ပါရီမြို့တော်ဝန် အန်နီဟီဒယ်လ်ဂိုက အသင်းမပြောင်းရွှေ့ဖြစ်ဘဲ PSG အသင်းတွင် ဆက်ရှိနေသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ချန်ပီယံလိဂ်ဖလား ရယူပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ပါရီမြို့တော်ဝန် အန်နီဟီဒယ်လ်ဂိုက အသင်းမပြောင်းရွှေ့ဖြစ်ဘဲ PSG အသင်းတွင် ဆက်ရှိနေသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ချန်ပီယံလိဂ်ဖလား ရယူပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟီဒယ်လ်ဂိုသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း PSG အသင်း၏ အမာခံပရိသတ်ဖြစ်ပြီး အိမ်ကွင်းပွဲစဉ်များကို ပုံမှန်လာရောက်အားပေးလေ့ရှိသူလည်းဖြစ်သည်။
ထို့ကြောင့် နေမာကို PSG အသင်း ခေါ်ယူခဲ့စဉ်က အီဖယ်လ်မျှော်စင်တွင် နေမာ၏အမည် ရေးသားပြီး PSG အသင်းကို ကိုယ်စားပြုသည့် အနီ၊ အပြာမီးရောင်များထွန်းညှိကာ ဂုဏ်ပြုကြိုဆိုပေးခဲ့ကြောင်းလည်း သိရှိရသည်။
သို့သော် နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်း၌ မပျော်ပိုက်ဟုဆိုကာ အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့သည့်အတွက် PSG ပရိသတ်များ၏ ငြိုငြင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ယင်းအခြေအနေကြောင့် နေမာအနေဖြင့် ပရိသတ်များ၏ ခွင့်လွှတ်မှု ပြန်လည်ရရှိရန် တုံ့ပြန်ပေးဆပ်ရမည်ဟု ဟီဒယ်လ်ဂိုက ဆိုခဲ့ခြင်းလည်းဖြစ်သည်။ အင်တာဗျူးအစီအစဉ်တစ်ခုတွင် ဟီဒယ်လ်ဂိုက "နေမာ၊ မင်းအနေနဲ့ ငါတို့ အောင်ပွဲရဖို့ ကူညီပေးရလိမ့်မယ်။ မင်းကို ငါတို့ နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့သလို၊ အများကြီးလည်း ချစ်ခင်အားပေးခဲ့ကြတယ်။ ဒါကြောင့် မင်းကိုခေါ်ယူခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ဖို့ လိုအပ်တယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
နေမာသည် ယခုတစ်ပတ်ယှဉ်ပြိုင်ကစားရမည့် စထရာဘိုးနှင့်ပွဲတွင် PSG အသင်းအတွက် ပြန်ကစားဖွယ်ရှိကြောင်းလည်း သိရှိရသည်။















