အာဖဂန်နစ္စတန်သမ္မတ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတစ်ဝန်း၌ လူတစ်ဦးထက်မနည်း သေဆုံးစေခဲ့သော မဲရုံဗုံးခွဲတိုက်ခိုက်မှုများကို အကြမ်းဖက်သမားများက လုပ်ဆောင်နေသော်လည်း အာဖဂန်ပြည်သူများသည် မဲရုံများသို့သွားရောက်ကာ ဆန္ဒမဲပေးခဲ့ကြသည်။
စက်တင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် သမ္မတရွေးကောက်ပွဲ ပထမအကျော့သည် သမ္မတအာရှက်ဖ်ဂါနီနှင့် ၎င်း၏ ပြိုင်ဘက် အဗ္ဗဒူလာအဗ္ဗဒူလာတို့အကြား အရေးပါသောပြိုင်ပွဲဟု ရှုမြင်ရသည်။ တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်ခြင်းကို စိုးရိမ်ပူပန်နေကြသည့် အာဏာပိုင်များသည် ကဘူးမြို့တွင်း၌ လုံခြုံရေးတင်းကျပ်ထားကာ ဆန္ဒမဲလာရောက်ပေးကြသည့် ပြည်သူများကို ပစ်မှတ်ထားသော သံသယရှိ အသေခံဗုံးခွဲသမားများ ဝင်ရောက်မလာစေရန်အတွက် မြို့တွင်းသို့ ကုန်တင်ကားများ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။
နန်ဂါဟာပြည်နယ်အရှေ့ပိုင်း ဂျာလာလာဘတ်ရှိ မဲရုံတစ်ခုအနီးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတစ်ခုအတွင်း လူတစ်ဦး သေဆုံးခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောခွင့်ရပုဂ္ဂိုလ် အတာလူလာကိုဂျာနီက ဆိုသည်။ ထို့ပြင် အခြားသောမဲရုံများအနီးတွင်လည်း အသေးစားပေါက်ကွဲမှု အများအပြား ဖြစ်ပွားခဲ့သည်။ အာဖဂန်တောင်ပိုင်း ကန်ဒါဟာမြို့ရှိ မဲရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ကြသည့် နှစ်လတာကာလအတွင်း ဗုံးခွဲတိုက်ခိုက်မှု တစ်သီတစ်တန်းလုပ် ဆောင်ခဲ့သော တာလီဘန်စစ်သွေးကြွအဖွဲ့သည် မဲရုံအများအပြားကို တိုက်ခိုက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။
အာဖဂန်ပြည်သူ ၉.၆ သန်းခန့်သည် မဲပေးရန် မှတ်ပုံတင်ထားကြသော်လည်း ၁၈ နှစ်ကြာ စစ်ပွဲအပြီး ပုန်ကန်ထကြွမှု များပြားနေသော နိုင်ငံကို စည်းလုံးညီညွတ်စေရန်၊ အခြေခံလူနေမှု လိုအပ်ချက်များ ပြည့်ဝစေ ရန်၊ တိုးတက်မှုရပ်တန့်နေသော နိုင်င့ံစီးပွား ရေးနှင့်လုံခြုံရေးကိုမြှင့်တင်ရန် ခေါင်းဆောင်တိုင်း ဆောင်ရွက်နိုင်သည်ဆိုသည့် အချက်အပေါ် အာဖဂန်ပြည်သူများက ယုံကြည်ချက်နည်းနေကြသည်။
“လုံခြုံရေးခြိမ်းခြောက်မှုတွေရှိနေတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဗုံးဖောက်ခွဲမှုတွေ၊ တိုက်ခိုက်မှုတွေဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတိုင်းမှာ ကြုံတွေ့နေရတဲ့ အရာတွေပဲလေ။ ကျွန်တော် မကြောက်ပါ ဘူး။ ကျွန်တော်တို့ ပြောင်းလဲမှုတွေကို လိုချင်ရင် မဲပေးရမှာပေါ့” ဟု အသက် ၅၅ နှစ်ရွယ် မဲဆန္ဒရှင်တစ်ဦးက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၏ စတုတ္ထအကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်းလုံးတွင် မဲရုံပေါင်း ၅၀၀၀ ခန့် ဖွင့်လှစ်ပေးထားသည်ဟု ခန့်မှန်းရသော်လည်း လုံခြုံရေးအခြေအနေကြောင့် မဲရုံရာပေါင်း များစွာကို ပိတ်ထားရသည်။ မဲရုံများ၏ လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ၇၂၀၀၀ ကို တာဝန်ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မဲမသမာမှု မရှိစေရန် မဲရုံဝန်ထမ်းများအား သင်တန်ပေးထားပြီး လက်ဗွေ စကင်ဖတ်သည့် စက်များအပြင် အခြားသော စက်ပစ္စည်းကိရိယာများ အသုံးပြုထားခြင်းကြောင့် ယခုတစ်ကြိမ်ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲသည် အသန့်ရှင်းဆုံး ရွေး ကောက်ပွဲဖြစ်လာလိမ့်မည်ဟု အာဖဂန် ရွေးကောက်ပွဲ တာဝန်ရှိသူများက ပြောကြားခဲ့သည်။














