ရော့ကတ်များဖြင့် ဆက်လက်ပစ်ခတ်နေပါက ဂါဇာတွင် စစ်ပွဲသစ်ဖြစ်နိုင်ကြောင်း နေတန်ယာဟု သတိပေး

ရော့ကတ်များဖြင့် ဆက်လက်ပစ်ခတ်နေပါက ဂါဇာတွင် စစ်ပွဲသစ်ဖြစ်နိုင်ကြောင်း နေတန်ယာဟု သတိပေး
စက်တင်ဘာ ၄ ရက်တွင် ဟီဘရွန်မြို့၌ အခမ်းအနားတစ်ခုတွင် နေတန်ယာဟုက စကားပြောနေစဉ်
စက်တင်ဘာ ၄ ရက်တွင် ဟီဘရွန်မြို့၌ အခမ်းအနားတစ်ခုတွင် နေတန်ယာဟုက စကားပြောနေစဉ်
Published 12 September 2019
 Ref: AP

ဂါဇာမှနေ၍ ရော့ကတ်များဖြင့် ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက ဂါဇာကမ်းမြောင်တွင် စစ်သွေးကြွများအား နှိမ်နင်းသည့် နောက်ထပ်စစ်ပွဲတစ်ပွဲသည် မလွဲဧကန်ဖြစ်လာမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စက်တင်ဘာ ၁၂ ရက်တွင် သတိပေးခဲ့ရာ အစ္စရေး၌ ပါလီမန်ရွေးကောက်ပွဲများ မကျင်းပမီ ရက်ပိုင်းအလိုတွင် ၎င်းက သတင်းခေါင်းစီးတွင် ပါဝင်စေမည့် ကြေညာချက်ကို နောက်ဆုံးပြောကြားခဲ့ခြင်းဖြစ်သည်။

ဂါဇာအား တိုက်ခိုက်ရန် ကြိုတင်အစီအစဉ်များရှိကြောင်း နေတန်ယာဟုက ထုတ်ဖော်ပြောကြားခဲ့ပြီး ဂါဇာတွင် အုပ်ချုပ်နေသည့် ဟားမားစ်များသည် နေ့စဉ်တရစပ်တိုက်ခိုက်လာမှုများအား ဟန့်တားရန်လိုလားမည် သို့မဟုတ် စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်းကို ထောက်ဆလျက် ထိုးစစ်ဆင်ရန် အကောင်းဆုံးဖြစ်မည့်အချိန်ကို ၎င်းက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

အစ္စရေးတောင်ပိုင်းမှ ဒေသခံများက အမြဲလိုလို အကာအကွယ်ယူ တိမ်းရှောင်ခဲ့ရသည့် ရော့ကတ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်နေမှုများအား တုံ့ပြန်ရန် ပျက်ကွက်ခဲ့မှုအတွက် နေတန်ယာဟုသည် ဝေဖန်ပြစ်တင်ခံနေရသည်။ စက်တင်ဘာ ၁၀ ရက်တွင်  ပါလက်စတိုင်း စစ်သွေးကြွများက နေတန်ယာဟု ရှိနေသည့်နေရာတစ်ခုကို ဦးတည်၍ ရော့ကတ်ဖြင့် ပစ်ခတ်မှုကြောင့် အစ္စရေးခေါင်းဆောင်သည် မဲဆွယ်စည်းရုံးရေးအခမ်းအနားတစ်ခုမှနေ၍ ကိုယ်ရံတော်များဖြင့် ချက်ချင်းထွက်ခွာခဲ့ရသည်။

နောက်ဆုံး မတတ်သာသည့်အခြေအနေ မဟုတ်လျှင် မိမိသည် စစ်ပွဲကို ရွေးချယ်မဟုတ်ကြောင်း၊ သြဘာပေးမှု ရရှိရန်တစ်ခုတည်းအတွက် မိမိတို့၏ စစ်သားများနှင့် အရပ်သားများအား အသက်အန္တရာယ် စွန့်စားရမှုကို မလိုလားကြောင်း နေတန်ယာဟုက Kan Reshet Bet Radio နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ မိမိတို့တွင် ရွေးချယ်စရာမရှိသည့် အခြေအနေ ကြုံရနိုင်ကြောင်း၊ သို့သော် ဂါဇာရှိ အကြမ်းဖက်အဖွဲ့များအား စစ်ပွဲဆင်နွှဲမည့် ဧရာမအစီအစဉ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့ အသင့်မဖြစ်သေးမီ ထိုစစ်ပွဲအား စတင်မည်မဟုတ်ကြောင်း၊ မိမိတို့သည် ကွဲပြားသော စစ်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်နေရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ရုရှားသို့ မသွားရောက်မီတွင် နေတန်ယာဟုက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်းပင် နေတန်ယာဟုက အာရပ်များ မဲပေးမည့်ဧရိယာများတွင် လိမ်လည်မှုများ ရှိနေကြောင်း စွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ လုံခြုံရေး ကင်မရာများတပ်ဆင်ရန် ခွင့်ပြုသည့် ဥပဒေကြမ်းတစ်ရပ်ကို ပြဋ္ဌာန်းရန် ၎င်းက ဖိအားပေးနေသည်။ ထို့ပြင် ယခင်က သိရှိထားခြင်းမရှိသော အီရန်၏ နျူကလီးယားလက်နက်စက်ရုံသစ်ကို တွေ့ရှိခဲ့ကြောင်းလည်း အခိုင်အမာ ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရပါက ဝက်စ်ဘင့်၏ ဗဟိုချက်အား တိုက်ခိုက်သိမ်းယူမည်ဖြစ်ကြောင်းလည်း နေတန်ယာဟုက ကတိပြုခဲ့သည်။ Jordan Valley ကို ကျော်လွန်၍ အစ္စရေး၏ နယ်နိမိတ်ကို ချဲ့ထွင်ရန် နေတန်ယာဟု၏ ကတိပြုမှုသည် နိုင်ငံတကာ၏ ကန့်ကွက်ရှုတ်ချမှုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုကတိအတိုင်း အမှန်တကယ် အကောင်အထည်ဖော်ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေအား ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ်က သတိပေးခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အစ္စရေးနှင့် ဆက်ဆံရေးနီးကပ်လာခဲ့သည့် ဒေသတွင်း သြဇာကြီး ဆော်ဒီအာရေဗျကလည်း နေတန်ယာဟု၏ ကတိပြုမှုအား ရှုတ်ချခဲ့သည်။                                                  

 

 

Most Read

Most Recent