ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဟီဂွါအင်သည် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဟီဂွါအင်သည် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပါက အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၃၁) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းဟောင်း ရေးဗားပလိတ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိသည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့ခြင်း မရှိပေ။
ဟီဂွါအင်က "ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်က (၂)နှစ်ကျန်ပါသေးတယ်။ ကျွန်တော့်အနေနဲ့ အားလုံးအတွက် တံခါးဖွင့်ထားပါတယ်။ ရေးဗားပလိတ်အသင်းမှာ အရမ်းတော်တဲ့ နည်းပြတစ်ဦး ရှိသလို၊ ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ပြီးတော့ ရေးဗားပလိတ်အသင်းပရိသတ်တွေကလည်း ကျွန်တော့်ကို သဘောကျကြတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ ဂျူဗင်တပ်စ်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဟီဂွါအင်က ရီးယဲလ်မက်ဒရစ်အသင်းတွင် တွဲဖက်ကစားခဲ့ဖူးသည့် စီရော်နယ်လ်ဒိုနှင့် ဂျူဗင်တပ်စ်အသင်းတွင် ပြန်လည်လက်တွဲခွင့်ရသည့်အတွက် အလွန်ဝမ်းသာကြောင်းနှင့် စီရော်နယ်လ်ဒိုသည် ယခင်ကထက် များစွာရင့်ကျက်လာကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။
ဟီဂွါအင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၅ ခုနှစ်တွင် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်း၌ စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ယူရို (၁၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
ယင်းနောက် ဟီဂွါအင်သည် ၂၀၁၃ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းမှ နာပိုလီအသင်းသို့ ယူရိုသန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့ကာ ၂၀၁၈ ခုနှစ်တွင်မူ နာပိုလီမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရိုသန်း (၉၀) ဖြင့် ပြောင်းရွှေ့ခဲ့ပြန်သည်။
သို့သော် ဟီဂွါအင်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ၂၀၁၈-၁၉ ရာသီတွင် အေစီမီလန်၊ ချယ်လ်ဆီးအသင်းများသို့ အငှားချထားခြင်းခံခဲ့ရပြီး ယခုရာသီတွင်မှ ဂျူဗင်တပ်စ်အသင်းတွင် စီရော်နယ်လ်ဒိုနှင့်အတူ တွဲဖက်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ဟီဂွါအင်သည် ယခုရာသီ စီးရီးအေပွဲစဉ် (၅)ပွဲတွင် (၁)ဂိုးသာ သွင်းယူထားသည်။















