၎င်းအနေဖြင့် ဒဏ်ကြေးပေးဆောင်ရန် ပျက်ကွက်သဖြင့် ဘရာဇီးလ်တရားရုံးချုပ်က နိုင်ငံအတွင်းမှ ထွက်ခွာခွင့်မပြုနိုင်ရန် ပတ်စ်ပို့အပါအဝင် ၎င်းပိုင်ဆိုင်သည့်ပစ္စည်းများကိုပါ သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု နှစ်ကြိမ်ရရှိဖူးသည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ရော်နယ်လ်ဒင်ဟိုသည် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ အသိမ်းခံထားရသော်လည်း ဘရာဇီးလ်ခရီးသွား လုပ်ငန်း၏ သံတမန်အဖြစ် ခန့်အပ်ခံရကြောင်း သိရသည်။
ရော်နယ်လ်ဒင်ဟိုသည် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအတွက် ဒဏ်ကြေးချမှတ်ခံထားရသော်လည်း ပေးဆောင်ရန်ပျက်ကွက်မှုကြောင့် ပြီးခဲ့သည့်မေလအတွင်း နိုင်ငံကူးလက်မှတ်သိမ်းဆည်းခံခဲ့ရ ခြင်းဖြစ်သည်။ ရော်နယ်လ်ဒင်ဟို နှင့် ၎င်း၏အစ်ကိုဖြစ်သူသည် ၂၀၁၅ ခုနှစ်က ဘရာဇီးလ်နိုင်ငံတောင်ပိုင်းရှိ နာမည်ကျော် Lake Guaiba တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ငါးဖမ်းလှောင်အိမ် တည်ဆောက်မှုအတွက် အပြစ်ရှိသဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဒေါ်လာ ၈ ဒသမ ၅ သန်း ဒဏ်ကြေးပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။
၎င်းအနေဖြင့် ဒဏ်ကြေးပေးဆောင်ရန် ပျက်ကွက်သဖြင့် ဘရာဇီးလ်တရားရုံးချုပ်က နိုင်ငံအတွင်းမှ ထွက်ခွာခွင့်မပြုနိုင်ရန် ပတ်စ်ပို့အပါအဝင် ၎င်းပိုင်ဆိုင်သည့်ပစ္စည်းများကိုပါ သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘရာဇီးလ်ခရီးသွားလုပ်ငန်းက ရော်နယ်လ်ဒင်ဟိုကို သံတမန်အဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး ၎င်းကလည်း ခရီးသွားလုုပ်ငန်းမှာ အရေးပါကြောင်း သုံးသပ် ပြောကြားခဲ့သည်။
"ခရီးသွားလုပ်ငန်းက အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံတကာမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ အရေးကြီးပါတယ်" ဟု ရော်နယ်လ်ဒင်ဟိုက ဆိုသည်။ ၎င်းသည် ကမ္ဘာ့အကောင်းဆုံးဆုကို ၂၀၀၄ နှင့် ၂၀၀၅ ခုနှစ်တွင် နှစ်နှစ်ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။