့ကြပြီး ကျည်အစစ်အသုံးပြုမှု မြင့်တက်လာခြင်းကို ရှုတ်ချခဲ့ကြသည်။ အသက်သေစေနိုင်သော ကျည်ဆန်များနှင့် ရိုင်ဖယ်များ အသုံးပြုမှုများအား ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုမှုများနှင့်သာ ပြီးဆုံးသွားမည်ကို စိတ်ပျက်စိတ်ကုန်နေပြီဖြစ်ကြောင်း ဆန်၏ ကျောင်းအနီး သတင်းစာရှင်းလင်းပွဲတွင် မျက်နှာဖုံးစွပ် ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ပြီး အွန်လိုင်းတွင် အလျင်အမြန်ပျံ့နှံ့ခဲ့သော ထိုပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများက ရဲတပ်ဖွဲ့အား ရှုတ်ချခဲ့ကြသော်လည်း သြဇာရှိရှေးရိုးဝါဒီများကမူ အင်အားသုံးမှုသည် သင့်တော်မှန်ကန်ကြောင်း ပြောကြားခဲ့ကြသည်။

ထိုရဲတပ်ဖွဲ့ဝင်အား တုတ်တစ်ချောင်းဖြင့် ပြေးရိုက်ရန် ကြိုးပမ်းနေသည်ဟု မှတ်တမ်းတွင် မြင်တွေ့ခဲ့ရသော ဆန်သည် ပစ်ခတ်ခံခဲ့ရပြီးနောက် စိုးရိမ်ရသည့်အနေအထားဖြင့် အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော် ဆေးရုံတက်ပြီးနောက်ပိုင်း အခြေအနေတိုးတက်ကောင်းမွန်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဖြစ်ပွားခဲ့ သောပဋိပက္ခအတွင်း အသားကို လောင်စေသောအရည်များကို ဆန္ဒပြသူများက လောင်းမှုကြောင့် လောင်ကျွမ်းဒဏ်ရာရသူအချို့ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဂျာနယ်လစ်အချို့လည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် လူ ၁၆၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၁ ရက်၌ ဆေးရုံတက်ရသူ ၇၀ ကျော် ရှိကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။ ရဲများနှင့်ပဋိပက္ခဖြစ်ပွားပြီး အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်မှုစွဲချက် စွဲဆိုခံရသောဆန္ဒပြသူ ၉၆ ဦးသည် အောက်တိုဘာ ၂ ရက်တွင် တရားရုံး၌ စစ်ဆေးခံခဲ့ရသည်။  

 

 

Most Read

Most Recent