တပ်မတော် အပစ်ရပ်သက်တမ်းတိုး ၂၁ ရက်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အပစ်ရပ်မှာလား

တပ်မတော် အပစ်ရပ်သက်တမ်းတိုး ၂၁ ရက်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အပစ်ရပ်မှာလား
သြဂုတ် ၃၁ ရက်က NRPC နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
သြဂုတ် ၃၁ ရက်က NRPC နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Published 1 September 2019
ကျော်ဇင်ဝင်း၊ မင်းနိုင်စို

အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNTJP/MNDAA) တို့သည် သြဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် NRPC ကိုယ်စားလှယ်အဖွဲ့၌ ငြိမ်းချမ်းရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်ပြီး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ကော်မရှင်အကြံပေး အဖွဲ့ဝင် ဦးမိုးဇော်ဦးနှင့် ရုံးအထောက်အကူပြု အဖွဲ့များ ပါဝင်သည်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့မှ KIO ဗဟိုကော်မတီ အတွင်းရေးမှူး ကွန်မ်ထပ်ထိန်နန် အပါအဝင် လေးဦး၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဦးရန်ဂင်ကျုံး အပါအဝင် လေးဦး၊ တအာင်းလက်နက်ကိုင် အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ(၂) တားခူလန်းအပါ အဝင်သုံးဦး၊ ရခိုင်လက်နက်ကိုင် အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် အပါအဝင် သုံးဦးနှင့် အဖွဲ့အသီးသီးမှ အထောက်အကူပြု အဖွဲ့ဝင်များ ယခုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် လေးဖွဲ့စလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကို တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့ကာ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားဒေသမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး ဆွေးနွေးပွဲအပြီးတွင် ချက်ချင်းပြန်လည် ထွက်ခွာသွားခဲ့သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့များအကြား အပစ်ရပ် Bilateral သဘောတူညီချက်ရရှိရန် ဆွေးနွေးခဲ့သည်မှာ ရှစ်လကြာမြင့်ပြီး ဖြစ်သော်လည်း နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲများဖြစ်သည့် မူဆယ်မြို့နှင့်  မိုင်းလားဒေသတွင် တရားဝင် နှစ်ကြိမ်တွေ့ဆုံထားပြီး တရုတ်နိုင်ငံ ကူမင်းမြို့တွင်လည်း အလွတ်သဘောများ တွေ့ဆုံထားကာ အပစ်ရပ် မူကြမ်းကိုလည်း အပြန်အလှန် ပေးပို့ဆွေးနွေးနေချိန်တွင် သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်တို့တွင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနက် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့က ဝင်ရောက်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်သည် ငြိမ်းချမ်းရေး မျှော်လင့်နေကြသူများကို အံ့သြထိတ်လန့်စရာ အဖြစ်အပျက် တစ်ခုအဖြစ် ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့ သြဂုတ် ၁၅ ရက်မှစ၍ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့၏ မန္တလေး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို မီးရှို့ခြင်း၊ ကားဘီးများ ပစ်ဖောက်ခြင်းတို့ပြုလုပ်ပြီး မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ လမ်းမကြီးပေါ်တွင် သွားလာမှု ပြတ်တောက်စေရန် ဆောင်ရွက်မှုကြောင့် တပ်မတော်က လမ်းမကြီး လုံခြုံရေးအတွက် နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာမှ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့အကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။

တိုက်ပွဲများ ဖြစ်ပွားမှုသည် လျော့ကျသွားခြင်းမရှိဘဲ သြဂုတ် ၃၁ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ အစိုးရ၏ NRPC နှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့ တွေ့ဆုံဆွေးနွေးနေချိန်၌ပင်  ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ ကွတ်ခိုင်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံငါးဦး သေဆုံးကာ သုံးဦးဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့အထွက် တိုးဂိတ်အနီးရှိ မော်ဟိတ်စုစည်း ကျေးရွာရှိ နေအိမ်နှစ်အိမ် အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

လက်နက်ကြီးကျည် ထိမှန်သေဆုံးသူများတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးဖြစ်ပြီး လသားအရွယ် ကလေးငယ် တစ်ဦးနှင့် တတိယတန်း ကျောင်းသားတစ်ဦး ပါဝင်ကြောင်း သိရသည်။

တစ်ဖက်တွင် ငြိမ်းချမ်းဆွေးနွေးပွဲ ကျင်းပနေချိန် ကွတ်ခိုင်၌ တိုက်ပွဲဖြစ်ပွားသည့်အတွက် လူမှုကွန်ရက်နှင့် ပြင်ပတွင်ပါ သေဆုံးသွားသူများအတွက် စိတ်မကောင်း ဖြစ်ရကြောင်းကို ပြောဆိုရေးသားခဲ့ကြပြီး ကျိုင်းတုံဆွေးနွေးပွဲ အပေါ်လည်း ဝေဖန်မှုများရှိခဲ့သည်။

ကွတ်ခိုင်တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျိုင်းတုံဆွေးနွေးပွဲအတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီကနေ့ ကွတ်ခိုင်ဘက်မှာ ဖြစ်သွားခဲ့တဲ့ အပြစ်မဲ့ အရပ်သား ပြည်သူတွေ သေဆုံးမှုနဲ့ ပတ်သက်လို့လည်း အစိုးရဘက်က ဒါကို ဖတ်ပြပြီးတော့ ကျွန်တော်တို့ ကြေးနန်းတွေ ချပြပြီးတော့ ဆွေးနွေးပါတယ်။ အဲဒီအပေါ်မှာလည်း အငြင်းပွားမှုတွေလည်း ရှိပါတယ်။ ခြုံပြီးပြောရရင်တော့ ကျွန်တော်တို့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အစိုးရဘက်ကလည်း NRPC အနေနဲ့ ဒီအပေါ်မှာလည်း ကျွန်တော်တို့ ထုတ်ဖော်ပြီးတော့ ပြောပါတယ်။ အခုတိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီအစည်းအဝေးပွဲမှာ ဆွေးနွေးပါတယ်။ အလားတူပဲ EAO တွေဘက်ကလည်း ပြန်ပြီးတော့ သူတို့ရဲ့ တောင်းဆိုချက်တွေ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ပြန်ပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျွန်တော်တို့ တော်တော်လေး အကြိတ်အနယ် ဆွေးနွေးပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ကွတ်ခိုင်တိုက်ပွဲတွင် အရပ်သားများ သေဆုံးမှု ဖြစ်ပေါ်ခဲ့သည့် လက်နက်ကျည်သည် မည်သည့်ဘက်က ပစ်သည်ကို ကွဲပြားပြား မသိရသေးဘဲ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အရပ်သားများ သေဆုံးမှုအပေါ် မည်သည့်ဘက်က တာဝန်ယူမည်နည်းဟု မေးမြန်းမှုအပေါ် လက်နက်ကျည်ကို ကြည့်၍ ပစ်သည့်အဖွဲ့အား သိနိုင်ကြောင်းနှင့် ၎င်းတို့အား တာဝန်ယူခိုင်းရန် ဦးဇော်ဌေးက တုံ့ပြန်ခဲ့သည်။

“ဒီအရပ်သားတွေ သေဆုံးမှုအတွက် ဘယ်သူတိုက်သလဲ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးပွဲမှာ ပြောပါတယ်။ ပြောတဲ့အတွက်လည်း ဘယ်သူက တာဝန်ယူ တာဝန်ခံမှာလဲ ဆိုတဲ့ဟာက အောက်ခြေမှာ ကြည့်လိုက်ပါ။ ကျွန်တော်တို့ ဒီဒုံးဒလက်တွေ ကြည့်လိုက်။ ဒလက်တွေ ကြည့်လိုက်ရင် သိတယ်။ အဲဒါဘယ်က ထုတ်တဲ့ ဟာလဲဆိုတာ ကြည့်လိုက်ပါ။ အဲဒါ ကြည့်လိုက်ရင် ဘယ်သူ့လက်ချက်ဆိုတာ သိလိမ့်မယ်။ အဲဒီလူ တာဝန်ယူပေါ့။ အဲဒီလို မေးခွန်းထုတ်ဖို့လိုတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

သို့ရာတွင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြည်သူလူထုကို ထိခိုက်အောင် မလုပ်ကြောင်းနှင့် အရပ်သားများအား ပစ်ခတ်ခြင်း မရှိကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကျိုင်းတုံဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာစဉ် မီဒီယာများနှင့် ခေတ္တတွေ့ဆုံရာ၌ ငြင်းဆိုခဲ့သည်။

“တိုက်ပွဲတွေကို ဘယ်လိုကျွန်တော်တို့ လျှော့ချမလဲ ဆိုတဲ့ဟာမျိုးကို အချိန်ရသလောက်တော့ ရသလောက် ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူလူထုကို ထိခိုက်အောင်တော့ ဘယ်တော့မှ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထု အများစုက ရခိုင်ဒေသမှာဆိုရင် ရခိုင်လူမျိုးတွေဖြစ်တယ်။ တအာင်းမှာဆိုရင် တအာင်းလူမျိုးတွေဖြစ်တယ်။ ကချင်မှာဆိုရင် ကချင်လူမျိုးတွေဖြစ်တော့ ကျွန်တော်တို့က ကိုယ့်လူမျိုးတွေကိုသတ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အရပ်သားတွေ ပစ်တာကတော့ လောလောဆယ်မှာတော့ ကျွန်တော်တို့ဘက်က မပစ်ဘူးလို့ ပြောလို့ရပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောကြားသည်။

ထို့ပြင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးနှင့် အရပ်သား သေဆုံးမှုများ ဖြစ်နေသည့်အတွက် လမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများရပ်ရန် အစိုးရဘက်က ကျိုင်းတုံဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ပြီး  မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များက ချက်ချင်း အဖြေမပေးနိုင်ခဲ့ဘဲ သက်ဆိုင်ရာ ခေါင်းဆောင်များအား ပြန်လည်တင်ပြ၍ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ သတင်းစာ ရှင်းလင်းပွဲ ပြောဆိုမှုများတွင် ပါဝင်ခဲ့သည်။

“ချက်ချင်း ဘာလို့ မရပ်နိုင်သလဲ။ ချက်ချင်းရပ်ဖို့ ကျွန်တော်တို့ ပြောတယ်။ ဒီနေ့ အစိုးရဘက်က ပြောတာက ဒီလိုသေဆုံးမှုတွေ အပြစ်မဲ့ပြည်သူတွေ ဖြစ်နေတဲ့အတွက် ရပ်ပေးဖို့ အထူးသဖြင့် ကျွန်တော်တို့ ပြောတာက ပြည်ထောင်စုလမ်းမကြီး ဒါမျိုးတွေကို မလုပ်ဖို့ အစိုးရဘက်က ပြောတယ်။ ပြောတဲ့အပေါ်မှာ EAO ဘက်က ခေါင်းဆောင်တွေ ပြန်ဆွေးနွေးမယ်လို့ သူတို့ပြောသွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ အစိုးရအနေနဲ့ ကိုယ့်ရဲ့လိုလားချက်ပေါ့နော်။ ပြည်သူတွေ ဒုက္ခရောက်တာ မလိုလားဘူး။ ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေတာ မလိုလားဘူး။ အရပ်သားပြည်သူတွေ ဒုက္ခရောက်တာ မလိုလားဘူး။ အဲဒီအတွက် ကျွန်တော်တို့ဘက်က တောင်းဆိုတယ်။ ဒီအပေါ်မှာတော့ EAO တွေရဲ့ သဘောထားအပေါ် မူတည်တယ်။ အဲဒီအပေါ်မှာ ရပ်ခြင်း မရပ်ခြင်းရဲ့ နောက်ဆက်တွဲကတော့ သူ့ဟာနဲ့သူ ဖြစ်လာလိမ့်မယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

တိုက်ပွဲလျှော့ချမည်ဆိုသည့် ကိစ္စသည် နှစ်ဦးနှစ်ဖက်စလုံးပေါ်တွင် မူတည်ကြောင်း၊ မိမိတို့ဘက်မှ သက်သက်ကြီး လျှော့၍မရကြောင်း၊ မြန်မာ့တပ်မတော် ဘက်ကလည်း လက်ရှိ မြေပြင်တွင် ရောက်နေသူများပေါ် မူတည်ပြီး အမိန့်ပေးသည့် အဖွဲ့အစည်း၏ ခေါင်းဆောင်များ ပေါ်တွင်လည်း မူတည်ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ကျိုင်းတုံဆွေးနွေးပွဲရလဒ်

တစ်ဖက်တွင် တိုက်ပွဲဖြစ်ပေါ်နေချိန် ဆွေးနွေးခဲ့သည့် NRPC နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံပွဲသည် နိုင်ငံရေးအရ တိုးတက်မှု တစ်စုံတစ်ရာရှိသည်ဟု ဆိုရမည်ဖြစ်ပြီး ပွဲအပြီးတွင် နှစ်ဖက်ပူးတွဲ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။

ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး၊ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို ဦးတည်၍ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

နှစ်ဖက်ပူးတွဲ ကြေညာချက်တွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း ရေးသားထားသည်။

“ဒီနေ့ဆွေးနွေးပွဲကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လက်ရှိပြတ်တောက်နေတဲ့ အချိန်ကာလကို ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမလဲ။ မတွေ့တာကြာတယ်ဆိုတော့ ပြဿနာတွေကထပ်ပြီးတော့ ပိုဖြစ်တယ်ဆိုတော့ ဒီပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာမျိုးပါ။ အဓိက ရည်ရွယ်ချက်က။ (တပ်နေရာချထားရေးကိစ္စ) သိပ်ပြီးတော့ မဆွေးနွေးခဲ့ပါဘူး။ တပ်နေရာ ချထားရေးက မြန်မာ့တပ်မတော်ဘက်က ခေါင်းဆောင်တွေ မပါတော့ ကျွန်တော်တို့ သိပ်ပြီးတော့ ဆွေးနွေးမရဘူး။ (တပ်မတော်၏မူကြမ်းကို လက်မခံသည့်ကိစ္စ) ဒီနေ့ ကျွန်တော်တို့ဘက်က ယူလာတဲ့ လေးဖွဲ့ပေါ့။ ဒီနေ့ပါလာတဲ့ ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ကချင်လေးဖွဲ့ယူလာတဲ့ မူကြမ်းကိုတော့ NRPC ဘက်ကို ပေးခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲက အလုပ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ အကောင်းဘက်ကိုရောက်တယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကို မျှော်လင့်ခဲ့တယ်” ဟု AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။

Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးသည့်နောက် NCA နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်း သွားရန်လည်း သဘောတူညီခဲ့ကြောင်း ပူးတွဲသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နောက်လာမယ့် Bilateral ကျရင်တော့ ကျွန်တော်တို့က မူအားဖြင့် သဘောတူညီချက်ယူမယ်။ အသေးစိတ်ကိုတော့ ဆက်ပြီးတော့ ဆွေးနွေးမှာဖြစ်တယ်။ ကျွန်တော်တို့ သွားမယ့် Bilateral သည် မူနဲ့သွားမယ့် Bilateral ဖြစ်တယ်။ မူအားဖြင့် သဘောတူညီချက်ရဖို့၊ တိုက်ပွဲတွေရပ်ဖို့ အဲဒါကို ဦးတည်တဲ့ Bilateral ဖြစ်တယ်။ နောက် ရေရှည်တိုက်ပွဲတွေ မဖြစ်ပွားရေးကတော့ တပ်နဲ့ဆက်ညှိရမယ့်သဘော ကျွန်တော်တော့ ဖြေချင်တယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒ အပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပူးတွဲသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဆွေးနွေးညှိနှိုင်းမှုရဲ့ သဘောတရားပေါ့နော်။ သဘောတရားကတော့ လက်ရှိအမြန်ဆုံး ရပ်ဖို့လို တယ်။ တိုက်ပွဲမဖြစ်ဖို့လိုတယ်။ ပြီးရင် ဒီ Ceasefire ခိုင်မာဖို့လိုတယ်။ ခိုင်မာဖို့အတွက် သဘောတူညီချက်တွေ လိုတယ်။ အဲဒီတော့ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးဆိုတာ အဲဒါကိုပြောတာ။ ဘယ်တပ်ဘယ်မှာနေ၊ ဘယ်မှာနေ။ ပြီးရင်တစ်ဖွဲ့နဲ့ တစ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့အတွက် ထိတွေ့မှုတွေက သဘောသဘာဝအရ ဖြစ်တတ်တယ်။ ဖြစ်တဲ့အခါကျရင် ဘယ်လိုစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်နဲ့ လုပ်မလဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်။ အဲဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က ဒီဟာကို ဒီနေ့ဆွေးနွေးတာ ဖြစ်တယ်။ ကျွန်တော်တို့ဒီနေ့ အကြမ်းဖျင်း သဘောတူထားတဲ့ Process ကတော့ ဒီဟာတွေဆွေးနွေးဖို့ သဘောတူလိုက်ပြီ။ သဘောတူလိုက်တဲ့ အပိုင်းမှာ ကျွန်တော်တို့ တစ်ဆင့်ပေါ့။ လေးဖွဲ့စလုံးနဲ့ ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ဖို့ဆိုပြီး EAO ဘက်အဆိုပြုထားတယ်။ ဒီအဆိုပြုချက်ကို ကျွန်တော်တို့ယူသွားမယ်။ ယူသွားပြီရင် ဟိုဘက်မှာ အစိုးရနဲ့ တပ်မတော် ပြန်ပြီးဆွေးနွေးရမှာ ဖြစ်တယ်။ ဆွေးနွေးပြီးရင် နောက်တစ်ကြိမ် ၁၆၊ ၁၇ ပေါ့နော်။ ပြန်တွေ့ပြီးတော့ လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားရောက်ဖို့ မျှော်လင့်တယ်။ အဲဒီလိုမျှော်လင့်ပြီး လုပ်နေတာဖြစ်တယ်။ လတ်တလောမှာ လက်ရှိဖြစ်နေတဲ့ အနေအထား မဖြစ်ဖို့ ကျွန်တော်တို့က အဆိုပြုတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကိုလည်း သူတို့လတ်တလောမှာ ဆုံးဖြတ်နိုင်ခြင်း မရှိဘူး။ သူတို့ရဲ့ ခေါင်းဆောင်တွေကို ပြန်တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြောပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။ 

တပ်မတော်အပစ်ရပ် သက်တမ်းတိုး

ကျိုင်းတုံတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သည့် သြဂုတ် ၃၁ ရက်သည် တပ်မတော်ဘက်မှ စတင်၍ တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့် သတ်မှတ်ရက် ပြည့်မြောက်သည့် ရက်နှင့်လည်း တိုက်ဆိုင်နေသည်။

တပ်မတော်ဘက်မှ စတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ခဲ့ပြီး နှစ်လတစ်ခါ အပစ်ရပ် သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၁ ရက်အထိ အချိန်ကာလအားဖြင့် ရှစ်လကြာမြင့်ခဲ့သည်။ 

ကျိုင်းတုံဆွေးနွေးပွဲ ကျင်းပနေချိန် ဖြစ်ပွားခဲ့သည့် ကွတ်ခိုင်တိုက်ပွဲကြောင့် တပ်မတော်အနေဖြင့် အပစ်ရပ်သက်တမ်း မတိုးနိုင်ဟု အများစုက သြဂုတ် ၃၁ ရက် မွန်းလွဲ ပိုင်းအချိန်အထိ သုံးသပ်မှုများ ရှိခဲ့သော်လည်း ကျိုင်းတုံဆွေးနွေးပွဲအပြီး ရလာဒ်အပေါ်မူတည်၍ တပ်မတော်က အပစ်ရပ်ကာလ သက်တမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး တပ်မတော်ဘက်က စတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ  ၂၁ ရက်မှ စတင်၍ ယနေ့အထိ အချိန်ကာလအားဖြင့် ရှစ်လကြာ   တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သောဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေး တို့အတွက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ ်နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တံတားများ မိုင်းခွဲဖျက်ဆီးခံရခြင်း၊ မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခံရခြင်း စသည်ဖြင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုကင်းမဲ့နေသော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးသည် တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်း သက်တမ်းတိုးမြှင့်သည့် နယ်မြေတွင် ပါဝင်သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များ၏ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးမှုကို စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံတွေ့ဆုံမည့်ရက်အတွက် ထပ်မံသက်တမ်း တိုးမြှင့်သည့် သဘောလည်းဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တပ်မတော်၏ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားသည့် ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် NRPC နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်နှင့် လိုအပ်ပါက တပ်မတော်က ဖွဲ့စည်းပေးထားသော စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းမှူးများ ပါဝင်သည့် တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဖြင့် ဆွေးနွေးရန် ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သော တပ်မတော်၏ ကြေညာချက်တွင် ပါဝင်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် သဘောတူစာချုပ်များကို လိုက်နာရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို လိုက်နာရန်တို့ကို ဒီဇင်ဘာ ၂၁ ရက် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အင်အားသုံး တိုက်ခိုက်ခြင်းများ ရှောင်ရှားရန်၊ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်မှု မဖြစ်ပွားစေရန်ကိုလည်း တာဝန်ယူရန် ဒီဇင်ဘာ ၂၁ ရက် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်ပြီးဖြစ်သည်။

အပစ်ရပ်အခြေအနေ တိုးတက်မှာလား

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လမ်းပန်းဆက်သွယ်ရေး မလုံခြုံမှုနှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန် တပ်မတော်၏ အပစ်ရပ်ကာလ တိုးမြှင့်မှုနှင့် အစိုးရ၏ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့များအား လက်ခံတွေ့ဆုံ ဆွေးနွေးမှုများအပေါ် ဝေဖန်မှုများလည်း ရှိနေပြီး ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်မလုပ်တော့ရန်လည်း ပြောဆိုရေးသားမှုများ ရှိနေသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အကြား တွေ့ဆုံရေးအတွက် ခရီးသွားလာရေးနှင့် နေရာထိုင်ခင်း အပါအဝင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်နိုင်ရန် ကြားဝင်စေ့စပ်ပေးမှုများ ရှိသော်လည်း တစ်ဖက်တွင် တရုတ်နိုင်ငံအနေဖြင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များ၏ နောက်ကွယ်တွင် ရှိနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။

ကျိုင်းတုံဆွေးနွေးပွဲမတိုင်မီ သြဂုတ် ၂၉ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ငြိမ်းချမ်းရေးအပေါ် သဘောထား ထုတ်ပြန်ရာတွင် အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာစေရန်အတွက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် FPNCC ၏ နိုင်ငံရေး ဦးဆောင်မှုတို့နှင့်အတူ မိမိတို့ဘက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ့တပ်မတော်နှင့် မိမိတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုရလဒ်သည် မြန်မာ-တရုတ်နယ်စပ် တည်ငြိမ်ရေးနှင့် တိုက်ရိုက်ပတ်သက်နေပြီး မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်ရေး ရရှိအောင် ကြိုးစားအားထုတ်မည် ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် မြန်မာ့တပ်မတော်သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကို အလေးမထားမှုကြောင့် တွေ့ဆုံဆွေးနွေးမှုများ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာဘဲ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာချက်ပါ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ကိစ္စရပ်ကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အဲဒါလည်း ကျွန်တော်တို့ ဒီနေ့သူတို့ကို ပြောလိုက်တယ်။ ပြောလိုက်တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ သဘောတရားက မီဒီယာမှာ ဆွေးနွေးလို့မရဘူး။ မီဒီယာပေါ်ကနေ ဆွေးနွေးနေရင် ချဲ့ကားပြီးတော့ ဖြစ်တတ်တယ်။ ဖြစ်တတ်တော့ ကျွန်တော်တို့ များများတွေ့ဖို့လိုတယ်။ များများတွေ့မှလည်း ကျွန်တော်တို့ကြားမှာ နားလည်မှုရှိမယ်။ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုက အဲဒီလို တည်ဆောက်တာ ဖြစ်တယ်။ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ကနေ ဒီနေ့အထိ တွေ့ဖို့က တော်တော်ကြန့်ကြာတယ်။ ပြန်ပြီးကြည့်ရင် မြောက်ပိုင်းအဖွဲ့လေးဖွဲ့နဲ့ Bilateral Ceasefire Agreement ထိုးဖို့လုပ်နေတာ ဒီနေ့ဆိုရှစ်လပြည့်ပြီ။ ရှစ်လတင်းတင်းပြည့်တဲ့ အချိန်မှာ ဘာတိုးတက်မှုတွေရှိလဲ ဆိုတာလည်း ကျွန်တော်တို့ ပြောပါတယ်။ ပြောတော့ ကျွန်တော်တို့ နှစ်ဖက်စလုံးကြားမှာ အားနည်းချက်တွေ ဘာတွေရှိလဲ။ ဒါအပေါ်မှာလည်း နှစ်ဖက်စလုံးက ပြုပြင်ဖို့ ဆွေးနွေးတယ်။ နောက်တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုပေ့ါ။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု ဆိုတာကလည်း လက်တွေ့ ဆွေးနွေးတာက စားပွဲဝိုင်းမှာ တရုတ်နိုင်ငံ မပါပါဘူး။ တရုတ်နိုင်ငံကတော့ သွားရေးလာရေး အဆင်ပြေအောင် နေရာထိုင်ခင်း အဆင်ပြေအောင် Logistic အရ ကူညီဆောင်ရွက်ပေးတာရှိတယ်။ ဒီနယ်စပ်တည်ငြိမ်မှုက နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားဖြစ်တယ်။ အဲဒီအတွက်လည်း တရုတ်နိုင်ငံရဲ့ ဒီလိုမျိုး ကြားဝင်စီစဉ် ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်တယ်။ သို့သော် ဆွေးနွေးတာကတော့ ကိုယ့်အချင်းချင်းပဲ ဆွေးနွေးရမှာပဲ။ ကိုယ့်အချင်းချင်းလည်း ဆွေးနွေးနေတာပဲ။ အဲဒီအပိုင်းမှာ တရုတ်က ဝင်မပါပါဘူး။ တရုတ်ကတော့ Facilitate လုပ်တာပေါ့နော်။ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် အထမြောက်အောင် တွေ့ဆုံဖြစ်အောင် Facilitate လုပ်တဲ့ အနေနဲ့ပဲ ပါတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အခြားတစ်ဖက်တွင် ညီနောင်မဟာမိတ် လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်၍ အရပ်သားပစ်မှတ်များအား တိုက်ခိုက်မှုများကို အစိုးရက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားပြီး တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“နံပါတ် (၁) အစိုးရရဲ့ ပေါ်လစီက ရှင်းတယ်။ အရပ်သားပစ်မှတ်ခြင်းသည် အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်။ နံပါတ် (၂) ဒီလိုမျိုး လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်နေရုံနဲ့ အဖြေမထွက်ဘူး။ နှစ်ပေါင်း ၇၀ ကျော် ကျွန်တော်တို့ တိုက်လာပြီ။ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ပေါ့နော်။ ဒါကြောင့်မို့လည်း တိုက်လာတယ်။ တိုက်လာပေမယ့် ဒီနေ့အထိ ဘယ်အဖြေထွက်သလဲ။ အဖြေမထွက်ဘူး။ ဒီတိုက်ပွဲတွေနဲ့ နိုင်ငံက ခေတ်နောက်ကျတာပဲ ရှိတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံက ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်ဆိုတာ ကျွန်တော်တို့ နိုင်ငံပဲ ကျန်တော့တယ်။ ဆိုတော့ နိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအရ နစ်နာမှုတွေကလည်း ရှိတယ်။ ဒါကို ဖြေရှင်းဖို့ ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ အဖြေရှာဖို့ လိုတယ်။ ဒါကို အစိုးရက အဲဒီအတွက် ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားတယ်လို့ ပြောတာ။ ငြိမ်းချမ်းရေး တံခါးကတော့ သော့ပိတ်ဖို့ မူဝါဒမရှိဘူး။ ပိတ်လည်းပိတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးပွဲကိုတော့ တက်လာဖို့လိုတယ်။ ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းပြော၊ လိုလားချက်တွေပြော။ အဲဒီမှာ နိုင်ငံရေး သဘောတူညီချက်တွေ ရလို့ရှိရင် ဒီတိုင်းပဲ ကျွန်တော်တို့ ဖြစ်လာမယ်။ ဒီအတိုင်း ကျွန်တော်တို့ ပြောထားတာ ဖြစ်တယ်။ ကျန်တဲ့ ခုနကပြောတဲ့ စွဲဆိုထားတဲ့ ကိစ္စကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အပေါ်မှာ မူတည်တယ်လို့ ကျွန်တော်တို့ ပြောချင်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိအခင်းအကျင်းအရ အစိုးရသည် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့်Bilateral လက်မှတ်ရေးထိုးရေးကို အဓိက အစိတ်အပိုင်းအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ အဆင့်မှ နောက်ထပ်တစ်ဆင့်ဖြစ်သည့် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ နောက်တစ်ကြိမ် တွေ့ဆုံပွဲကို ပန်ဆန်းတွင် ပြုလုပ်ရန် မြောက်ပိုင်းမဟာမိတ် အဖွဲ့များက သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲတွင် အဆိုပြုခဲ့ပြီး အစိုးရဘက်ကမူ ကျိုင်းတုံတွင်သာ ဆက်လက်ပြုလုပ်ရန် အဆိုပြုခဲ့ကာ ကျိုင်းတုံတွင် ဆက်လက်ပြုလုပ်ရန် အဆိုပြုခြင်းသည် လာမည့် တွေ့ဆုံပွဲတွင် တပ်မတော် ကိုယ်စားလှယ်များလည်း ပါဝင်လာမည် ဖြစ်သောကြောင့် ဖြစ်သည်။

ကျိုင်းတုံဆွေးနွေးပွဲရလဒ်အရ လာမည့် စက်တင်ဘာလလယ်တွင် ထပ်မံတွေ့ဆုံရာ၌ Bilateral လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိကျသေချာသော အဖြေတစ်ခု ထွက်ပေါ်လာနိုင်ဖွယ်ရှိသည်။

တပ်မတော်၏ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်တမ်းတိုးပေးမှုသည်လည်း စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွေ့ဆုံ ဆွေးနွေးပွဲ၏ ရလဒ်အပေါ် စောင့်ကြည့်လို၍ အချိန်ကိုက် သက်တမ်းတိုးပေး ထားခြင်းဖြစ်ပြီး အကယ်၍ အဆိုပါ တွေ့ဆုံပွဲတွင် ရလဒ်ကောင်း မထွက်ပါက လတ်တလော အပစ်ရပ်ထားသည့် တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုတွင် ယခုထက်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာမည့် အခြေအနေတွင် ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

အကယ်၍ တိုးတက်သော လက္ခဏာဆောင်ပါက လက်ရှိ ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့အကြား တိုက်ပွဲများ လျှော့ချ နိုင်မည် ဖြစ်သကဲ့သို့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးမှာလည်း တိုးတက်လာမည့် အနေအထားသို့ ရောက်ရှိလာမည် ဖြစ်သည်။

ထိုသို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးအတွက် တပ်နေရာ ချထားရေး စသည့်တပ်ပိုင်းဆိုင်ရာ ကိစ္စများကို တပ်မတော်ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဆက်လက် ဆွေးနွေးကြမည်ဖြစ်၍ အဆိုပါဆွေးနွေးမှု၏ တိုးတက်မှု ဆုတ်ယုတ်မှုရလဒ်သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၏ NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။

 

Most Read

Most Recent