၂၀၁၉ MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း တစ်ရာသီလုံးရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူး

၂၀၁၉ MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း တစ်ရာသီလုံးရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူး
Photos : Shan United FC
Photos : Shan United FC
Published 16 September 2019

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၂) ကို စက်တင်ဘာ ၁၅ ရက်က ကွင်းခြောက်ကွင်း၌ တစ်ပြိုင်နက်ကျင်းပရာ ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲတစ်လျှောက် ပထမဆုံး ရှုံးပွဲမရှိဘဲချန်ပီယံဆုရသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

အိမ်ကွင်း၌ သရေကစားနိုင်ခဲ့သည့် Southern အသင်း တန်းဆင်းဇုန်မှလွတ်မြောက်ခဲ့ပြီး ဒဂုံနှင့် Southern အသင်းတို့ တန်းဆင်းခဲ့ရသည်။ 

နောက်ဆုံးနေ့တွင် ရှမ်း ယူနိုက်တက်က ရခိုင်ကို (၄-၁) ဂိုး၊ ဧရာဝတီ က စစ်ကိုင်းကို (၆-၀) ဂိုး၊ ရန်ကုန်က မကွေးကို (၆-၁) ဂိုး၊  ဇွဲကပင်က ဟံသာဝတီကို (၂-၀)ဂိုး၊ ရတနာပုံက Southern ကို (၆-၂) ဂိုးဖြင့် အနိုင်ရပြီး Southern နှင့် ဒဂုံအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ 

ပွဲစဉ် (၂၁) အပြီးတွင် ချန်ပီယံဆုအတွက် သုံးသင်းအပြိုင်ဖြစ်နေပြီး နှစ်မှတ်အသာရထားသည့် ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ အနိုင်ရပါက ချန် ပီယံဆုရယူနိုင်မည်ဖြစ်သောကြောင့် အားကုန်ထုတ်ကစားသော်လည်း ပထမပိုင်းတွင် ဂိုးမရသောကြောင့် ရုန်းကန်ခဲ့ရသည်။ 

ရှမ်းယူနိုက်တက်အသင်း၏ ပွဲထွက်လူစာရင်းတွင် နိုင်ငံခြားသားကစားသမား သုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး တိုက်စစ်မှူး အီမန်နျူရယ်ကို 

ဒုတိယပိုငးမှ အသုံးပြုကာ ပွဲအစတွင် ဇင်မင်းထွန်းကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့သည်။ 

ရခိုင်အသင်းကလည်း အကောင်းဆုံးတုံ့ပြန်ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်း  ခက်ခက်ခဲခဲကစားခဲ့ရပြီး ၆၃ မိနစ်မှ အဖွင့်ဂိုးရခဲ့သည်။ 

ယင်းဂိုးကို လူစားဝင်တိုက်စစ်မှူး ဒွေးကိုကိုချစ်က သွင်းယူခဲ့သည်။ 

ဂိုးရပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းချုပ်ကစားသွားပြီး အနိုင်ဂိုးများကို ၆၈ မိနစ်တွင် ဝီလျံ၊ ၈၁ မိနစ် တွင် မက်ဆီမင်၊ ၈၇ မိနစ်တွင် ဒွေးကိုကိုချစ်တို့က ထပ်မံသွင်းယူကာ ရခိုင်အတွက်ချေပဂိုးကို ၈၄ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဆင်မြူရယ်က သွင်းယူခဲ့သည်။ 

ချန်ပီယံဆုမျှော်လင့်ချက်ရှိသည့် သုံးသင်းစလုံး အနိုင်ရသောကြောင့် ရှမ်းယူနိုက်တက်က ချန်ပီယံဖြစ်ပြီး ဧရာဝတီက ဒုတိယ၊ ရန်ကုန်က တတိယဆုရရှိခဲ့သည်။ 

ဧရာဝတီအသင်းမှာလည်း အိမ်ကွင်း၌ စစ်ကိုင်းကို ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့သည်။ 

ဧရာဝတီ အတွက် အနိုင်ဂိုးများကို ၁၉ မိနစ်တွင် စိုးမိုး ကျော်၊ ၂၁၊ ၆၄ မိနစ်တွင် ဆာဆက်၊ ၃၄ မိနစ်တွင် အောင်ကျော်နိုင်၊ ၄၂ မိနစ်တွင် မာတူနာ၊ ၉၀+၃ မိနစ်တွင် အောင်ကောင်းမာန်တို့က သွင်းယူသည်။ 

ရန်ကုန်အသင်းမှာလည်း နောက်ဆုံးပွဲကို ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ပွဲသိမ်းနိုင်ခဲ့ပြီး သုံးမိနစ်တွင် သန်းပိုင်၊ ၅၄ မိနစ်တွင် မောင်မောင်လွင်၊ ၆၃ မိနစ်တွင် ဆယ်လာ၊ ၇၃၊ ၇၈ မိနစ်တွင် စိုးမင်းနိုင်၊ ၉၀+၂ မိနစ်တွင် သူရိန်စိုးတို့က သွင်းယူပြီး မကွေးအတွက် ချေပဂိုးတစ်ဂိုးကို ၈၃ မိနစ်တွင် ပြည်မိုးက သွင်းယူခဲ့သည်။ 

MNL ပြိုင်ပွဲတစ်လျှောက် တစ်ရာသီ လုံး ရှုံးပွဲမရှိသည့် ဒုတိယမြောက်အသင်းအဖြစ် ရှမ်းယူနိုက်တက်အသင်းက မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၁ ရာသီတွင် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သည့် ဧရာဝတီအသင်းမှာ ဒုတိယသာရခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်းက ပထမဆုံး ရှုံးပွဲမရှိချန်ပီယံဆုရသည့်အသင်းဖြစ်လာသည်။

 

Most Read

Most Recent