နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်၍ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆောင်ရွက်ရေး  ကာလုံခေါ်ရန်လိုအပ်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြောကြား

နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်၍ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆောင်ရွက်ရေး  ကာလုံခေါ်ရန်လိုအပ်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 1 October 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေများ၊ ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများနှင့်ပတ်သက်၍ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးလုံခေါ်ရန် လိုအပ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ စက်တင်ဘာ၂၈ ရက်က ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားအပေါ် မေးမြန်းမှုကို ပြန်လည်ဖြေကြားနေစဉ် “ဆိုလိုသည်မှာ ကာလုံခေါ်စေချင်တာလား” ဆိုသည့် သတင်းထောက်တစ်ဦး၏ ထပ်ဆင့်မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ခြေခြေမြစ်မြစ် သဘောပေါက်နားလည်မှုရှိဖို့ လိုတယ်။ အလကားနေရင်း ကာလုံ ဖွဲ့စည်းထားတာမဟုတ်ဘူး။ ဆောင်ကို ဆောင်ရွက်ရမယ့်ကိစ္စ၊ ကျွန်တော်တို့၊ အခုအခြေအနေတွေ ဖြစ်တယ်။ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေ၊ အမြဲတမ်းသုံးသပ်ပြီးတော့ အမြဲတမ်းဆွေးနွေး၊ အမြဲတမ်းတိုင်ပင်ပြီးတော့ အမြဲတမ်းဆုံးဖြတ်နေရမယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ဆုံးဖြတ်ရမယ်။ တရားဥပဒေနဲ့ ပတ်သက်လို့လည်း ဆုံးဖြတ်ရမယ်။ ဥပဒေပြုရေးပိုင်းတွေကလည်း ဆုံးဖြတ်။ အဲဒီဆုံးဖြတ်ချက်တွေချပြီးကာမှ ကျွန်တော်တို့က ဒီ  Security နဲ့ပတ်သက်လာရင် Top Down သွားရမယ်။ ဗြဲလရမ်းလုပ်ချင်သလို လုပ်လို့မရဘူး။ ခုနကပြောတဲ့ လုံခြုံရေးအခြေအနေတွေ ဖြစ်ပေါ်လာတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေဖြစ်နေတယ်။ ခုနကပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲလိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အခြေအနေတွေဖြစ်နေတယ်။ အားလုံးက ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ သွားရမယ်။ ဒါက တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်း၊ တစ်ဖွဲ့ရဲ့အကျိုးစီးပွား၊ တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို ရှေးရှုလို့မရဘူး။ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုရမယ်။ ဒီလောက်ဆိုရင်တော့ သဘောပေါက်မယ်ထင်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

လုံခြုံရေးသည် အားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လုံခြုံရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း ပြည်ပ အန္တရာယ်များ၊ စစ်ပွဲများမရှိရန်၊ တရားဥပဒေစိုးမိုးမှုများရှိရန်၊ နိုင်ငံသားများ အားလုံးသည် ဘဝကို လုံခြုံအေးချမ်းတည်ငြိမ်စွာနှင့် ဖြတ်သန်းနိုင်ရန် ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “ကျွန်တော်တို့က ဥပဒေစိုးမိုးရေးဘာလုပ်မှာလဲ။ နိုင်ငံတကာအခြေအနေနဲ့ ပတ်သက်ပြီး ဘာလုပ်မှာလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်လုံခြုံရေးအတွက် ဘာဥပဒေတွေပြဋ္ဌာန်းမှာလဲ။ ဘယ်လိုလူတွေတော့ တို့နိုင်ငံထဲကို အဝင်ခံလို့မရဘူး။ ဘယ်လိုလူတွေတော့ ဥပဒေအရ ဘယ်စည်းကမ်းတွေ ဖောက်ဖျက်လို့မရဘူးဆိုတာ ဥပဒေပြုအဖွဲ့အစည်းတွေက လိုအပ်တဲ့ဟာတွေ လိုအပ်ချက်မှန်သမျှ နိုင်ငံတော်ရဲ့ပေါ်ပေါက်လာတဲ့ အခြေအနေမှန်သမျှ ဆောင်ရွက်ရမယ်။ အဲဒီအတွက် ဘယ်သူဆုံးဖြတ်ပေးမှာလဲ။ ကျွန်တော်တို့အခြေခံဥပဒေမှာ ဖော်ပြထားပြီးသား။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သူတို့က ဒီကာလုံခေါ်တဲ့ ဒီအဖွဲ့အစည်းက စစ်ဖြစ်တော့မှ လုပ်မှာလား။ အကြောင်းအရာတစ်ခုခုဖြစ်ပေါ်မှ လုပ်မှာလား။ မဟုတ်ဘူးဗျ။ သူတို့က အမြဲတမ်း သုံးသပ်နေရမယ်” ဟု ပြောကြားသည်။

နိုင်ငံတကာနှင့်ပတ်သက်သည့် အခြေအနေများ၊ စိန်ခေါ်မှုများ၊ နိုင်ငံရေးနှင့်ပတ်သက်သည့် စဉ်းစားရန်အချက်များ၊ စီးပွားရေး၊ သယံဇာတ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနှင့် လူတိုင်းအတွက် Food Security စသည့် ကိစ္စရပ်များကိုလည်း စဉ်းစားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“နောက်ပြီးရင် နယ်နိမိတ်တွေ လုံခြုံရေး၊ နိုင်ငံတကာကယူဆတဲ့ Cyber Security၊ ပြီးရင် Social Security၊ ပြီးရင် So Many Security အများကြီး အဲဒီအတွက် ကျွန်တော်တို့က သက်ဆိုင်ရာဝန်ကြီးဌာနတွေ ဘယ်နှခုဖွဲ့စည်းမှာလဲ။ အဲဒီအဖွဲ့အစည်းတွေက ဒီ Security တွေရအောင် ဘယ်သူတွေ တာဝန်ခံပြီး ဆောင်ရွက်မှာလဲဆိုတဲ့ အဲဒီအပေါ်မှာခုနကပြောတဲ့ National Strategy၊ National Security Strategy ဒီလိုသွားရမှာ” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

 

 

Most Read

Most Recent