စတာလင်အနေဖြင့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ခြေရာနင်းနိုင်သူ ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်တွင်မူ ၎င်းတို့အဆင့်အတန်းမျိုးမရောက်သေးဟု ဂွါဒီယိုလာ သုံးသပ်

စတာလင်အနေဖြင့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ခြေရာနင်းနိုင်သူ ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်တွင်မူ ၎င်းတို့အဆင့်အတန်းမျိုးမရောက်သေးဟု ဂွါဒီယိုလာ သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 15 September 2019

၎င်းသည် ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲစုံ ၂၅ ဂိုးသွင်းယူကာ ကစားသမားဘဝ ဂိုးအများဆုံးရာသီအဖြစ် ရပ်တည် နိုင်ခဲ့သလို အင်္ဂလန်အသင်းအတွက် လည်း ယခုနှစ်အတွင်း ခြောက်ပွဲကစား ခြောက်ဂိုးအထိ သွင်းယူပေးထားသည်။ 

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အင်္ဂလန်ကြယ်ပွင့်ကစားသမား စတာလင်အနေဖြင့် မက်ဆီ နှင့် စီရော်နယ်လ်ဒိုတို့ခြေရာနင်းနိုင်သူ ဖြစ်လာနိုင်ခြေရှိသော်လည်း လက်ရှိအချိန်တွင်မူ ၎င်းတို့အဆင့်အတန်းမျိုး မရောက်သေးကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်သာရှိသေးသည့် စတာလင်သည် ဂွါဒီယိုလာ လက်ထက်တွင် တိုးတက်မှုအရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရာသီက စံချိန်တင်အဖြစ် ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲစုံ ၂၅ ဂိုးသွင်းယူကာ ကစားသမားဘဝ ဂိုးအများဆုံးရာသီအဖြစ် ရပ်တည် နိုင်ခဲ့သလို အင်္ဂလန်အသင်းအတွက် လည်း ယခုနှစ်အတွင်း ခြောက်ပွဲကစား ခြောက်ဂိုးအထိ သွင်းယူပေးထားသည်။ 

သို့ဖြစ်ရာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က စတာလင်အနေဖြင့် လက်ရှိပုံစံကောင်းကို ဆက်ထိန်းထားနိုင်ပါက မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့နှင့် တန်းတူဖြစ်လာနိုင်ကြောင်း ချီးကျူး ပြောကြားခဲ့ပြီး လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ကာရေဂါ ကလည်း စတာလင်သည် အနာဂတ်တွင် Ballon d'Or အကောင်းဆုံးဆု ရရှိနိုင်သူဖြစ်ကြောင်း သုံးသပ်ပြောကြားထားသည်။

၎င်းတို့၏ ချီးကျူးစကားနှင့် ပတ်သက်၍ ဂွါဒီယိုလာက "အခု လောလောဆယ်မှာတော့ ရာဟင် (စတာလင်) က အဲဒီအဆင့်မျိုး မရောက်သေးပါဘူး။ ဒါပေမဲ့ အနာဂတ်မှာတော့ ဖြစ်လာနိုင်ဖို့ ကျွန်တော်လည်း ဆန္ဒပြုပါတယ်။ ဒါက သူ့အတွက်ရော ကျွန်တော်တို့အားလုံးအတွက် အိပ်မက်တစ်ခုဖြစ်ပါလိမ့်မယ်။ စွမ်းဆောင်ရည်တစ်သတ်မတ်တည်းရှိတဲ့ သူတို့နှစ်ယောက် (မက်ဆီနှင့် စီရော်နယ်လ်ဒို) က ဂန္ထဝင်တွေဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ ပြိုင်ဘက်ကင်းတွေပါ။ ရာဟင်သာ အဲဒီအခြေအနေရောက်လာမယ်ဆိုရင် အရမ်းကောင်းမှာပါ။ ကျွန်တော်တို့က သူ့ကိုပံ့ပိုးကူညီပေးမှာဖြစ်သလို သူကိုယ်တိုင်လည်း လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ သူတို့နှစ်ယောက် နဲ့ နှိုင်းယှဉ်ရမယ့်သူက ဒီအသင်းမှာရော ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ကလပ်အသင်းမှာမှ မရှိသေးပါဘူး။ သူတို့က ရက်သတ္တပတ်တိုင်း အံ့အားသင့်စရာစွမ်းဆောင်ရည်ကို ၁၀ နှစ်ကြာတဲ့အထိ ပြသလာသူတွေပါ။ သူတို့နဲ့ နှိုင်းယှဉ်လို့ရမယ့်သူ မရှိသေးပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက "ရာဟင်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ တစ်ဦးချင်းကျော်ဖြတ်မှုတွေ လုပ်နိုင်ပေမဲ့ အဆုံးသတ်ပိုင်းတော့ အများကြီးမလုပ်နိုင်သေးပါဘူး။ အခုအချိန်မှာ သူက ပွဲတွေအနိုင်ရဖို့ ကိုယ်တိုင် စွမ်းဆောင်နိုင်တဲ့သူဖြစ်နေပါပြီ။ ဒါက အကြိမ်ကြိမ်အခါခါလေ့ကျင့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ပါပဲ။ ဂိုးတွေသွင်းနိုင်တယ်ဆိုတာ ဂိုးအရှေ့ကိုရောက်နေလို့ပါ။ အဲဒီနေရာမှာရှိမနေဘူးဆိုရင် ဂိုးလည်းသွင်းနိုင်မှာမဟုတ်ပါဘူး။ အစပိုင်းတုန်းက ဂိုးအရှေ့မှာ သူရှိမနေပေမဲ့ အခုဆိုရင် အမြဲတမ်းရှိနေတတ်ပါတယ်။ သူ့ဆီမှာ ဂိုးသွင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ သိပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။