တိုင်းရင်းသားများ၏ အမည်ရှေ့တွင် စော၊ ခွန်၊ မင်း စသည်ဖြင့် ထည့်သွင်းနိုင်ရန် ကာယကံရှင်သည် မှတ်ပုံတင်ရန်ဆောင်ရွက်သည့်အခါ ပြောဆိုရန်လိုအပ်ပြီး ပြန်လည်ပြင်ဆင်ရန်မှာ ပြည်ထောင်စုအဆင့်သို့ တင်ပြရကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ပြောကြား

တိုင်းရင်းသားများ၏ အမည်ရှေ့တွင် စော၊ ခွန်၊ မင်း စသည်ဖြင့် ထည့်သွင်းနိုင်ရန် ကာယကံရှင်သည် မှတ်ပုံတင်ရန်ဆောင်ရွက်သည့်အခါ ပြောဆိုရန်လိုအပ်ပြီး ပြန်လည်ပြင်ဆင်ရန်မှာ ပြည်ထောင်စုအဆင့်သို့ တင်ပြရကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ပြောကြား
Published 28 September 2019
ဘိုဘိုမြင့်

တိုင်းရင်းသားများ၏ အမည်အရှေ့တွင် စော၊ ခွန်၊ မင်း စသည်ဖြင့် ထည့်သွင်းနိုင်ရန် ကာယကံရှင်သည် မှတ်ပုံတင်ရန်ဆောင်ရွက်သည့်အခါ ပြောဆိုရန်လိုအပ်ပြီး ပြန်လည်ပြင်ဆင်ရန်မှာ ပြည်ထောင်စုအဆင့်သို့ တင်ပြရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး ဦးထွန်းမင်းအောင်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် သထုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ် အမှတ် (၂) မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံ သားစိစစ်ရေးကတ်ပြားအစရှိသည့် မှတ်တမ်းမှတ်ရာတွင် မှားယွင်းစွာထည့်သွင်းဖော်ပြခံရသော တိုင်းရင်းသားလူမျိုးများ၏ အမည် နာမဝိသေသနများကို ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိမရှိသိလိုကြောင်း မေးခွန်းအား ဝန်ကြီးဦးထွန်းမင်းအောင်က ပြန် လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေရဲ ့အမည်နာမဝိသေသန စရိုက်လက္ခဏာ မပျောက်ပျက်အောင် အမည်အရှေ့မှာ စော၊ ခွန်၊ မင်း စသည်ဖြင့် ထည့်သွင်းနိုင်ဖို့အတွက်ကို ကာယကံရှင်က လိုအပ်တာက မှတ်ပုံတင်လုပ်ဖို့ ဆောင်ရွက် တဲ့အခါမှာ ပြောဆိုဖို့လိုအပ်ပါမယ်။ နောက်တစ်ခုဖြစ်တဲ့ ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအရက မြို့နယ်၊ ခရိုင်၊ ပြည်နယ်ဦးစီးမှူးရုံးများကတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာန အဆင့်ကို တင်ရတဲ့ကိစ္စဖြစ်ပါတယ်” ဟု ဦးထွန်း မင်းအောင်က လွှတ်တော်အစည်းအဝေးအတွင်း ပြောကြားသည်။

ဗမာလူမျိုးတို့၏ အမည်နာမအရှေ့မှာ ဦး၊ ဒေါ်၊ ကို၊ မောင်၊ မ အစရှိသည်ဖြင့် နာမဝိသေသနများကို တပ်ဆင်ပြီးဖော်ပြခေါ်ဆိုလျက်ရှိကြောင်း၊ အလားတူ ကရင်တိုင်းရင်းသားများ၏ အမည်ရှေ့တွင်နန်း၊ စော၊ နော် အစရှိသည်ဖြင့် နာမဝိသေသနများကို တပ်ပြီး လေးလေးစားစား ခေါ်ဝေါ်ကြလေ့ရှိကြောင်း၊ မွန်တိုင်းရင်းသားများတွင်လည်း မင်း၊ နိုင်၊ မိ အစရှိသည်ဖြင့် နာမဝိသေသနများတပ်ကာ ခေါ်ဆိုကြလေ့ရှိကြောင်း၊ ပအိုဝ်းလူမျိုးများတွင်လည်း ခွန်၊ နန်းအစရှိသည်ဖြင့် နာမဝိ သေသနများတပ်ဆင်၍ လေးလေးစားစား ခေါ်ဝေါ်ကြလေ့ရှိကြောင်း၊ သို့ရာတွင် ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ စရိုက် လက္ခဏာများ မပျောက်ပျက်အောင် သန်း ခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအစရှိသည်ဖြင့် မှတ်တမ်းမှတ်ရာ များ၌ လူမျိုးနှင့် သက်ဆိုင်သည့်အခေါ်အ ဝေါ်များ ထည့်သွင်းရေးသားဖော်ပြပေးရန် အစီအစဉ်ရှိ မရှိ နှင့် ယခင်က မှားယွင်းစွာထည့်သွင်းဖော်ပြခံရသည်များကို တိုင်းရင်းသားများ၏ စရိုက်လက္ခဏာအမည်နာမဝိ သေသနများဖြင့် ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိကို တိုင်းရင်းသား လူမျိုးများ၏ ကိုယ်စားလွှတ်တော်မှတစ်ဆင့် မေးခွန်းမေးမြန်းရခြင်းဖြစ်ကြောင်း မေးခွန်း ရှင် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“ကျောင်းတွေမှာ မှတ်ပုံတင်လုပ်ရင်  ကလေးက သူ့ကိုသူ စောထည့်ရမလား။ မောင်ထည့်ရမလား။ မင်းထည့်ရမလား။ မသိကြဘူး။ ဒါက စာသင်ကျောင်းတွေမှာ မှတ်ပုံတင်လုပ်တဲ့အခါကျရင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ သဘောသဘာဝတွေ ပါ။ ဒီလိုအဖြစ်အပျက်မျိုးတွေက အများကြီး ရှိနေပါတယ်” ဟုဒေါ်ခိုင်ခိုင်လဲ့က ဆက်လက်ပြောကြားသည်။

ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ပေါ် ပေါက်လာသောကြောင့် အဆိုပါကိစ္စကို ပြန်လည်ပြင်ဆင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်သည့်အတွက် လွှတ်တော်မှတစ် ဆင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဆိုသည်။

“တိုင်းရင်းသားတွေက ပအိုဝ်းဆိုရင် လည်းပအိုဝ်း/ဗုဒ္ဓ၊ ကရင်ဆိုရင် ကရင်/ဗုဒ္ဓ၊ မွန်ဆိုရင် မွန်/ဗုဒ္ဓ အဲဒီလိုထည့်ချင်တယ်။ ဒါတွေကို တောင်းဆိုကြတာပေါ့နော်။ တိုင်း ရင်းသားတွေ သူတို့ရဲ့ဝိသေသလက္ခဏာဖြစ်တဲ့ ကရင်ဆိုရင် စော၊ နန်းသို့မဟုတ် နော်၊ ပအိုဝ်းဆိုရင် ခွန်၊ နန်း၊ မွန်ဆိုရင် နိုင်၊ မင်း သို့မဟုတ် မိ ထည့်ချင်တယ်” ဟု ဒေါ်စံဝင့်ခိုင် က ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent