မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုထားသူများကို အမြန်ဆုံးလွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်တွန်းခဲ့ပြီး ICC သည် မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု ပြည်ထောင်စုဝန်ကြီး တုံ့ပြန်

မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုထားသူများကို အမြန်ဆုံးလွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်တွန်းခဲ့ပြီး ICC သည် မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု ပြည်ထောင်စုဝန်ကြီး တုံ့ပြန်
 ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အထွေထွေမူဝါ၏ရေးရာ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - MOFA)
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အထွေထွေမူဝါ၏ရေးရာ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - MOFA)
Published 1 October 2019
မင်းနိုင်စိုး

နေရပ်စွန့်ခွာသူများအရေး ဖြေရှင်းရာတွင် နှစ်နိုင်ငံ သဘောတူညီချက်များကို တိကျစွာလိုက်နာရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဆန္ဒပြုထားသူများကို အမြန်ဆုံးလွှဲပြောင်းပေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တိုက်တွန်းခဲ့သည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး ICC သည် မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့်မရှိဟု ပြည်ထောင်စုဝန်ကြီးက တုံ့ ပြန်ပြောကြားသည်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ၏ ပဥ္စမနေ့အစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် ရခိုင်အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ နေရပ်စွန့်ခွာသူများအရေးကိစ္စ ဖြေရှင်းရေးအတွက် အသင့်လျော်ဆုံးနည်းလမ်းဖြစ်တဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံကို ပြန်လိုကြောင်း ယခင်ကတည်းက ဆန္ဒပြုထားပြီးဖြစ်တဲ့သူများကိုလည်း ဆောလျင်စွာ ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုပါတယ်။ ဟိတ်ဟန်ကြီးကြီးနဲ့ တောင်းဆိုမှုအသစ်တွေ၊ ခြွင်းချက်အသစ်တွေ ပြုလုပ်နေမှုဟာ အချည်းနှီးသာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ်သည် နုနယ်ပြီးပြီး ပြည့်စုံမှုမရှိသေးကြောင်း၊ ဆင်းရဲနွမ်းပါးမှု လောင်းရိပ်အောက်က လွတ်မြောက်နိုင်ရန် ရုန်းကန်နေရချိန်၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးရရှိရန် ရုန်းကန်နေရချိန်တွင် ပြီးပြည့်စုံမှုမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေမှ အစပြု၍ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများအထိ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနေရကြောင်း၊ နက်နဲသော သမိုင်းကြောင်းများ အမြစ်တွယ်နေသည့် ရခိုင်အရေးကိစ္စသည် အဆိုပါစိန်ခေါ်မှုများထဲမှတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ရခိုင်အရေးကိစ္စသည် ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနေသော မြန်မာနိုင်ငံအတွက် အရှုပ်ထွေးဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ၏ လက်ရှိဦးစားပေးလုပ်ငန်းမှာ နေရပ်စွန့်ခွာသူများကို စိစစ်ပြီး ပြန်လည်လက်ခံရေးနှင့် ပြန်လည်ရောက်ရှိလာသူများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးပေးရေးတို့ဖြစ်ကြောင်း၊ ၎င်းက ပြောကြားသည်။

“ရခိုင်ပြည်နယ်ရဲ့ စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ စစ်မှန်တဲ့ စိတ်ဆန္ဒထက် ဒီမိုကရေစီနည်းလမ်းတကျ တင်မြှောက်ထားတဲ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ ပြည်သူတွေကို ရန်လိုမုန်းထားမှုတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကန့် ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး ICC လည်း အပါအဝင်ဖြစ်ပါတယ်။ ICC နဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ICC ဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့်မရှိပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကော့ဘဇားတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသည့် နေရပ်စွန့်ခွာသူများထဲတွင် နေထိုင်ခွင့် အဆင့်အတန်းအမျိုးမျိုးရှိသူများ ပါဝင်ကြပြီး မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ၎င်းတို့ကို ပြန်လည်လွှဲပြောင်းလက်ခံလိုသော ဆန္ဒရှိကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့်သူများကို သက်သေခံကတ်ပြားထုတ်ပေးရန် အဆိုပါသဘောတူညီချက်တွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံသားဥပဒေနှင့် ကိုက်ညီသောသူများကို နိုင်ငံသားကတ်ပြားထုတ်ပေးရမည်ဖြစ်ကြောင်း၊ ကျန်သူများကို NV ကတ်ပြားများ ထုတ်ပေးမည်ဖြစ်ကာ ယင်းကတ်ပြားများသည် အမေရိကန်နိုင်ငံတွင် လျှောက်ထားကြသော Green Card နှင့် ဆင်တူကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ကော့ဘဇားမှာရှိတဲ့ နေရပ်စွန့်ခွာသူများရဲ့ လက်ရှိအရေးကိစ္စကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ ဖြေရှင်းနိုင်ပြီး ဖြေရှင်းသွားရမှာလည်းဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ တောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း “Safe Zone” တည်ထောင်ဖို့ တောင်းဆိုမှုလည်းရှိပါတယ်။ ဒီလိုတောင်းဆိုမှုဟာ ခွင့်ပြုမှာလည်းမဟုတ်သလို ဘယ်လိုနည်းနဲ့မျှ ဖြစ်နိုင်မှာလည်းမဟုတ်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက်တွင် ICC ၏ရှေ့နေက ရခိုင်ပြည်နယ်ကိစ္စ စွပ်စွဲချက်များနှင့်ပတ်သက်၍ ကနဦးစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန်တောင်းဆိုခဲ့ပြီး အဆိုပါတောင်းဆိုမှုတွင် နေရပ်စွန့်ခွာမှု ဖြစ်ပေါ်စေခဲ့သော အာဆာအဖွဲ့၏ အပြစ်များကို တမင်ချန်လှပ်ထားခြင်း၊ ရှေ့နေအနေဖြင့် အပြည်ပြည်ဆိုင်ရာနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများနှင့်ပတ်သက်၍ အချက်အလက် အမှားအယွင်းများစွာ ပါဝင်သော အစီရင်ခံစာများအပေါ်တွင် အလွန်အကျွံယုံကြည်ထားခြင်းနှင့် မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်ကို လွဲမှားစွာပုံဖော်နေခြင်းကြောင့် အဆိုပါတောင်းဆိုမှုသည် ရှုပ်ထွေးသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း သီးခြားလွတ်လပ်သော ပညာရှင်များက သုံးသပ်ကြသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

 

 

Most Read

Most Recent