ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏နေရာအား ဆက်ခံမည့်သူကို ခန့်မှန်းမှု ထွက်ပေါ်စေခဲ့သော အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ခဲ့စဉ်အတွင်း နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးသစ်များအား ခန့်အပ်ခဲ့ပြီး လူကြိုက်များသော တက်သစ်စ လူငယ်နိုင်ငံရေးသမား တစ်ဦးကိုလည်း ရာထူးတိုးမြှင့်ပေးခဲ့သည်။
အလွန်အမင်း လူကြိုက်များခဲ့သော ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရိုကိုအိဇူမိ၏ သားဖြစ်သူ အသက် ၃၈ နှစ်ရှိ ရှင်ဂျီရို ကိုအိဇူမိအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့မှုသည် အာဘေး၏ခေတ် ကုန်ဆုံးရန် နီးကပ်လာနေသည့် လက္ခဏာအဖြစ် နိုင်ငံရေးအလွှာများက ခန့်မှန်းနေကြသည်။
နိုင်ငံရေးတွင် သက်ကြီးပိုင်းများကသာ လွှမ်းမိုးထားလေ့ရှိသော ဂျပန်၌ ရှင်ဂျီရိုကိုအိဇူမိသည် ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း အစိုးရအဖွဲ့၌ ခန့်အပ်ခံခဲ့ရသော တတိယမြောက် အသက်ငယ်ဆုံးဝန်ကြီး ဖြစ်လာခဲ့သည်။ မီဒီယာများတွင် အဆက်မပြတ် ဖော်ပြခံခဲ့ရသော်လည်း ရှင်ဂျီရိုကိုအိဇူမိသည် ၎င်း၏မူဝါဒကို ထုတ်ဖော်ပြောရန် တွန့်ဆုတ်နေပုံရပြီး အထူးသဖြင့် နျူကလီးယားအား ဆန့်ကျင်ရပ်တည်ခဲ့သည့် ဖခင်ဖြစ်သူနှင့် ကွဲလွဲလျက် နျူကလီးယား စွမ်းအင်ဆိုင်ရာ မူဝါဒကို ပြောင်းလဲရပ်တည်ခြင်း ရှိ၊ မရှိသည် အလွန်အမင်း စေ့စေ့စပ်စပ် စောင့်ကြည့်ခံနေရသည်။
အာဘေးသည်လည်း လာမည့် နိုဝင်ဘာတွင် ဂျပန်၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမည် ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ခေါင်းဆောင်အဖြစ် ရွေးကောက်ခံမှုမှ နုတ်ထွက်မည်ဟု မျှော်လင့်ရသည်။
အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရရှိရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့သည့် ဆုလာဘ်အဖြစ် တိုရှီမစ်ဆူမိုတီဂီသည် နိုင်ငံခြားရေး ဝန်ကြီးသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အသက် ၆၃ နှစ်ရှိ မိုတီဂီသည် ဟားဗတ်ကျောင်းဆင်း ၀ါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် အောက်လွှတ်တော်အမတ် နေရာအတွက် အနိုင်မရမီ Mc – Kinsey အဖွဲ့၏ အကြံပေး တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရာထူးမှထွက်ခွာမည့် တာရိုကိုနိုက ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံခဲ့ရရာ အိမ်နီးချင်း တောင်ကိုရီးယားနှင့် ဆက်ဆံရေး ဆိုးရွားနေစဉ် သဘောထား ပိုမိုတင်းမာစွာ ရပ်တည်ရန် လုပ်ဆောင်ခြင်းဟု ရှုမြင်ခံခဲ့ရသည်။ လူမှုမီဒီယာတွင် ပြည်သူများနှင့် အပြန်အလှန် ဆက်သွယ်ပြီး ပျော်မြူးစေခဲ့သော ကိုနိုသည် ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများအား သက်ရောက်စေခဲ့သော ဆိုးလ်နှင့် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အချင်းများမှုတွင် တင်းမာစွာ ရပ်တည်ခဲ့သည်။
အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်မှုများသည် အများအားဖြင့် ဂျပန်ဝန်ကြီးချုပ်ရုံးကသာ စီမံလေ့ရှိသော သံတမန်ရေးရာ မူဝါဒများကို ကြီးမားသော ပြောင်းလဲမှုများ ဖြစ်စေမည် မဟုတ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။ သို့သော် အာဘေး၏ နေရာဆက်ခံမည့် ပြိုင်ပွဲတွင် မိုတီဂီအား စတင်ထည့်သွင်းဖွယ်လည်း ရှိကြောင်း အကြံပေးအဖွဲ့ Teneo မှ ဂျပန်နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ Tobias Harris က ပြောကြားခဲ့သည်။
အာဘေးသည် ၎င်း၏လူယုံများဖြစ်သော တာရိုအာဆိုအား ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်နှင့် ယိုရှီဟီဒေ ဆူဂါအား သြဇာကြီးသော အစိုးရအဖွဲ့ အတွင်းဝန်အဖြစ် မူလရာထူးများတွင် ဆက်လက် ခန့်အပ်ခဲ့သည်။
Ref : AFP














