ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပေးအပ်ချီးမြှင့်မည့် FIFA The Best ကမ္ဘာ့ အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို အီတလီနိုင်ငံ မီလန်မြို့၌ စက်တင် ဘာ ၂၃ ရက် (ယနေ့) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
The Best ဆုပေးပွဲအခမ်းအနားကို မီလန်မြို့၌ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ် ပြီး အေစီမီလန်နှင့် နယ်သာလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ရုဒ်ဂူးလစ်၊ အီတလီရုပ်သံ တင်ဆက်သူ ဒမ်မီကိုက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုနှစ် အမျိုးသားအကောင်းဆုံးကစားသမားဆုအတွက် စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်/ပေါ်တူဂီ)၊ မက်ဆီ (ဘာစီလိုနာ်/အာဂျင်တီးနား) နှင့် ဗန်ဒိုက် (လီဗာပူးလ််/နယ်သာလန်) တို့ အပြီးသတ်ဆန်ခါတင်စာရင်းတွင် ရွေးချယ်ခံထားရပြီး အမျိုးသမီးကစားသမားဆု အတွက် လူစီဘရွန့်ဇ် (အင်္ဂလန်)၊ အဲလက်စ်မော်ဂန်နှင့် ရာပီနိုး (အမေရိကန်)၊ အမျိုးသား နည်းပြဆုအတွက် ဂွါဒီယိုလာ (မန်စီးတီး)၊ ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ ပိုချက်တီနို (စပါး)၊ အမျိုးသမီးနည်းပြဆုအတွက် အယ်လစ် (အမေရိကန်)၊ ဖီးလ်နဗီးလ် (အင်္ဂလန်) နှင့် ဝီမန်း (နယ်သာလန်) တို့ ရွေးချယ်ခံထားရကြောင်း သိရသည်။

၎င်းတို့အနက် ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် အမျိုးသားအကောင်းဆုံး ဆုအတွက် ၂၀၁၈-၂၀၁၉ ရာသီတွင် လီဗာပူးလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူနိုင်ခဲ့သည့် ဗန်ဒိုက်က ရေပန်းအစားဆုံး ဖြစ်နေသည်။
ဗန်ဒိုက်သည် ဥရောပဘောလုံး အဖွဲ့ချုပ်ချီးမြှင့်သည့် ၂၀၁၉ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးရရှိထားကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် ည ၈ နာရီခွဲ (မြန်မာစံတော်ချိန် အင်္ဂါနေ့နံနက် ၁ နာရီ)တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။















