ဂရီးဇ်မန်းအတွက် ယူရို ၃၀၀ သာ ဒဏ်ကြေးချမှတ်ခံရသော်လည်း ဘာစီလိုနာအသင်း အယူခံဝင်မည်

ဂရီးဇ်မန်းအတွက် ယူရို ၃၀၀ သာ ဒဏ်ကြေးချမှတ်ခံရသော်လည်း ဘာစီလိုနာအသင်း အယူခံဝင်မည်
Published 28 September 2019

 

ဘာစီလိုနာအသင်းသည် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဂရီးဇ်မန်း၏အပြောင်းအရွှေ့အတွက် ဒဏ်ကြေး ယူရို ၃၀၀ သာ ချမှတ်ခံရသော်လည်း ပြစ်ဒဏ်အတွက် အယူခံဝင်မည်ဖြစ်ကြောင်း သိရသည်။

ဂရီးဇ်မန်းသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် စာချုပ်လျော်ကြေး ယူရိုသန်း ၁၂၀ ဖြင့် အက်သလက်တီကို မှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ 

ဂရီးဇ်မန်းနှင့် အက်သလက်တီကိုအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်အရ စာချုပ်လျော်ကြေးမှာ ဇွန် ၃၀ ရက်အထိ ယူရို သန်း ၂၀၀ ဖြစ်သော်လည်း ဇူလိုင် ၁ ရက်မှ စ၍ ယူရိုသန်း ၁၂၀ သို့ လျော့ကျသွားခြင်းဖြစ်ပြီး ၎င်းက ယခုနွေရာသီတွင် လမ်းခွဲမည်ဖြစ်ကြောင်း မေ ၁၄ ရက်ကတည်းက ထုတ်ဖော်ပြောကြားခဲ့သည်။ 

သို့ဖြစ်ရာ အက်သလက်တီကိုအသင်းက ဘာစီလိုနာနှင့် ဂရီးဇ်မန်းတို့အကြား မတ်လကတည်းက ဆက်သွယ်ဆွေးနွေးမှုရှိသဖြင့် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၀၀ အပြည့်ရရှိလိုကြောင်း တိုင်ထားခြင်းဖြစ်သည်။ 

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ၏ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီးနောက် ဘာစီလိုနာအသင်းအနေဖြင့် စည်းမျဉ်းအမှတ် ၁၂၆ သာ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဒဏ်ကြေး ယူရို ၃၀၀ ပေးဆောင်ရန် စက်တင်ဘာ ၂၆ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သို့သော် ဘာစီလိုနာအသင်းက အမှားကျူးလွန်ခြင်းမရှိသောကြောင့် ဒဏ်ကြေးပေးဆောင်ပါက အပြစ်ဝန်ခံရာရောက်သဖြင့် အယူခံဝင်ရန် စီစဉ်နေခြင်းဖြစ်ပြီး အက်သလက်တီကိုအသင်းကလည်း အယူခံဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent