ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂ (ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက် 

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂ (ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက် 
Photos: AFP
Photos: AFP
Published 2 October 2019

ပုံမှန်အားဖြင့်ဆိုရင်တော့ ဒီလိုပွဲတွေမှာ ဘာစီလိုနာ နိုင်ပွဲရဖို့ဆိုတာ သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပွဲကတော့ ဘာစီလိုနာ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရမှာသေချာတယ်။ အင်တာမီလန်ရဲ့ ကစားသမားအင်အားနဲ့ စုဖွဲ့မှုက မနှစ်ကထက် ပိုကောင်းလာခဲ့သလို၊ ဒီရာသီ ကွန်တီရဲ့လက်အောက်မှာ အများကြီးတိုးတက်လာတယ်။ စုစည်းမှုကောင်းပြီး မာကျောလာတာ လည်းတွေ့ရတယ်။

 

KRC ဂျန့် နှင့်  နာပိုလီ (ဗုဒ္ဓဟူးည ၁၁း၂၅ နာရီ ) 

    အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဂျန့်က အဖွင့်ပွဲမှာတော့ ဆာလ်ဇ်ဘာ့ဂ်ကို ဂိုးပြတ်ရှုံးခဲ့ပြီး နာပိုလီအသင်းကတော့ လီဗာပူးလ်ကို အနိုင်ကစားထားတယ်။ ဒီပွဲကိုသာ ထပ်ပြီးကျော်ဖြတ်နိုင်ရင် နာပိုလီအတွက် တော်တော်လေးအလားအလာကောင်း သွားနိုင်တယ်။ ဒါပေမဲ့ ဂျန့်ကွင်းမှာ အနိုင်ရဖို့အတွက်တော့ ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ဂျန့်ရဲ့ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံးနှစ်ပွဲက ဗလင်စီယာ၊ လေဗာကူဆင်တို့နဲ့ သရေကျခဲ့တာကို ကြည့်ရင် နာပိုလီလည်း ခက်ခဲမယ့်ပွဲပါ။ ဒါပေမဲ့ နာပိုလီကလည်း ခြေမှန်နေလို့ (၀-၁)လောက်ဖြစ်မယ်ထင်တယ်။ 



ဆလားဗီးယားပရပ်ဂ် နှင့် ဒေါ့မွန် (ဗုဒ္ဓဟူးည ၁၁း၂၅ နာရီ ) 

    ဆလားဗီးယားပရပ်ဂ်က အင်တာမီလန်ကွင်းမှာ သရေခံကစားခဲ့ပြီး အခုအိမ်ကွင်းပွဲမှာလည်း ဒေါ့မွန်ဆီက အမှတ်ရဖို့အတွက် ရုန်းကန်လိမ့်မယ်။ ဒေ့ါမွန်ကတော့ ဘာစီလိုနာကိုအနိုင်ရခဲ့သင့်တဲ့ခြေစွမ်းရှိပေမယ့် သရေကျခဲ့တာကြောင့် နိုင်ပွဲစရှာရမယ့် အနေအထားပါ။ ဒီပွဲက အဝေးကွင်းဖြစ်လို့ အခက်အခဲရှိနိုင်ပေမယ့် ဒေါ့မွန်ရဲ့တိုက်စစ်က အင်တာမီလန်ထက် စိတ်ချရပြီး အဝေးကွင်းဆိုပေမယ့် ပွဲကိုထိန်းချုပ်ထားနိုင်ဖို့လည်း သေချာပါတယ်။ ဒေ့ါမွန်ပဲ အနိုင်ရမှာဖြစ်ပြီး (၀-၁၊ ၀-၂) လောက်ဖြစ်လိမ့်မယ်။ 

 

 



လီဗာပူးလ် နှင့် ဆာလ်ဇ်ဘာ့ဂ် ( ကြာသပတေးနံနက် ၁း၃၀ နာရီ ) 

          လီဗာပူးလ်အတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်တယ်။ ဆာလ်ဇ်ဘာ့ဂ်တိုက်စစ်မှူးဟောင်း မာနေက အသင်းဟောင်းနဲ့ ပြန်တွေ့ရတာဖြစ်ပြီး လက်ရှိ ဆာလ်ဇ်ဘာ့ဂ်ရဲ့ခြေစွမ်းကလည်းအားရစရာပါ။ စုဖွဲ့မှုကောင်းပြီး တိုက်စစ်ကောင်းတယ်။ လီဗာပူးလ် ဂိုးအပြိုင်သွင်းမယ့်ပွဲဖြစ်ပြီး (၃-၁၊ ၄-၂)ရလဒ်တွေဖြစ်နိုင်တယ်။ 



ဇင်းနစ် နှင့် ဘင်ဖီကာ ( ကြာသပတေးနံနက် ၁း၃၀ နာရီ ) 

    ဘင်ဖီကာက အဖွင့်ပွဲတုန်းက အိမ်ကွင်းမှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် တီမိုဗာနာရဲ့သွင်းဂိုး နှစ်ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့တယ်။ အိမ်ကွင်းအရှုံးဆိုပေမယ့် ဒီနှစ်သင်းဘယ်သူပိုကောင်းသလဲဆိုတာ ပြောရခက်သလို ဘင်ဖီကာရဲ့ခြေစွမ်းကိုလည်း လျှော့မတွက်သင့်ဘူး။ ဇင်းနစ်ကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန်ရဲ့ကွင်းမှာ သရေတစ်မှတ်ယူနိုင်ခဲ့တာတွေ့ရတယ်။ ဒီနှစ်သင်းအတွက် အခွင့်အရေးကိုယ်စီရှိပါတယ်။ သရေဆိုတာ မျှတတဲ့အဖြေပါ။ 



လိုက်ပ်ဇစ် နှင့် လိုင်ယွန် ( ကြာသပတေးနံနက် ၁း၃၀ နာရီ ) 

    လိုင်ယွန်က တစ်ဦးချင်းအရည်အသွေးမြင့်တဲ့ ကစားသမားကောင်းတွေရှိပြီး လူအင်အားပိုင်းမှာ လိုက်ပ်ဇစ်ကို ကောင်းကောင်းယှဉ်နိုင်ပါတယ်။ ဒါပေမဲ့ မာကျောမှုနဲ့ စုစည်းမှုအပိုင်းမှာ လိုက်ပ်ဇစ်က ပိုကောင်းတယ်။ အထူးသဖြင့် လိုက်ပ်ဇစ်ရဲ့တန်ပြန်တိုက်စစ်က ဘွန်ဒစ်လီဂါအသင်းကြီးတွေကိုတောင် အန္တရာယ်ပေးနိုင်တာတွေ့ရတယ်။ လိုင်ယွန်ရဲ့ခံစစ်ပိုင်းကတော့ သိပ်စိတ်မချရဘူး။ ဒီပွဲမှာလည်း လိုက်ပ်ဇစ်အိမ်ကွင်းဖြစ်နေလို့ လိုက်ပ်ဇစ် နိုင်ပွဲဆက်ဦးမယ်။ 

 

 



ဘာစီလိုနာ နှင့် အင်တာမီလန် ( ကြာသပတေးနံနက် ၁း၃၀ နာရီ ) 

    ပုံမှန်အားဖြင့်ဆိုရင်တော့ ဒီလိုပွဲတွေမှာ ဘာစီလိုနာ နိုင်ပွဲရဖို့ဆိုတာ သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပွဲကတော့ ဘာစီလိုနာ ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရမှာသေချာတယ်။ အင်တာမီလန်ရဲ့ ကစားသမားအင်အားနဲ့ စုဖွဲ့မှုက မနှစ်ကထက် ပိုကောင်းလာခဲ့သလို၊ ဒီရာသီ ကွန်တီရဲ့လက်အောက်မှာ အများကြီးတိုးတက်လာတယ်။ စုစည်းမှုကောင်းပြီး မာကျောလာတာ လည်းတွေ့ရတယ်။ အဖွင့်ပွဲတုန်းက ဆလားဗီးယားပရပ်ဂ်ကို အိမ်ကွင်းမှာ သရေကျခဲ့တာမျိုးကတော့ လက်ခံလို့မရပါဘူး။ ဒါပေမဲ့ ဒီပွဲမှာတော့ အင်တာမီလန်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသလိမ့်မယ်လို့ ယူဆရတယ်။ ဘာစီလိုနာကတော့ ကွင်းလယ်က သိသိသာသာအားနည်းလာတယ်။ ကစားကွက်ထိန်းချုပ်မှုအပိုင်းမှာ အရင်နှစ်တွေထက် ပိုဆိုးလာပြီး ကွင်းလယ် တိုက်စစ်ပိုင်းအားလျော့သွားခြင်းက ပိုသိသာတယ်။ ဒါပေမဲ့ မက်ဆီရှိနေရင်တော့ ဒီပြဿနာတွေကို ကျော်လွှားနိုင်တုန်းပါပဲ။ မက်ဆီက ဒီပွဲမှာ ပြန်ကစားနိုင်မယ်လို့ သတင်းထွက်နေပြီး သူသာ ပါရင်တော့ အင်တာမီလန်အခွင့်အရေးမရှိသလောက်ဖြစ်သွားမယ်။ ဒါပေမဲ့ ဂိုးအရမ်းပြတ်တဲ့ ပွဲမျိုးမဟုတ်ဘဲ (၂-၁)လောက်နဲ့ပဲ ပြီးသွားမယ်ထင်တယ်။ 

ဗလင်စီယာ နှင့် အေဂျက်စ် ( ကြာသပတေးနံနက် ၁း၃၀ နာရီ ) 

    ဗလင်စီယာရဲ့ ခြေစွမ်းက အားရစရာကောင်းပါတယ်။ ဒီရာသီမှာ မထင်မှတ်တဲ့ နိုင်ပွဲတွေကိုလည်း မကြာခဏ တွေ့ရတယ်။ အုပ်စုအဖွင့်ပွဲတုန်းကလည်း ချယ်လ်ဆီးကွင်းမှာ အနိုင်ကစားခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းရလဒ်ပိုင်းမှာ ပြဿနာရှိနေပြီး၊ နောက်ဆုံး(၂)ပွဲမှာ လီဟာနက်စ်၊ ဂီတာဖေးတို့ကို သရေကျခဲ့တယ်။ အေဂျက်စ်ကတော့ လိုင်လီကို အဖွင့်ပွဲမှာ ဂိုးပြတ်သွင်းထားပြီး ဒီပွဲအတွက်လည်း အမှတ်ယူနိုင်မယ့် အနေအထားမှာရှိပါတယ်။ (၁-၁)လောက်ပဲ ဖြစ်လိမ့်မယ်။  

 

 



လိုင်လီ နှင့် ချယ်လ်ဆီး  ( ကြာသပတေးနံနက် ၁း၃၀ နာရီ ) 

    လိုင်လီက ပေပေ ထွက်သွားပြီးနောက်ပိုင်း တိုက်စစ်ပိုင်းက ဂိုးသွင်းနှုန်းပါ ကျသွားတာတွေ့ရတယ်။ အေဂျက်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အိမ်ရှင်အေဂျက်စ်အသင်းကို လုံးဝမယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတယ်။ ဒီပွဲက အိမ်ကွင်းဖြစ်နေလို့ မျှော်လင့်ချက်ရှိပေမယ့် ချယ်လ်ဆီးအတွက်ကလည်း သေရေး ရှင်ရေးဖြစ်နေပြီ။ ဒီပွဲပြီးရင် အေဂျက်စ်နဲ့ ပွဲကျပ်နှစ်ပွဲဆက်ကစားရမယ့် ချယ်လ်ဆီးဒီပွဲမှာ နိုင်ပွဲမဖြစ်မနေရှာလိမ့်မယ်ထင်တယ်။ ချယ်လ်ဆီးကိုကြိုက်တယ်။ 



 

 

Most Read

Most Recent