ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင် မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရှင်းလင်းပြောကြားခဲ့

ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင် မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရှင်းလင်းပြောကြားခဲ့
စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး
စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး
Published 1 October 2019

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာ၌ မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ အတွင်းရေးမှူးချုပ်၏ Cabinet အကြီးအကဲနှင့် ကုလသမဂ္ဂ အဆင့်မြင့် အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အရေးကိစ္စနှင့် ပြဿနာ၏ အခြေခံ ဇာစ်မြစ်ကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ပိုမိုတက်ကြွသည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဆွေးနွေးတိုက်တွန်းကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ထိုသို့ ပြောကြားမှုကြောင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တုံ့ပြန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် ရခိုင်အရေး ကိစ္စသည် စိန်ခေါ်မှုများစွာအနက် တစ်ခုဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ အစိုးရ၏ လက်ရှိဦးစားပေး လုပ်ငန်းမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ဆောလျင်စွာ ပြန်လည်လက်ခံရေးနှင့် နေရပ်ပြန်လာသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးရေးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂနှင့် အာဆီယံတို့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre အဖွဲ့တို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို လေ့လာသည့် ကနဦး ဆန်းစစ်လေ့လာရေးအဖွဲ့သည် ၎င်းတို့၏ ပဏာမ လေ့လာအကဲဖြတ်ချက် အစီရင်ခံစာကို ၂၀၁၉ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်သုံးခုကို အကြံပြုတင်ပြထားကြောင်း၊ အဆိုပါ အကြံပြုချက်များကို အကောင်အထည် ဖော်ရန်အတွက် နည်းပညာ လုပ်ငန်းအဖွဲ့ တစ်ခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ထားရှိမှုများကို ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူများအား သွားရောက် ရှင်းလင်းပြောကြားသည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင် အာဆီယံ၏ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ အာဆီယံ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် UNHCR နှင့် UNDP တို့၏ လက်ရှိဆောင်ရွက်ချက်များကို အစားထိုးရန် မဟုတ်ဘဲ ပိုမိုအားဖြည့်ရန်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် နှစ်နိုင်ငံသဘောတူထားသော သြဂုတ် ၂၂ ရက်တွင် ASEAN-ERAT ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအဆင့်မြင့် အရာရှိကြီးများနှင့်အတူ ရခိုင်ပြည်နယ်ရှိ ပြန်လည်လက်ခံရေး စခန်းသို့ သွားရောက်၍ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် စောင့်ဆိုင်းခဲ့သော်လည်း အဆိုပါရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်း မရှိကြောင်း၊ သို့ရာတွင် ကော့ခ်ဘဇားရှိ နေရပ်စွန့်ခွာသူ ၂၃၀ ကျော်တို့သည် မိမိဆန္ဒအလျောက် မိမိအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ၎င်းတို့သည် လက်ရှိတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားသည်။

ထို့ပြင် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇားစခန်းအတွင်း၌ အာဆာ၏ အကြမ်းဖက်လှုပ်ရှားမှုများ အပါအဝင် အခက်အခဲများစွာရှိကြောင်း၊ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် စစ်မှန်သည့် နိုင်ငံရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့် နှစ်နိုင်ငံ သဘောတူညီမှုများကို အပြည့်အဝ လေးစားလိုက်နာမှုတို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ သဘောတူညီချက်များ၊ UNHCR၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့်ဆိုင် သဘောတူညီမှု များနှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိပြုထားကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အရေးကိစ္စသည် နှစ်နိုင်ငံအကြား ရွှေ့ပြောင်းသွားလာမှု ကိစ္စရပ်များ ပါဝင်သည့် ကိစ္စတစ်ရပ် ဖြစ်သဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အဓိက အဟန့်အတား ဖြစ်စေသည့် အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လျစ်လျူရှုလျက်ရှိကြောင်း၊ မကြာသေးမီက DWTV နိုင်ငံတကာ ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည့် သတင်း၌ ကော့ခ်ဘဇားစခန်းတွင် အာဆာ၏ စိုးရိမ်ဖွယ် လှုပ်ရှားမှုများကို ဖော်ပြထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် အာဆာ၏ လှုပ်ရှားမှုများကို ခွင့်မပြုရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မကြာသေးမီက မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင် ဝန်ကြီးအဆင့် အစည်းအဝေးတွင် ဒါကာမြို့ရှိ မြန်မာသံအမတ်ကြီး၊ တရုတ်သံမတ်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်တို့ ပါဝင်သော အလွတ်သဘော လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် သဘောတူခဲ့ကြကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ်တွင် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် ရှိစေလိုပါက အသိုက်အဝန်း အားလုံး၏ လုံခြုံရေးနှင့် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစိုးရ၏ စွမ်းဆောင်ရည် ပိုမိုတောင့်တင်း လာအောင် ကူညီပေးရန် လိုအပ်ကြောင်း၊ ချည့်နဲ့အားနည်းစေရန် မပြုလုပ်သင့်ကြောင်းနှင့် ပြဿနာ ဖြေရှင်းရာတွင် ရိုးသားစွာ အကူအညီပေးလိုသည့် မိတ်ဖက်များ၏ အကူအညီများကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။

 

Most Read

Most Recent