သက်ငယ်မုဒိမ်းပြုကျင့်တယ် ဆိုသူကို ပေးလိုက်ရတဲ့ အာမခံနဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ဘယ်ကစ,မှားနေပြီလဲ

သက်ငယ်မုဒိမ်းပြုကျင့်တယ် ဆိုသူကို ပေးလိုက်ရတဲ့ အာမခံနဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ဘယ်ကစ,မှားနေပြီလဲ
လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေခြင်း အစီအစဉ် ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ပြုလုပ်စဉ် (ဓာတ်ပုံ - ပြည့်ဖြိုးအောင်)
လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ရေးအတွက် ဆန္ဒပြုခြင်းနှင့် မျှဝေခြင်း အစီအစဉ် ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ပြုလုပ်စဉ် (ဓာတ်ပုံ - ပြည့်ဖြိုးအောင်)
Published 1 September 2019
ဖြိုးဝေ

(၁)

၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ ဥပဒေကြမ်းဘဝမှာတင် ကန့်ကွက်ဆန္ဒပြမှုတွေ အများအပြား ကြုံခဲ့ရတဲ့ ဥပဒေ ဖြစ်ခဲ့ပါတယ်။ ဥပဒေကြမ်းမှာတင်မက ဥပဒေအဖြစ် အတည်ပြုရာမှာလည်း လက်ရှိအချိန်အထိ ကန့်ကွက်မှု တွေကြုံတွေ့နေရဆဲ ဥပဒေဖြစ်ပါတယ်။

ဥပဒေကြမ်းအဖြစ်မှာ လက်မခံနိုင်ဘဲ ကန့်ကွက်ခဲ့ကြတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံသား မဟုတ်တဲ့ တခြားနိုင်ငံသား ၁၈ နှစ် မပြည့်သေးသူတွေကို မွေးစားခွင့်ပြုလိုက်လို့ပါ။ မွေးစားခံရတဲ့ ကလေးသူငယ်ဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် မရရှိတာကလွဲရင် တခြားနိုင်ငံသား အခွင့်အရေး အားလုံးလိုလိုကို ပေးအပ်တဲ့သဘောမျိုးဖြစ်လို့ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဓိက စိုးရိမ်စရာအဖြစ် ရှုမြင်ကြတာက မြန်မာနိုင်ငံသား မဟုတ်တဲ့ ကလေးငယ်တွေကို မွေးစားခွင့်ဆိုရာမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်လိုဒေသမျိုးမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဘင်္ဂါလီတွေကို ကလေးသူငယ် အမည်တပ်ပြီး မြန်မာနိုင်ငံသား တစ်ဦးဦးက အလွယ်တကူ မွေးစားခွင့်ရသွားမှာကို စိုးရိမ်ကြတာပါ။ နောက်တစ်ချက် အဖြစ်လည်း ကလေးသူငယ်ဆိုတဲ့ အသက်အရွယ် သတ်မှတ်ချက်ဟာ ၁၈ နှစ်အထိ ဖြစ်နေတာကြောင့် နဂိုကတည်းကမှ ပြည်တွင်းကို ခိုးဝင်နေကြတဲ့ ဘင်္ဂါလီတွေဟာ လွယ်လွယ်ကူကူနဲ့ နိုင်ငံသားတစ်ဦးက မွေးစားခွင့်ရရှိနိုင်တဲ့ အခြေအနေကို စိုးရိမ်ကြတာလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း အခကြေးငွေယူပြီး ကလေးသူငယ် မွေးစားလာကြမှာကို စိုးရိမ်နေကြတာနဲ့ ဒီလိုကလေးသူငယ် မွေးစားဖို့အတွက် မသမာတဲ့ လမ်းကြောင်းကနေ ထောက်ပ့ံငွေတွေ စီးဝင်လာမှာကို စိုးရိမ်စရာလို့ ဥပဒေပညာရှင်အချို့က ဝေဖန်ထောက်ပြကြပါတယ်။

“နိုင်ငံသား အခွင့်အရေးနဲ့ လူ့အခွင့်အရေးဟာ အမြဲတမ်း တစ်ထပ်တည်း မဖြစ်နိုင်ချိန်မှာ တိုင်းပြည်ရဲ့ လုံခြုံရေးအနေနဲ့ ချိန်ထိုးရတဲ့ အခါမှာ တရားဥပဒေ ရှုထောင့်အရ ဘယ်လိုမျှတအောင် လုပ်ယူမလဲ။  ဒီအတိုင်းသာ အတည်ပြုသွားမယ်ဆိုရင် ဘာဖြစ်သွားမလဲဆို မိဘလုပ်မယ့်သူတွေ တစ်ပုံကြီး။ ဒီကလေးကို တကယ်ကျွေးမွေးမှာ တကယ်စောင့်ရှောက်မှာ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ် ဘူး။ ကျွန်တော်က ဘယ်လိုလူဖြစ်လို့ပါ။ ကျွန်တော်က ဘယ်လိုကိုယ်ချင်းစာလို့ပါ။ ကျွန်မက ဘယ်လို ကိုယ်ချင်းစာလို့ပါ။ ဒီကလေးတွေကို ပြုစုစောင့်ရှောက်ချင်လို့ပါဆိုပြီး ဒါတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် သူတို့မှာ တကယ်တမ်း စောင့်ရှောက်နိုင်လောက်တဲ့ အရည်အချင်း၊ စောင့်ရှောက်နိုင်လောက်တဲ့ အသက်မွေးဝမ်းကျောင်း၊ စောင့်ရှောက်နိုင်လောက်တဲ့ ဝင်ငွေအဆင့်အတန်းလည်း မရှိဘဲနဲ့ စောင့်ရှောက်မယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စောင့်ရှောက်ခြင်းကို အကြောင်းပြု၍ အသက်မွေးဝမ်းကျောင်းခြင်း၊ မသမာခြင်းတွေ အများကြီး။ စီးဝင်လာမယ့် ငွေကြေးစီးကြောင်းတွေ၊ မသမာတဲ့ ငွေကြေးစီးကြောင်းတွေ အများကြီးကို ကျွန်တော်တို့ လမ်းဖွင့်မိလျက်သား ဖြစ်သွားမယ်” လို့ Purple Equity Law Firm က အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအဖြစ် ဝေဖန်ခံနေရတဲ့ ကလေးသူငယ်ကို အလွယ်တကူ မွေးစားနိုင်ခွင့် ပေးထားတဲ့ အခြေအနေအပေါ် ဝေဖန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အခကြေးငွေယူပြီး မွေးစားတယ်ဆိုတဲ့အသံတွေ ကြားသိရခြင်း မရှိသေးပေမဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေကို ထောက်ပြဝေဖန်ထားတာမို့ ဒီလိုမျိုး အခကြေးငွေယူပြီး ကလေးမွေးစားမှု မဖြစ်လာအောင် နည်းဥပဒေမှာ ဘယ်လိုအချက်အလက်တွေနဲ့ ကန့်သတ်ဖော်ပြမလဲ စဉ်းစားဖို့ လိုအပ်မှာပါ။

ဥပဒေကြမ်းဘဝမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ဥပဒေပညာရှင်အချို့က ဆွေးနွေးထောက်ပြပြီး လစ်ကွက်ဟာကွက် အားနည်းချက်တွေ ရှိနေကြောင်း ဝေဖန်ထောက်ပြခဲ့ပေမဲ့ ဒီလိုမျိုး ကလေးငယ်တွေရဲ့ မွေးစာရင်းဟာ နိုင်ငံသားဖြစ်ခွင့်နဲ့ မဆိုင်ဘဲ ဒီကလေးကို မွေးစားထားကြောင်း အထောက်အထား ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သလို ၁၉၈၂ ခုနှစ်  မြန်မာနိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ ဥပဒေအရပဲ နိုင်ငံသားဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုမျိုး အခြေအနေမှာ ဆန္ဒပြနေသူတွေ ပြောတဲ့အချက်တွေက လွဲမှားနေတယ်လို့ ဦးဇော်ဌေးက ယတိပြတ် ငြင်းဆိုပြီး နိုင်ငံသားဖြစ်မှု အခွင့်အ ရေးဟာ ဥပဒေထဲမှာ တည်ဆဲဥပဒေ နဲ့အညီဆိုတဲ့အချက်ပါလို့ မွေးစားတဲ့ ကိစ္စ၊ မွေးစာရင်းကိစ္စ၊ နိုင်ငံသားဖြစ်ခြင်းတွေကို ရှင်းရှင်းလင်းလင်း လေ့လာထားပြီး ပြည်သူတွေ စိတ်မပူဖို့နဲ့ အစိုးရက တော်တော်လေးကို လေ့လာသုံးသပ် ထားတယ်လို့ ပြောခဲ့ပါတယ်။

ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို လက်မခံချင်သူတချို့နဲ့ သမ္မတရုံးဘက်က တန်ပြန်ဖြေရှင်းထားတဲ့ နိုင်ငံခြားသား ကလေးငယ်ကို နိုင်ငံသားတစ်ဦးက မွေးစားခွင့်ကနေ ရိုက်ခတ်လာမယ့် ပြဿနာတွေကို မကြုံတွေ့သေးခင်မှာဘဲ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ အထင်ကရ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီ ဘေးထွက်ဆိုးကျိုးကတော့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအတည်ပြုပြီးလို့ တစ်လမပြည့်ခင်မှာ သြဂုတ် ၁၆ ရက်ညပိုင်းက နေပြည်တော်မှာ ဖြစ်ခဲ့တဲ့ ခုနစ်နှစ်အရွယ် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်း ပြုကျင့်ခဲ့တယ်ဆိုသူ (အစ်ကိုဝမ်းကွဲ) ဟာ အသက် ၁၈ နှစ် မပြည့်သေးလို့ဆိုပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အာမခံနဲ့ လွှတ်ပေးထားရတဲ့ ဖြစ်စဉ်ပါ။

သက်ငယ်မုဒိမ်းတွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုနှုန်း တစ်ဟုန်ထိုး တက်လာလို့ မိဘတိုင်း၊ မောင်နှမ သားချင်း ရှိသူတိုင်းက ရွံရှာစိုးထိတ်နေချိန်မှာ သေဒဏ်ပေးဖို့ တောင်းဆိုနေချိန်မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေက သက်ငယ်မုဒိမ်းပြုကျင့် သူဟာအသက်မပြည့် သေးတာနဲ့ အာမခံပါ ပေးလို့ရတယ်ဆိုတဲ့ အခြေအနေဟာ မိဘတိုင်းအတွက် ရင်လေးစရာပါ။

(၂)

နေပြည်တော် သက်ငယ်မုဒိမ်း ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ဟာ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာ ဖြစ်ပေမဲ့ သက်ငယ်မုဒိမ်းပြုကျင့်တယ် ဆိုသူက အာမခံရထားတာဖြစ်လို့ ပြုကျင့်ခံရသူရဲ့ မိဘတွေ အတွက်တော့ ရင်နင့်စရာဖြစ်ပြီး ပြုကျင့်ခံရတဲ့သူ၊ နစ်နာတဲ့သူဘက်ကို ဥပဒေက ထည့်မတွက်ဘူးလား တွေးစရာ ဖြစ်လာပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတာနဲ့ဘဲ သက်ငယ်မုဒိမ်း ပြုကျင့်တယ် ဆိုသူကိုတောင် အာမခံပေးလိုက်ရတဲ့အထိ အခြေအနေကြောင့် လူမှုကွန်ရက်မှာ ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ခဲ့ပါသေးတယ်။ ဘယ်လောက်အထိ အခြေအနေ ဆိုးခဲ့သလဲဆိုရင် အာမခံနဲ့ လွှတ်ပေးထားတဲ့ သက်ငယ်မုဒိမ်း ပြုကျင့်တယ် ဆိုသူကို လက်တုံ့ပြန်ဖို့အတွက် ငွေစုဆောင်းတဲ့ အခြေအနေကိုပါ မြင ခဲ့ရပါတယ်။ မမျှတတဲ့ ဥပဒေတွေသာ ဖြစ်လာရင် လူထုကကိုယ်တိုင် တရားစီရင်ရမှာပဲဆိုတဲ့ အယူအဆ ထွန်းကားလာအောင်ကို လုပ်ဆောင် နေသလား ဆိုတာမျိုးလည်း တွေးစရာ ဖြစ်လာပါတယ်။

အခြားသော ဂယက်ရိုက်မှုထဲက တစ်ခုအဖြစ်လည်း သက်ငယ်မုဒိမ်းပြုကျင့်သူက ၁၈ နှစ်မပြည့်သေးလို့ အာမခံပေးထားရတဲ့ ဖြစ်စဉ်မျိုး ကိုယ်တွေ့ကြုံနေရတယ်လို့လည်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သူမအသုံးပြုနေတဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက နယ်ထိန်းခေါင်းဆောင် တစ်ယောက်နဲ့တွေ့တယ်။ စကားပြောရင်းနဲ့ “ကိုကျော်ကြီးရေ ပြောရဦးမယ်။ အလိုလိုမှ မှုခင်းတွေ ဒီလောက်များ ထိန်းမနိုင်ဖြစ်နေတာ ခုပိုဆိုးတော့မယ်ဗျာ။ ဘာလို့လဲဆိုတော့ အခု ကလေးသူငယ်ဥပဒေက ၁၈ နှစ်အောက်ဆို ကျွန်တော်တို့ ဘာမှလုပ်မရတော့ဘူးတဲ့။ လက်ရှိဖြစ်နေတဲ့ မှုခင်းအများစုက ၁၈ နှစ်အောက်တွေများတယ်။ မန္တလေးမှာဖြစ်ခဲ့တဲ့ ဓားပြမှုမှာ ၁၃ နှစ် ကလေးအပါအဝင် ၁၈ နှစ်အောက် သုံးယောက်ပါတယ်။ ဘီယာဆိုင်မှာဖြစ်တဲ့ လူသတ်မှုကလည်း ၁၈ နှစ်အောက်လေးယောက် ပါတယ်တဲ့။ လုယက်မှု ခိုးမှုအများဆုံးက လူငယ်တွေပဲတဲ့။ ငါတို့ထောင်မကျဘူးသိရင် ပိုဆိုးလာတော့မယ်။ ကိုကျော်ကြီးရေ ဒါတွေလူကြီးတွေသိအောင် ရေးပါဦးဗျာ” တဲ့။ လက်တွေ့ရင်ဆိုင် ဖြေရှင်းနေရတဲ့ ရဲတပ်ဖွဲ့ရဲ့ အသံစစ်စစ်ပါ။ ဒါတွေကို ဒီဥပဒေ ပြဋ္ဌာန်းပေးလိုက်တဲ့ လူကြီးမင်းများ သိပါသလား။ အခုနေပြည်တော်မှာဖြစ်တဲ့ ကလေးမုဒိမ်းမှုက အတော်ရက်စက် ကြမ်းကြုတ်ပါတယ်။ ဖတ်သာကြည့်လိုက်တော့။ ဒါကိုတရားခံက ၁၈ နှစ်မပြည့်လို့ဆိုပြီး အာမခံပေးလိုက်တယ်တဲ့။ ဒီကလေး မုဒိမ်းတရားခံက အချုပ်လည်းမနေရ၊ ထောင်လည်းမကျဖြစ်ရင် မျှတပါ့မလား။ ဖြစ်သင့်ရဲ့လား။ ဒီခေတ်က ၁၅ နှစ်အထက်ကို လူကြီးဖြစ်နေပြီ။ ၁၈ နှစ်ဆိုတာက လူကြီးစာရင်းဝင်နေပြီ။ ကလေးသူငယ်ကို ၁၃ နှစ်အောက် လောက်ပဲ သတ်မှတ်သင့်ပါတယ်။ လူသတ်၊ မုဒိမ်း၊ လုယက်မှုတွေ ဒီလောက်များနေတာ ခုကလေးသူငယ် ဥပဒေကြောင့် အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။ လောလောဆယ်တော့ မိဘတွေ ကိုယ့်သားသမီးငယ်တွေကို ရင်အုပ်မကွာ ဓားထမ်းသာ စောင့်ရှောက်ကြပါတော့။ အားလုံးဒုက္ခရောက်နိုင်တဲ့ ကလေးသူငယ် ဥပဒေသစ်ကို အမြန်ဆုံး သုံးသပ်ပြင်ဆင်ပေးဖို့ မိမိတတ်နိုင်တဲ့နေရာကနေ တောင်းဆိုပေးကြပါ” လို့ ဆောင်းပါးရှင် တစ်ဦးဖြစ်တဲ့ ကျော်ကြီး (MDY) က ဆိုပါတယ်။

အသက် ၁၅ နှစ်ကျော် ၁၆ နှစ်ဆိုတာနဲ့ လူပျိုဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ၁၆၊ ၁၇၊ ၁၈ အရွယ်တွေက လုယက်မှု၊ ဓားခုတ်မှု၊ မုဒိမ်းမှု၊ ဓားထိုးမှုတွေနဲ့ တခြားမှုခင်းတွေ ကျူးလွန်လာတာ ပိုပိုပြီးများလာတဲ့ အခြေအနေမှာ ကလေးသူငယ်ဆိုတဲ့ အသက်အရွယ်ကို မူလ ၁၆ နှစ်မှာပဲ ထားဖို့ ပြန်လည်ချိန်ဆဖို့ လိုပါတယ်။

(၃)

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအများစုဟာ ပြည်သူ့အသံ နားထောင်မှု အားနည်းတာ၊ ဒီလိုအားနည်းနေတဲ့ကြားက အလျင်စလို ပြဋ္ဌာန်းလိုက်ကြတာ၊ နိုင်ငံတကာ ကြည်ဖြူအောင် ဥပဒေပြုတဲ့ အခါမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိမရှိ ဆင်ခြင်တွေးဆမှု အားနည်းတာ၊ ပြဋ္ဌာန်းပြီးချိန်မှာ ဥပဒေကို အကောင်အထည် ဖော်ဆောင်မှု အားနည်းတာ၊ ကောင်းတဲ့ ဥပဒေမှာ အကျိုးသက်ရောက်မှု မမြန်ပေမဲ့ အခုကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေလိုမျိုး ဘေးထွက်ဆိုးကျိုးရှိတဲ့ ဥပဒေတွေမှာတော့ ချက်ချင်းပဲ ဆိုးကျိုးပေါ်ပေါက်လို့ ဥပဒေတစ်ခုရဲ့ ဆိုးကျိုးကို ပြည်သူအားလုံးလိုလို ခံစားကြရတာတွေ အမြဲလို ဖြစ်တတ်ပါတယ်။ လက်ရှိ ပြဋ္ဌာန်းလိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ ဆိုရင်လည်း ပထမဆုံး မျှော်လင့်ထားတဲ့ ဆိုးကျိုး၊ တခြား နိုင်ငံသား ကလေးငယ်တွေနဲ့ နယ်စပ်ဒေသက စိမ့်ဝင်နိုင်ငံသား တချို့ကို မွေးစားနိုင်တာမျိုး မမြင်ရသေးခင်မှာဘဲ မျှော်လင့်မထားတဲ့ ဆိုးကျိုးတစ်ခုအဖြစ် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်မှု အပါအဝင် ဘယ်လိုပြစ်မှုမျိုးမဆို ကျူးလွန်တဲ့သူတွေဟာ အသက် ၁၈ နှစ် မပြည့်သေးတာနဲ့ အာမခံရရှိမှုအပြင် ဥပဒေပေးထားတဲ့ အားသာချက်တွေအကုန် ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အာမခံပေးထားတဲ့ ကာလမှာ သက်ငယ်မုဒိမ်း ပြုကျင့်သူက ထွက်ပြေးသွားခဲ့ရင်၊ ထပ်ပြီးတော့ အဓမ္မမှုကျူးလွန်ခဲ့ရင်၊ မုဒိမ်းပြုကျင့်ခဲ့သူက သူမုဒိမ်းပြုကျင့်ခဲ့သူရဲ့ မိသားစုရှေ့မှာ “ငါက ထောင်မကျဘူး။ လူငယ်ပြုပြင်ရေးစခန်းလောက်ပဲ သွားရမှာ” ဝ့ံကြွားနေတာမျိုးဖြစ်လို့ ပြုကျင့်ခံရသူ မိသားစုဝင်တွေက လက်တု့ံပြန်ခဲ့ရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိနိုင်တာ အသေအချာပါ။ သေချာတာကတော့ ဒီဥပဒေဟာ လတ်တလောမှာ ဆိုးကျိုးပေးနိုင်တဲ့ အားနည်းချက်တစ်ခု ရှိလာနေပြီး ဒီအားနည်းချက်ကို ဘယ်လိုပြင်ဆင် သုံးသပ်မလဲဆိုတာ စဉ်းစားကြရတော့မှာပါ။

“၁၈ နှစ်အောက်တွေကို တရားရုံးက ချုပ်ရမန်မပေးဘူး။ ဒါပေမဲ့ ပေးတာကျတော့လည်း စခန်းမှူးတို့၊ အုပ်ချုပ်တို့၊ ဂါတ်စာရေးတို့အိမ်မှာ ထိန်းသိမ်းစေဆိုတဲ့ အခါကျတော့ ဒီကောင်တွေက လက်ရဲဇက်ရဲ အကောင်တွေ၊ ဇရှိတဲ့ အကောင်တွေ ဖြစ်တယ်။ သူတို့ထွက်ပြေးတော့ ရဲပဲပြုတ်၊ ရဲပဲထောင်ကျတာပေါ့။ အဲဒီကောင်တွေကို စခန်းမှူးတို့၊ ဂါတ်စာရေးတို့အိမ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားစေ ဆိုတော့ ဘယ်လိုလုပ်ပြီးတော့ ဖြစ်မတုန်း။ လေ့ကျင့်ရေးစခန်းတွေကနေ ထွက်ပြေးရင် ဖြေရှင်းချက် ရေးရတာပဲရှိတယ်။ လူငယ်စခန်းတွေကိုပို့ရင်း အဲဒီကောင်တွေ ပြေးရင်လည်း ရဲတွေက ရဲစည်းကမ်းဥပဒေနဲ့ အရေးယူခံရပြီး ထောင်ကျတာပဲ။ နောက်ပိုင်းက ရဲတွေကပဲ လိုက်ဖမ်းရတာ။ တခြားအဖွဲ့အစည်းတွေက ဘာမှမဖြစ်ဘူး။ ရဲတပ်ဖွဲ့ကကျတော့ ဘဝနဲ့ရင်းပြီးတော့ ပေးဆပ်ရတာပါ။ ဥပဒေပြင်ဆင်တဲ့ လူကြီးတွေက အမြော်အမြင်ရှိလို့ လုပ်ပေမဲ့ ရဲလုပ်ငန်းစဉ်တွေမှာတော့ အခက်အခဲရှိတာပေါ့။ အဲဒီကောင်တွေကို စခန်းမှူးတို့၊ ဂါတ်စာရေးတို့အိမ်မှာ ထိန်းသိမ်းစေဆိုပြီး တရားရုံးက ဥပဒေအရ အမိန့်ပေးတာပဲရှိတယ်။ ကြိုက်တဲ့အချိန်လာစစ် သူ့အိမ်မှာ မရှိဘူး။ ကြိုက်တဲ့စခန်းသွားစစ်။ အချုပ်ခန်း ပတ်ချာလည်မှာထားမယ်။ ထားလို့ စိတ်မချရရင် အချုပ်ခန်းထဲထည့်မယ်။ ဒါပဲရှိတာပဲ။ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်ဘဝ မပျက်အောင်လို့ အရင်ဦးဆုံး ကြည့်ရတာပါပဲ။ ရန်ကုန်မှာ ဆိုရင်လည်း သန်လျင်လူငယ် လေ့ကျင့်ရေးကျောင်း သွားပို့မယ်။ တရားရင်ဆိုင်ဖို့ ပြန်လာမယ်။ ပြန်ပို့မယ်။ ပြန်ပို့မယ့်ရဲက ဆိုင်ကယ်လေး ဘီးပေါက်လို့ဖာနေရင်း ဒီကောင်တွေက ထွက်ပြေးရင် အဲဒီရဲအရာရှိက အချုပ်ထဲရောက်တယ်။ ထောင်ကျတယ်။ လက်ရှိမှာ မှုခင်းကျူးလွန်တဲ့ သူတွေက ၁၆၊ ၁၇၊ ၁၈ စတဲ့အသက်အပိုင်းအခြားတွေက ကျူးလွန်တာက များလာတယ်လေ။ အရင်တုန်းက ၁၆ နှစ်အောက်ဆိုရင် ကလေးသူငယ်လို့ သတ်မှတ်တယ်။ အခုက ၁၈ နှစ်အောက်ဖြစ်သွားတော့ ရဲတပ်ဖွဲ့က လုပ်ရတာ၊ ကိုင်ရတာ အခက်အခဲတွေ အများကြီးရှိတယ်” လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး တစ်ဦးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြောင့် အကျပ်အတည်း ကြုံလာရတဲ့ ရဲတပ်ဖွဲ့ အခြေအနေကို ပြောပါတယ်။

(၄)

နိုင်ငံတကာဖိအား လျော့ကျအောင်ပဲဖြစ်စေ၊ နိုင်ငံတကာစံနှုန်းနဲ့ အညီပဲဖြစ်စေ ဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အဆင်ပြေပါ့မလားဆိုတာ ပထမဆုံးအဖြစ် အရေးတကြီး ပြန်သုံးသပ်ရမှာပါ။

ဒီဥပဒေဟာ ကိုင်တွယ်ရတဲ့ ရဲတပ်ဖွဲ့တင်မကဘဲ အသက် ၁၈ နှစ် မပြည့်သေးလို့ အာမခံပေးတယ်ဆိုတဲ့ အချက်ဟာ သက်ငယ်မုဒိမ်းလိုမျိုး၊ မုဒိမ်းမှုလိုမျိုး၊ လူသတ်မှုလိုမျိုး ဆိုးဆိုးရွားရွား အမှုတွေမှာ ပြစ်မှုကျူးလွန် ခံရသူတွေကို မခံချည့်မခံသာ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဥပဒေပါပေးထားတဲ့အချက် ဖြစ်တဲ့ ပုဒ်မ (၈၈) မှာ ကလေးသူငယ်ကို သာမန်အားဖြင့် ထောင်မချဘဲ၊ အခြားနည်းလမ်းတွေနဲ့ လွှဲပြောင်းဆောင်ရွက်ဖို့ မရှိမှ နောက်ဆုံးနည်းလမ်းအဖြစ်နဲ့ ထောင်ချဖို့၊ ကလေးသူငယ်ဟာ ပြစ်မှုထင်ရှားစီရင်ခဲ့ရင် တောင်သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် (သို့မဟုတ်) ထောင်အနှစ် ၂၀ မချရဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါ့အပြင် အဲဒီလို ထောင်ဒဏ်ချဖို့ကိုတောင် သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ် မရှိထောင်ဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှစ် ၂၀ ချမှတ်နိုင်တဲ့ ပြစ်မှုတွေနဲ့ အကျင့်စာရိတ္တ လွန်လွန်ကဲကဲ ပျက်စီးနေပြီး ဘယ်လိုနည်းနဲ့မှ ထိန်းသိမ်းမရဘူးလို့ ကလေးသူငယ် တရားရုံးက ယုံကြည်မှ ထောင်ချရမယ်ဆိုပြီး ထပ်မံကန့်သတ် ထားပါသေးတယ်။

ပိုပြီးဆိုးနိုင်တာက ဒီလိုမျိုး ထောင်ချမှရမယ်လို့ ကလေးသူငယ်က ယုံကြည်ရင်ကို ကလေးသူငယ်က အသက် ၁၆ နှစ်မပြည့်သေးရင် ထောင်ခုနစ်နှစ်ထက် ပိုမချဖို့၊ အသက် ၁၆ နှစ်ပြည့်ပြီး ၁၈ နှစ်မပြည့်သေးရင် ထောင် ၁၀ နှစ်ထက်ပိုပြီး မချဖို့ဆိုတဲ့ အချက်ကို ဥပဒေမှာ ပြဋ္ဌာန်းပေးထားတာပါ။

ဒီအချက်က မျှတပါရဲ့လားပြန်ပြီးချိန်ထိုးဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ် အရွယ်ဆိုတာ အမွေးအတောင်စုံလို့ လူလားမြောက်နေပြီ ဖြစ်ပါတယ်။ အဲဒီလို လူလားမြောက်တဲ့ အရွယ်တွေက မူးယစ်ဆေး ကုန်ကူးမယ်၊ လူသတ်မယ်၊ မုဒိမ်းကျင့်မယ်။ မုဒိမ်းကျင့်၊ လူသတ်၊ လုယက်မယ် ဆိုတာမျိုးတွေကို တစ်မှုတည်းမှာ တစ်ဆက်တစ်စပ်တည်း ကျူးလွန်ခဲ့မယ် ဆိုရင်တောင် ထောင် ၁၀ နှစ်အထက် ပိုချလို့မရဘူးဆိုတာ ဖြစ်သင့်ပါရဲ့လား ပြန်ပြီးချိန်ဆဖို့ လိုအပ်ပါတယ်။ တခြားသော အချက်အဖြစ်လည်း ဒီလိုမျိုး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဒုစရိုက်မှု ကျူးလွန်လိုသူတွေက မင်းတို့ကျူးလွန်ရင်လည်း ထောင်မကျပါဘူးဆိုတဲ့ တလွဲတချော် အတွေးအခေါ်မျိုး ရိုက်သွင်းပေးပြီး ပြစ်မှုတွေ ကျူးလွန်ဖို့အတွက် ဂိုဏ်းဖွဲ့စုဆောင်းကြရင်ရော ဘယ်လိုကာကွယ်မလဲဆိုတာ တွေးဆဖို့လိုအပ်ပါတယ်။

ထပ်ပြီးတော့ ဥပမာပေးရမယ်ဆိုရင် အသက်ခုနစ်နှစ်သမီးကို ၁၈ နှစ်သားက မုဒိမ်းကျင့်လို့ ဥပဒေအရ ထောင် ၁၀ နှစ်ချမယ်။ ထောင်ထဲမှာ လျှော့ရက်ခံစားခွင့်ရလို့ ရှစ်နှစ်လောက်အကြာမှာ သက်ငယ်မုဒိမ်း ပြုကျင့်သူက ပြန်လွတ်လာမယ်ဆိုရင် မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ အသက် ခုနစ်နှစ်အရွယ် မိန်းကလေးဟာ ပျိုဖော်ဝင်စ ၁၅ နှစ်အရွယ်ပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်စဉ်ဟာ မုဒိမ်းပြုကျင့်ခံရတဲ့ မိန်းကလေးငယ်အတွက် မျှတပါ့မလား။

“ဟိုတုန်းကတော့ ၁၆ နှစ်နဲ့ ၁၈ နှစ်ကြားကို လူငယ်လို့ သတ်မှတ်တာပေါ့။ ၁၆ နှစ်အောက်ဆိုရင် ကလေးသူငယ်ပေါ့။ ကလေးသူငယ်ကတော့ ကလေးသူငယ်ဥပဒေ ရှိပြီးသားဖြစ်တော့ အဲဒီဥပဒေအတိုင်း ဆောင်ရွက်ရတာပေါ့လေ။ ဒါပေမဲ့ ၁၆ နှစ်အောက်ကို ၁၈ နှစ်အောက်ကို ကလေးသူငယ်လို့ ဥပဒေပြင်ဆင် ပြဋ္ဌာန်းလိုက်တဲ့ အခါကျတော့ ၁၈ နှစ်အောက်ဆိုရင် အချုပ်ထဲလည်း ဆွဲထည့်လို့မရဘူး။ မရတော့ သန်လျင်မှာရှိတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုဝန်ထမ်းကျောင်းရှိတယ်။ အဲဒီကျောင်းကို ပို့ရတယ်။ နောက်ပြီးတော့ တရားရုံးတွေကလည်း ၁၈ နှစ်အောက်ကို ရမန်မပေးဘူး။ ထိန်းသိမ်းခွင့်ပဲပေးတယ်။ ထိန်းသိမ်းခွင့်ပေးတော့ လူမှုဝန်ထမ်းကျောင်းက ထိန်းသိမ်းပေးရတာပေါ့။ သန်လျင်ကိုတော့ ပို့ဆောင်ရေးလုပ်ရတာ ဖြစ်တဲ့အတွက် ပို့ဆောင်ရတဲ့ အခက်အခဲရှိတယ်။ အသက် ၁၆ နှစ်အရွယ်ဆိုရင် ကလေးလို့ သတ်မှတ်သော်ငြားလည်း ဒီအရွယ်တွေက အမွေးအမှင်စုံနေပြီလေ။ လူပျိုဖြစ်နေပြီလေ။ အဲဒီအခြေအနေမှာ မိန်းကလေး တစ်ယောက်ကို မုဒိမ်းကျင့်မယ်ဆိုရင် ဖမ်းထားလို့မရ ဖြစ်နေတာပေါ့။ မုဒိမ်းမှုဖြစ်တယ်။ သမီးရည်းစားလည်း ဖြစ်တယ်။ ကျူးလွန်သူက ၁၈ နှစ်အောက် ဆိုရင်လည်း ဖမ်းလို့မရဘူး။ သန်လျင်ကျောင်းမှာကလည်း လူ ၂၀၀ လောက်ပဲဆံ့တယ်။ ၅၀၀ လောက်ဖြစ်နေတယ်။ ကျောင်းမှာလည်း အခက်အခဲတွေ အများကြီးဖြစ်တယ်။ တရားရင်ဆိုင်ဖို့ တရားရုံးကို ခေါ်လာတယ်။ ပြန်ပို့တယ်။ အဲဒီခေါ်လာ၊ ပြန်ပို့ရင်း သူတို့က ထွက်ပြေးသွားရင် ခေါ်လာ၊ ပြန်ပို့တဲ့ရဲက အရေးယူခံရမှာပဲ။ အရင်တုန်းက ၁၆ နှစ်အောက်ကို ကလေးငယ်သူငယ်လို့ သတ်မှတ်တာကနေ ၁၈ နှစ်အောက်လို့ ပြင်လိုက်တော့ ရဲလုပ်ငန်းဆောင်တာတွေအရ အခက်အခဲရှိတယ်။ အခုဆိုရင် ဖောက်ထွင်းမှုတွေ၊ လုယက်မှုတွေ အများစုဖြစ်နေတယ်။ ဖောက်ထွင်းတယ်၊ လုတယ်ဆိုတဲ့ သူတွေက ၁၆ နှစ်၊ ၁၇ နှစ်တွေ ဖြစ်နေတယ်။ အဲဒီကောင်တွေကို ချုပ်လို့မရတော့ အခက်အခဲ များကြီးရှိတယ်။ ပြင်ဆင်တဲ့ဥပဒေကလည်း လူ့အခွင့်အရေး သတ်မှတ်တာ၊ ကမ္ဘာက သတ်မှတ်တာတွေနဲ့ ပြင်ဆင်ထားတာ ဆိုတော့လည်း ဒီဥပဒေကို မကောင်းပါဘူးလို့ ပြောလို့မရပြန်ဘူး။ အခုကလည်း ဝေဖန်ထောက်ပြတာပေါ့” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အဆင့်မြင့် ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားပါတယ်။

ပွင့်လင်းမြင်သာမှုရှိတယ်။ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်တယ်ဆိုတဲ့ခေတ်မှာ တရားဥပဒေ စိုးမိုးဖို့အတွက် အဓိကစွမ်းဆောင်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အားနည်းချက်တွေရှိတဲ့ ဥပဒေကြောင့် လုပ်ရကိုင်ရ ခက်နေတာကို ပြောဖို့အတွက်တောင် ငြိုငြင်မလားဆိုတဲ့ အခြေအနေကြောင့် အမည်ခံပြီးပြောဖို့ လက်တွန့်ကြပါတယ်။ ဒါတွေကလည်း အားနည်းတဲ့ ဒီမိုကရေစီရဲ့ ပြယုဂ်ဖြစ်သလို မှားနေတယ်ထင်လို့ ထောက်ပြရင်ကို မပြုပြင်ဘဲ အငြိုးထားခံရမှာ ကြောက်နေတာကိုက လွဲချော်နေတဲ့ ဒီမိုကရေစီစနစ်ကို မြင်နေရသလိုပါပဲ။

ဘယ်လိုပဲ လွဲချော်နေပါစေ။ လူကြီးဖြစ်၊ မဲပေးခွင့်ရှိတဲ့ ကလေးသူငယ်တွေကို ဘယ်လိုပြစ်မှုဖြစ်ဖြစ် အာမခံပေးဖို့၊ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ၊ ယာယီစောင့်ရှောက်ရေး ဂေဟာမှာ ထားရမယ် ဆိုတာတွေကလည်း ပြစ်မှုကျူးလွန်တဲ့ ဆိုးသွမ်းသူက မိဘမရှိရင်၊ ယာယီစောင့်ရှောက်ရေးဂေဟာ မရှိတဲ့နေရာဖြစ်နေရင်၊ အုပ်ထိန်းဝ့ံသူ မရှိရင်ဆိုတဲ့ အခြေအနေတွေကို တွေးဆဖို့လိုသလို ပြစ်မှုကျူးလွန်သူကို ကလေးသူငယ် သတ်မှတ်ပြီး ကလေးသူငယ် တရားရုံးမှာ စစ်ဆေးရင် သတင်းမီဒီယာတွေ ဝင်ခွင့်မရ၊ နားထောင်ခွင့်မရဆိုတဲ့ အခြေအနေတွေကလည်း အဂတိမှုကို တွေးဆစရာ ဖြစ်နေပြန်ပါသေးတယ်။ အဆုံးသတ်အနေနဲ့ ပြောရရင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ ကလေးသူငယ် တံဆိပ်ကပ်ခံရသူ ပြစ်မှုကျူးလွန်သူတွေ ဘယ်လိုဆိုးရွားတဲ့ ပြစ်မှုပဲ ကျူးလွန်ကျူးလွန် ရုန်းထွက်လို့ လွယ်အောင် ဖြစ်နေတဲ့အပြင် ပြစ်မှုကျူးလွန်ခံရသူဘက်ကို တစ်ခုမှ တွေးဆမထားတဲ့ အခြေအနေလည်း ဖြစ်နေပါသေးတယ်။ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး မွေးစားတာမျိုး မကြားရသေးခင်မှာ ပေါ်လာတဲ့ ဘယ်လို ပြစ်မှုမျိုးမဆို အာမခံပေးနိုင်တဲ့ အခြေအနေနဲ့ ထောင်ဒဏ်ချဖို့ကိုတောင် သေဒဏ်၊ ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိထောင်ဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှစ် ၂၀ ချမှတ်နိုင်တဲ့ ပြစ်မှုတွေနဲ့ အကျင့်စာရိတ္တ လွန်လွန်ကဲကဲ ပျက်စီးနေပြီး ဘယ်လိုနည်းနဲ့မှ ထိန်းသိမ်းမရဘူးလို့ ကလေးသူငယ် တရားရုံးက ယုံကြည်မှ ထောင်ချရမယ်ဆိုပြီး ကန့်သတ်ထားတာဖြစ်လို့ သာမန်လူသတ်မှုကိုတောင် ၁၈ နှစ်မပြည့်သေးရင် လွှတ်ပေးမလား၊ လူငယ်ပြုပြင်ရေးကျောင်း၊ သင်တန်းကျောင်း၊ ယာယီစောင့်ရှောက်ရေး ဂေဟာမှာ သုံး၊ လေးနှစ် ထားရုံလောက်နဲ့ပဲ ပြစ်ဒဏ်ပြီးသွားမလား တွေးစရာ ဖြစ်နေပါသေးတယ်။ သေချာတာကတော့ ကန့်ကွက်မှုအများအပြား ရင်ဆိုင်နေရတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဟာ အားနည်းချက် ဗရပွ ပေါ်လာတာမို့ ပြန်လည်သုံးသပ်ကြပါဦးလို့ပဲ ပြည်သူ့ကိုယ်စား တင်ပြချင်ပါတယ်။                   

 

 

Most Read

Most Recent