အီရန် နျူကလီးယား လက်နက်စခန်းသစ်ကို တွေ့ရှိခဲ့ဟု အစ္စရေးဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြား

အီရန် နျူကလီးယား လက်နက်စခန်းသစ်ကို တွေ့ရှိခဲ့ဟု အစ္စရေးဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြား
စက်တင်ဘာ ၉ ရက်တွင် ဂျေရုဆလင်၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo: AP)
စက်တင်ဘာ ၉ ရက်တွင် ဂျေရုဆလင်၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (Photo: AP)
Published 10 September 2019
Ref: AP

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက အီရန်၏နျူကလီးယားလက်နက်စခန်းသစ်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ထိုနေရာသည် ယခင်က သိရှိထားခဲ့ခြင်း မရှိသောနေရာဖြစ်ကြောင်း စက်တင်ဘာ ၉ ရက် က ပြောကြားခဲ့သည်။

ဗီယင်နာတွင် ကုလသမဂ္ဂ နျူကလီး ယားအေဂျင်စီ၏ အစည်းအဝေး ကျင်းပနေစဉ် နေတန်ယာဟု၏ကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုအစည်းအဝေးတွင် အီရန်ကို ပိုမိုပြင်းထန်သော အရေးယူမှုချမှတ်မည်ဟု နေတန်ယာဟုက မျှော်လင့်ထားသည်။ အစ္စရေးရွေးကောက်ပွဲများ နောက်ဆုံးအဆင့် ရောက်ရှိနေချိန်တွင် ထွက်ပေါ်လာသော နေတန်ယာဟု၏ ကြေညာချက်ကို မဲဆွယ်လှုပ်ရှားမှု စတန့်ဟု အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။

အီရန်အလယ်ပိုင်းမှ အဘာဒါးမြို့တွင် တည်ရှိသော နျူကလီးယားလက်နက်စခန်းကို အစ္စရေးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အစ္စရေး အေးဂျင့်များသည် အီရန်ဂိုထောင်တစ်ခုမှ ခိုးယူခဲ့သော အထောက်အထားများမှ သတင်း အချက်အလက်များကို အသုံးပြု၍ စခန်းသစ်ကို ခြေရာခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု နေတန်ယာဟုက ဆိုသည်။ မြို့တော်တီဟီရန်၏အ ရှေ့တောင်ဘက် မိုင် ၃၀၀ အကွာတွင်ရှိသော အဘာဒါးမြို့သည် ကော်ဇောများအတွက် ကျော်ကြားသည့် မြို့ငယ်တစ်ခုဖြစ်သည်။

အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သော်လည်း မည်သို့သော စမ်းသပ်မှုဆိုသည်ကို အသေးစိတ်မပြောကြားခဲ့ပေ။

နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲ ရုတ်တရက်ပြုလုပ်ပြီး ထုတ်ပြခဲ့သော ဂြိုဟ်တုဓာတ်ပုံနှစ်ပုံတွင် တစ်ပုံသည် ဇွန်လက ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်ပြီး ယင်းနျူကလီးယားစခန်းသည် နေရာမယွင်း ရှိနေခဲ့သည်။ ဇူလိုင်လက ရိုက်ကူးခဲ့သော ဒုတိယဓာတ်ပုံတွင် ယင်းစခန်းအဆောက်အအုံ၏တစ်စိတ် တစ်ပိုင်း ပျက်စီးနေသည်ကို မြင်တွေ့ခဲ့ရသည်။ အစ္စရေးက ယင်းနျူကလီးယားစခန်းကို တွေ့ရှိခဲ့ပြီးနောက် အီရန်က ဖုံးကွယ်ရန် ကြိုးပမ်းထားခြင်းဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

အီရန်သည် နျူကလီးယား လက်နက် ရရှိရန် ကြိုးပမ်းမှုများကို ၂၀၀၃ ခုနှစ်က ရပ်ဆိုင်းခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီက ပြောကြားထားသည်မှာ ကြာပြီဖြစ်သည်။ အမေရိကန်ထောက် လှမ်းရေးတာဝန်ရှိသူများကလည်း အလားတူ ကောက်ချက်များ ချထားသည်။

အစ္စရေးသည် အီရန်အား အကြီးမားဆုံးရန်သူအဖြစ် သတ်မှတ်ထားသည်။ အီ ရန် နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို နေတန်ယာဟုက အဓိကဆန့်ကျင်သူဖြစ်သည်။ အီရန်သည် နျူကလီးယားဗုံးထုတ် လုပ်ရန် ကြိုးပမ်းနေပြီး နျူဖျက်သိမ်းရေး သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း နေတန်ယာဟုက စွပ်စွဲထားပြီး အီရန်ကငြင်းဆိုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ယမန်နှစ်က နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်ကို ပိတ်ဆို့ အရေးယူမှုများ ပြန်လည်ပြဌာန်းခဲ့သည်။ ထို နောက်ပိုင်းမှစပြီး ပါရှန်ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်မားနေခဲ့သည်။ ထိုတင်းမာမှုများက လက်ဘနွန်တွင် အစ္စရေးနှင့် အီရန်မဟာမိတ် ဟဇ်ဘိုလာတို့အကြား ပဋိပက္ခကို ပို၍ဆိုးစေခဲ့သည်။

 

 

 

Most Read

Most Recent