ဟောင်ကောင်တက်ကြွလှုပ်ရှားသူအား တွေ့ဆုံမှုနှင့်ပတ်သက်၍ တရုတ်က ဂျာမန်သံအမတ်ကြီးကို ဆင့်ခေါ်

ဟောင်ကောင်တက်ကြွလှုပ်ရှားသူအား တွေ့ဆုံမှုနှင့်ပတ်သက်၍ တရုတ်က ဂျာမန်သံအမတ်ကြီးကို ဆင့်ခေါ်
 စက်တင်ဘာ ၁၁ ရက်တွင် ဘာလင်၌ သတင်းစာရှင်းလင်းပွဲတွင် ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင် (ယာ)အား တွေ့ရစဉ်
စက်တင်ဘာ ၁၁ ရက်တွင် ဘာလင်၌ သတင်းစာရှင်းလင်းပွဲတွင် ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင် (ယာ)အား တွေ့ရစဉ်
Published 12 September 2019
Ref: AFP

အာရှ၏ ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသောဆန္ဒပြမှုများ ကျယ်ပြန့်လာခြင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးမိတ်ဖက် အင်အားကြီးနှစ်နိုင်ငံအကြား အချင်းများမှု အရှိန်မြင့်တက်နေစဉ် ဟောင်ကောင်တက်ကြွလှုပ်ရှားသူ ဂျိုရှာဝေါင်အား ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက လက်ခံတွေ့ဆုံမှုနှင့် ပတ်သက်၍ တရုတ်က ဂျာမန်သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ကြောင်း တရုတ်သံတမန်တစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၂၂ နှစ်ရှိ ဝေါင်သည် စက်တင်ဘာ ၉ ရက်နှောင်းပိုင်းတွင် ဂျာမနီ၏မြို့တော်၌ နေ့စဉ်သတင်းစာ Bild က စီစဉ်ခဲ့သော အခမ်းအနားတစ်ခုတွင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဟေးကိုမားစ်နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုသည်မလေးမစားပြုလုပ်မှုဖြစ်ကြောင်း တရုတ်က တံဆိပ်ကပ်ခဲ့သည်။

ပေကျင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမန်သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ကြောင်း ဂျာမနီဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူကင်က ပြောကြားခဲ့သော်လည်း အသေးစိတ်မပြောခဲ့ပေ။ ထိုတွေ့ဆုံမှုနှင့် ပတ်သက်၍ တရုတ်ဘက်ခြမ်းက အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်းနှင့် ယင်းကိစ္စအား အပြင်းအထန် ဆန့်ကျင်ကြောင်း၊ ထိုဖြစ်ရပ်သည် နှစ်နိုင်ငံဆက်ဆံရေးအား အလွန်အနုတ်သဘောဆောင်သော သက်ရောက်မှုဖြစ်လာမည်ဖြစ်ကြောင်း ဝူက ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် မငြိမ်သက်မှုဖြစ်ရခြင်းနှင့်ပတ်သက်၍ တရုတ်က ပြည်ပအင်အားစုများ အထူးသဖြင့် အမေရိကန်၏ လက်ချက်ဖြစ်သည်ဟု ပုံမှန် စွပ်စွဲခဲ့သည်။

အစွန်းရောက်အချို့သည် ၎င်းတို့၏ ခွဲထွက်ရေးရည်မှန်းချက်များအား ဖုံးကွယ်ရန်အတွက် ဒီမိုကရေစီကို မျက်နှာဖုံးအဖြစ် အသုံးချနေကြောင်း ဝူက စွပ်စွဲခဲ့သည်။

သို့သော် စက်တင်ဘာ ၁၁ ရက်အစောပိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဝေါင်က သူသည် ခွဲထွက်ရေးသမားတစ်ဦး မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပြီး ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်တွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရန်သာ လိုလားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟောင်ကောင်သည် ဘာလင်သစ်ဖြစ်ကြောင်း လူငယ်တက်ကြွလှုပ်ရှားသူ ဝေါင်က ကွန်မြူနစ် အရှေ့ဂျာမနီနှင့် ဒီမိုကရက်တစ် အနောက်ဂျာမနီတို့အကြား ပိုင်းခြားထားသော ဘာလင်တံတိုင်းအား ဆန္ဒပြသူများက ဖြိုချခဲ့မှုကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

ပြီးခဲ့သော ဆယ်စုနှစ်သုံးခုခန့်က မည်သူကမျှ ဆိုဗီယက်ယူနီယံပြိုလဲသွားမည်ဟု မမျှော်လင့်ထားကြကြောင်း၊ မည်သူကမျှ ဘာလင်တံတိုင်း ပြိုလဲသွားမည်ဟု ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြောင်း၊ မိမိတို့၏ ဖိအားပေးမှုများနှင့် စိတ်ပိုင်းဖြတ်မှုနှင့်အတူ ကမ္ဘာကြီး သည် ဟောင်ကောင်ပြည်သူများ ဒီမိုကရေစီနှင့် ထိုက်တန်ကြောင်းကို သတိပြုမိစေရန်သာ မျှော်လင့်ကြောင်း ဝေါင်က ပြောကြားခဲ့သည်။

တရုတ်က ဟောင်ကောင်လွတ်လပ်ရေးအတွက် ကြိုးပမ်းသည့် မည်သည့်လှုပ်ရှားမှုကိုမဆို သည်းခံသွားမည်မဟုတ်ကြောင်း အကြိမ်ကြိမ်သတိပေးခဲ့ပြီး မည်သည့်ခွဲထွက်ရေးအဖွဲ့ကိုမဆို ပြင်းပြင်းထန်ထန် ဖြိုခွင်းသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်အား တရုတ်ထံ လွှဲပေးခဲ့သည့်သဘောတူညီချက်တွင် ပေးခဲ့သောကတိများကို ဝေါင်က ထောက်ပြခဲ့သည်။ ၁၉၉၇ ခုနှစ်မတိုင်မီ ပေကျင်းက ဟောင်ကောင်ပြည်သူများအား လွတ်လပ်သောရွေးကောက်ပွဲကျင်းပနိုင်ရန် အခွင့်အရေးများ ရရှိစေရမည်ဟု ကတိပြုခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် မိမိတို့သည် ဒီမိုကရေစီကို ရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝေါင်က ပြောကြားခဲ့သည်။                                            

 

 

Most Read

Most Recent