ရုရှား၏မြို့တော် မော်စကို၏ မြူနီစီပယ်ရွေးကောက်ပွဲများအား စက်တင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ရာ ကရင်မလင်လိုလားသော ကိုယ်စားလှယ်လောင်းအများအပြား အရေးနိမ့်ခဲ့ကြကြောင်း သတင်းအေဂျင်စီများက စက်တင်ဘာ ၉ ရက် တွင် ဖော်ပြခဲ့ကြသည်။ မဲအားလုံးရေတွက်ပြီးချိန်တွင် အာဏာရပါတီ United Russia က ထောက်ခံသော ကိုယ်စားလှယ်လောင်းများသည် မော်စကို၏ မဲဆန္ဒနယ်ခရိုင် ၄၅ ခုအနက် ၂၀ တွင် အတိုက်အခံများကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ကွန်မြူနစ်များ၊ တစ်သီးပုဂ္ဂလများနှင့် လစ်ဘရယ်ဝါဒီ ကိုယ်စားလှယ်လောင်းများသည် United Russia ၏ မဟာမိတ်များအား ကြီးကြီးမားမား အနိုင်ရခဲ့ကြပြီး ပါလီမန်တွင် နိုင်ငံရေးမျိုးကွဲစုံလင်မှုကို ပိုမိုအားကောင်းစေခဲ့သည်။
ကွန်မြူနစ်များသည် ယခုရွေးကောက်ပွဲများတွင် အမတ် ၁၃ နေရာ ရရှိခဲ့ပြီး ယခင်က ပါလီမန်အမတ် ငါးနေရာသာ ရရှိထားမှုမှ အလွန်အမင်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ လစ်ဘရယ်ဝါဒီ Yabloko ပါတီသည်လည်း အမတ်သုံးနေရာ အနိုင်ရရှိခဲ့ပြီး ထိုပါတီကပင် ထောက်ခံသော တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးကလည်း အမတ်တစ်နေရာ အနိုင်ရခဲ့သည်။
လက်ဝဲယိမ်းဝါဒီ Just Russia ပါတီကလည်း ယခင်ရွေးကောက်ပွဲတွင် အမတ်တစ်နေရာမျှ မရခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင်မူ သုံးနေရာအထိ ရရှိခဲ့သည်။
United Russia ပါတီ ကိုယ်စားလှယ်လောင်းများနှင့် ထိုပါတီ၏ ကျောထောက်နောက်ခံပြု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် အမတ်နေရာ ၃၈ နေရာ အထိရရှိခဲ့သည်။ ထိုအာဏာရပါတီသည် လူကြိုက်များမှု အလွန်အမင်းကျဆင်းနေခြင်းကြောင့် ယခုနှစ်အတွင်း ၎င်း၏ပါတီခေါင်းစဉ်အောက်မှ မည်သည့်ကိုယ်စားလှယ်လောင်းကမျှ မယှဉ်ပြိုင်ခဲ့ကြပေ။
United Russia ပါတီ၏ ယခင်အမတ်ကိုးဦးသည် တစ်သီးပုဂ္ဂလများအဖြစ် ယှဉ်ပြိုင်ခဲ့ပြီးနောက် အမတ်နေရာများအား ပြန်လည်ရရှိခဲ့သည်။ သို့သော် မော်စကိုမှပါတီ၏ ခေါင်းဆောင်ဖြစ်သူ Andrei Metelsky သည် ပြန်လည်ရွေးချယ်ခံရရန် ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ပေ။
နောက်ထပ် ထင်ရှားသောရှုံးနိမ့်ခဲ့သူတစ်ဦးမှာ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Higher School of Economic မှ ဒုတိယခေါင်းဆောင်ဖြစ်သူ Valeriya Kasamara ဖြစ်သည်။ ၎င်းသည်လည်း ကရင်မလင် လိုလားသော ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရပြီး ၎င်း၏မဲဆွယ်ပိုစတာများအား မြို့တော်တစ်ဝန်းတွင် မြင်တွေ့နိုင်သည်။
ထို့ပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြပြီး အာဏာရပါတီ United Russia က ထောက်ခံခဲ့သည်ဟု သတင်းထွက်ခဲ့သည့် နောက်ထပ်ကိုယ်စားလှယ်လောင်း ၁၃ ဦးသည်လည်း အနိုင်ရခဲ့ကြသည်။ ထိုအနိုင်ရခဲ့သူများထဲတွင် အိုလံပစ် ဟန်ချက်ညီ ရေကူးသမားနှင့် ရုပ်သံအားကစားတင်ဆက်သူ Maria Kiselyova နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ရုပ်သံ Zvezda မှ သတင်းတင်ဆက်သူ Natalya Metlina တို့လည်း ပါဝင်ခဲ့ကြသည်။
ယခင်ပါလီမန်တွင် United Russia ပါတီကိုယ်စားပြု အမတ်များဖြစ်ကြသည့် နောက်ထပ် ကိုယ်စားလှယ်လောင်းသုံးဦးသည် ယခုအခါ ကရင်မလင်ထောက်ခံသည့် လှုပ်ရှားမှုပင်ဖြစ်သော My Mosocw ကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ကြသည်။
အဓိကအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီက ၎င်း၏ကိုယ်စားလှယ်လောင်းများ ပိတ်ပင်ခံခဲ့ရအပြီးတွင် Smart Voting စာရင်းကို ပြုလုပ်ခဲ့ပြီး ထိုစာရင်းမှ ကိုယ်စားလှယ်လောင်း ၂၀ သည် အနိုင်ရခဲ့ကြောင်း သိရသည်။














