လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ချခံရတဲ့သူတွေ မျှော်လင့်ချက်ကုန်ဆုံးပြီလား

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်ချခံရတဲ့သူတွေ မျှော်လင့်ချက်ကုန်ဆုံးပြီလား
 အယူခံ ငြင်းပယ်ခံရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား တွေ့ရစဉ် (Photo : Reuters)
အယူခံ ငြင်းပယ်ခံရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား တွေ့ရစဉ် (Photo : Reuters)
Published 1 September 2019
ဇော်မင်းနိုင်

 

တစ်နှစ်ကျော်ကြာ စောင့်စားခဲ့ရသည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချမှတ် ခံထားရသည့် မြန်မာလုပ်သား နှစ်ဦး၏ အယူခံကို ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံးက သြဂုတ် ၂၉ ရက်တွင် ပလပ်အမိန့် ချမှတ်ခဲ့သည်။

အဆိုပါ လုပ်သားနှစ်ဦးနှင့် ပတ်သက်ဆက်နွှယ် သူများသာမက မြန်မာနိုင်ငံတွင် အမှုကို စောင့်ကြည့်နေသူများ၏ မျှော်လင့်ချက်များ ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရသည့် နေ့တစ်နေ့လည်းဖြစ်သည်။

လိပ်ကျွန်း (ထိုင်းအခေါ် ခိုတောင်ကျွန်း) တွင် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား စုံတွဲဖြစ်သည့်  ဒေးဗစ်မီလာနှင့် ဟန်နာဝစ်သာရစ်ဂျ်တို့ နှစ်ဦးမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ  ၁၅ ရက်က လိပ်ကျွန်းကမ်းခြေ အနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

လိပ်ကျွန်းဆိုသည်မှာ ဘာလဲ

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ အဆိုပါ ဒေသတွင် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်သည့် ကျွန်းသုံးခုရှိပြီး ခိုတောင်ကျွန်းမှာ ဧရိယာ အသေးဆုံးကျွန်း တစ်ခုဖြစ်သည်။

ထိုင်းပင်လယ်ကွေ့တွင် အခြားကျွန်းများစွာ ရှိသော်လည်း အကြီးဆုံးနှင့် အဖွံ့ဖြိုးဆုံးကျွန်းမှာ ခိုဆာမွိုင်ကျွန်းဖြစ်သည်။ အဆိုပါကျွန်းတွင် ပတ်ဝန်းကျင်ကျွန်းစု ဒေသအားလုံးအတွက် တစ်ခုတည်းသော နိုင်ငံတကာလေဆိပ် တည်ရှိသည်။ ဒုတိယအကြီးဆုံးမှာ ခိုဖန်ဂန်းကျွန်းဖြစ်သည်။

ခိုတောင်ကျွန်းတွင် သဘာဝ သန္တာကျောက်တန်း၊ ရုက္ခဥယျာဉ်များနှင့် သမပိုင်းဇုန်ငါးများနှင့် ရေတိမ်သောင်ကျွန်းသေးများ ဝန်းရံထားသည့် ကျွန်းလေးလည်း ဖြစ်ပါတယ်။ ခိုတောင်ကျွန်းမှာ ၁၉၃၃ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ ကိုလိုနီ နယ်မြေတစ်ခုအဖြစ် ရပ်တည်ခဲ့သည့် ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။ လာရောက် လည်ပတ်သူများမှာ ခိုတောင်ကျွန်းတွင် အပျော်တမ်း ရေငုပ်ခြင်းများရှိပြီး လက်ရှိအချိန်အထိ အဆိုပါ လုပ်ငန်းမှာ ကျွန်း၏ အောင်မြင်နေဆဲလုပ်ငန်း တစ်ခုလည်း ဖြစ်သည်။

ယင်းသို့ နာမည်ကောင်းဖြင့် ကျော်ကြားမှုများ ရှိသော်လည်း အခြားတစ်ဖက်တွင်မူ လူမိုက်ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ အနိုင်ကျင့်မှုများလည်း ရှိနေသည်။ ထို့ပြင် ကျွန်းတွင် မူးယစ်ဆေးဝါးကိစ္စမှာလည်း ထိုင်းအာဏာပိုင်များ ထိန်းချုပ်နိုင်ခြင်း မရှိသည့် အခြေအနေလည်းဖြစ်သည်ဟု သိရသည်။

ပြည်ပခရီးသွား ဝင်ရောက်မှု များလာသည့် အခြေအနေတွင် ဟိုတယ်လုပ်ငန်းမှာ အောင်မြင်သည့် လုပ်ငန်းတစ်ခုဟု ဆိုနိုင်သော်လည်း ယင်းဟိုတယ်လုပ်ငန်းများကို ထိန်းချုပ်ထားသူများမှာ လူမိုက်ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့ လုပ်ကိုင်သူများ၏ လက်ထဲ၌သာရှိသည်။

အဆိုပါကျွန်းတွင် လာရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သားများလည်းရှိသည်။ ၎င်းတို့မှာ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည်။

ထိုင်းနိုင်ငံသာမက တစ်ကမ္ဘာလုံးကပါ စိတ်ဝင်စားသည့် လိပ်ကျွန်းပေါ်က လူသတ်မှု

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် အနောက်ခရီးသွားလို့ ခေါ်ဆိုနိုင်တဲ့ ဗြိတိန်နိုင်ငံက ဒေးဗစ်မီလာနှင့် ဟန်နာဝစ်သာရစ်ဂျ်တို့ နှစ်ဦးမှာ လိပ်ကျွန်းပေါ်ရှိ သဲသောင်ပြင်တွင် ဒဏ်ရာများစွာနဲ့ သေဆုံးနေသည်ကို ကမ်းခြေလုပ်သား တစ်ဦးက စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းမှာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အရပ်ခြောက်ပေကျော် မြင့်သည့် ဒေးဗစ်မီလာသည် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဟန်နာဝစ်သာရစ်ဂျ်မှာ အဝတ်အစားများ ဖရိုဖရဲဖြစ်ကာ ဦးခေါင်းကြေမွ ဒဏ်ရာနှင့် သေဆုံးနေသည်ကို အခင်းဖြစ်ပွားရာနေရာ၌ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများအရ သိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဟန်နာဝစ်သာရစ်ဂျ်မှာ ဦးခေါင်းကို ပေါက်တူးဖြင့် ထုရိုက်ခံထားရပြီး မသေဆုံးမီတွင် အဓမ္မပြုကျင့် ခံထားရသည်ဟု ဖော်ပြခဲ့သည်။

ယင်းကာလမှာ ထိုင်းနိုင်ငံတွင် အာဏာသိမ်း ထိုင်းစစ်အစိုးရမှ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ လက်ထက်တွင် ဖြစ်ပွားခဲ့သည့်အချိန် ဖြစ်နေသဖြင့် ထိုင်းနိုင်ငံတွင်းမှာသာမက ကမ္ဘာ့နိုင်ငံများကလည်း စိတ်ဝင်စားခဲ့သည့် အမှုဖြစ်သည်။

“အဲဒီအချိန်က ထိုင်းကလည်း အာဏာသိမ်းထားတာ မကြာသေးဘူး။ ပြီးတော့ အသတ်ခံရတာ ခရီးသွားတွေ။ ခရီးသွားတွေထဲမှာမှ ဗြိတိန်က ဆိုတော့ လူတွေတော်တော် စိတ်ဝင်စားတယ်” ဟု ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သားများအရေး ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဦးကျော်သောင်းက ပြောကြားသည်။

မေးခွန်းထုတ်စရာဖြစ်သည့် ထိုင်းရဲတပ်ဖွဲ့၏ လူသတ်တရားခံ ဖော်ထုတ်မှု

အမှုမှာ လူစိတ်ဝင်စားသည့်အမှု ဖြစ်နေသဖြင့် ထိုင်းအာဏာပိုင်များအတွက် တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးမှာ အလောတကြီး လိုအပ်ချက် တစ်ခုဖြစ်သည်။ ယင်းအခြေအနေတွင် လိပ်ကျွန်းတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရခိုင်လူမျိုးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား မှုခင်းဖြစ်ပွားပြီး သုံးပတ်ကျော် အကြာတွင် တရားခံအဖြစ် ထုတ်ဖော်ပြသ လာခဲ့သည်။

ယင်းသို့ ထုတ်ဖော်ခဲ့သော်လည်း ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ သာမက ထိုင်းနိုင်ငံသားများကလည်း လက်ခံယုံကြည်ခြင်း မရှိပေ။

လက်မခံနိုင်သည့် အချက်များကို ထိုင်းနိုင်ငံတွင် ထင်ရှားသည့် မီဒီယာတစ်ခုဖြစ်သည့် ဘန်ကောက်ပို့စ် သတင်းစာ၏ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ဖော်ပြခဲ့သည့် လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai ရေးသားသည့် Koh Tao case shatters faith in our police (ထိုင်းရဲတပ်ဖွဲ့ မဖြေနိုင်တဲ့ ခိုတောင်လူသတ်မှု) ဆိုသည့် ဆောင်းပါးက သက်သေခံနေသည်ကို တွေ့ရသည်။

အဆိုပါ ဆောင်းပါးတွင် လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များကို ဝေဖန်ထားသည်ကို တွေ့ရသည်။ အမှုတွင် အဓိက သက်သေခံပစ္စည်းဟု ယူဆရသည့် အသတ်ခံရသည့် ဟန်နာ၏ အနီးအနားတွင် တွေ့ရှိရသည့် ကွန်ဒုံး DNA ဖျောက်ဖျက်ခံရခြင်း၊ လိပ်ကျွန်း၏ ကျွန်းသူကြီး သားဖြစ်သူအား DNA စစ်ဆေးမှု မရှိခြင်းများကို ဝေဖန်ထားသည်ကို တွေ့ရသည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် မှုခင်းဖြစ်စဉ်ဖြစ်ပွားတိုင်း ထိုင်းရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ အာရုံစိုက် စစ်ဆေးခံရခြင်းများကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ခိုတောင်ကျွန်းတွင် ထိုင်းရဲတပ်ဖွဲ့၏ အားနည်းချက်များနှင့် ဇာတ်လမ်းဆင်ထားသည့် အခြေအနေ များကိုလည်း မီးမောင်းထိုး ရေးသားဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် မှုခင်းဖြစ်စဉ် ဖြစ်ပွားတိုင်း မြန်မာရွှေ့ပြောင်း လုပ်သားများ စောင့်ကြည့်စစ်ဆေးခံရသည့် အခြေအနေမှာ ထူးဆန်းသည့် ဇာတ်လမ်းတစ်ခုတော့ မဟုတ်ပေ။ ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ သန်း နီးပါးခန့်ရှိသည်။

လာရောက်လုပ်ကိုင်သူ အများစုမှာ ထိုင်းနိုင်ငံ၏ ဥပဒေများကို သိရှိမှု မရှိခြင်း၊ ကူညီပေးသူများ နည်းပါးခြင်းကြောင့် မှုခင်းဖြစ်စဉ်များတွင် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် မြန်မာလုပ်သားများမှာ အများအပြားပင်ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုတွင်လည်း မြန်မာလုပ်သားနှစ်ဦးမှာ ယင်းသို့ ဖမ်းဆီးခံရခြင်းဖြစ်မည်ဟု ထိုင်းလူမျိုးများ အကြားတွင်လည်း ထင်မြင်မှုများရှိခဲ့သည်။

ထို့ပြင် ယခုဖြစ်စဉ်တွင် ကျူးလွန်သူမှာ ထိုင်းနိုင်ငံသားများ ဖြစ်သည်ဟု ပေါ်ပေါက်လာပါက ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေရသည့် ထိုင်းနိုင်ငံအတွက် မျက်နှာပျက်ရမည့် အခြေအနေ ဖြစ်သည့်အပြင် ခရီးသွား ဝင်ရောက်မှုအတွက် အနည်းနှင့်အများ ထိခိုက်နိုင်မည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

ယင်းကြောင့် မြန်မာလုပ်သား နှစ်ဦးကို အစားထိုးခဲ့ခြင်းဖြစ်သည် ဆိုသည့် ယူဆမှုများ ရှိနေသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဖွဲ့စည်းခဲ့သည့် လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းစစ်ဆေးရေး ကော်မတီက မည်သည့်အရာများ တွေ့ရှိခဲ့လဲ

လိပ်ကျွန်းလူသတ်မှုမှာ နိုင်ငံတကာက စိတ်ဝင်စားနေသည့် အမှုတစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ယင်းအမှုကို စိတ်ဝင်စားသူ အများအပြား ရှိခဲ့သည်။

ထို့ပြင် အမှုတွင် မေးခွန်းထုတ်စရာများစွာ ရှိနေသည့် အခြေအနေ ဖြစ်နေသဖြင့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယင်းအမှုကို မြန်မာဘက်က စုံစမ်းစစ်ဆေးရန် လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဆိုသည့် အဖွဲ့တစ်ခုကို ၂၀၁၄ ခုနှစ် အောက်တိုဘာမှာ စတင်ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသူများဖြစ်သည့် ရှေ့နေဦးအောင်မျိုးသန့်၊ ဦးကျော်သောင်းနှင့် ဦးထူးချစ်တို့ ပါဝင်ခဲ့သည်။

အဆိုပါအဖွဲ့မှ ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း၍ လိပ်ကျွန်းအမှုကို စတင်စုံစမ်းစစ်ဆေးခဲ့သည်။

“အဖွဲ့ဝင်တွေက လိပ်ကျွန်းကို ထပ်သွား။ ပြီးတော့ ရနိုင်သမျှ သဲလွန်စတွေ အကုန်ယူတယ်။ ဒါပေမဲ့ တချို့သဲလွန်စတွေက ဖျောက်ဖျက်ခံထားရတာ တွေရှိတယ်။ ဥပမာဆိုရင် မျက်နှာသုတ်ပဝါတွေ၊ သွေးစွန်းနေတဲ့ ဘောင်းဘီတွေ။ အဲဒါတွေပေါ့။ နောက်ပြီး စီစီတီဗီ မှတ်တမ်းတွေ။ တစ်ကျွန်းလုံးမှာ အဲဒီအချိန်တုန်းက စီစီတီဗီ အလုံးပေါင်း ၂၁၀ ရှိတယ်။ ဒါပေမဲ့ ဖြစ်စဉ်ဖြစ် ပွားတဲ့ နေရာတွေမှာ တပ်ထားတဲ့ စီစီတီဗီအချို့က မှတ်တမ်းပျက်နေတာတွေရှိတယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ဦးကျော်သောင်းက ပြောကြားသည်။

လိပ်ကျွန်းသို့ သွားရောက်စုံစမ်းရာတွင်လည်း အမှုနှင့်ပတ်သက်ပြီး တရားဝင်ဖြေဆိုပေးနိုင်သူ မရှိသလောက် ရှားပါးခြင်းမှာလည်း အခက်အခဲတစ်ခုဖြစ်ခဲ့သည်ဟု ဦးကျော်သောင်းက ပြောကြားသည်။

ထို့ပြင်အမှုတွင် မျက်မြင်သက်သေတစ်ဦးဟု ယူဆရသည့် အသတ်ခံရသည့် ဒေးဗစ်မေလာ၏ သူငယ်ချင်း ရှောင်မက်အန်နာကို တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ခြင်းဖြစ် သည်။

“သူ့ကို ရှာလို့မတွေ့ဘူး။ အမှုနဲ့ ပတ်သက်ပြီး သူက အဓိကလူ သက်သေလို့ ယူဆထားတာ။ သူက တွေ့လိုက်ရတယ်လို့ သိထားတယ်။ ဒါပေမဲ့ သူ့ကို ထိုင်းအစိုးရက နိုင်ငံကနေ လွယ်လွယ်ပဲ ထွက်ခွင့်ပေး လိုက်တယ်” ဟု ဦးကျော်သောင်းက ပြောကြားသည်။

ရှောင်မက်အန်နာ ဆိုသူမှာ အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ်တို့ နှစ်ဦးကို သတ်သူအဖြစ် လိပ်ကျွန်းရှိ ဂိုဏ်းသားများက အတင်းဝန်ခံခိုင်းပြီး မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေရန်အထိ ဖိအားပေးခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်း ဗြိတိန်အခြေစိုက် တယ်လီဂရပ် သတင်းနှင့် ရုပ်သံအင်တာဗျူး တစ်ခုတွင် ဖြေဆိုထားသည်ဟု ဧရာဝတီသတင်းက ဖော်ပြခဲ့သည်။

လူသတ်မှုဖြစ်အပြီး နာရီပိုင်းအကြာတွင် ရှောင်မက်အန်နာက ၎င်း၏ Facebook ၌ ရေးတင်ခဲ့သော Post ၌ ဒေးဗစ်မေလာသည် ဟန်နာကို ကာကွယ်ရန်ကြိုးစားရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်တရားခံကို ဘယ်တော့မှ မိမည်ဟု မထင်ကြောင်းနှင့် ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် ရာဇဝတ်မှုကို ဖြေရှင်းရန် အခွင့်အရေး မရှိကြောင်း ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ဖျက်သွားခဲ့သည်ဟု ဦးကျော်သောင်းက ပြောကြားသည်။

ကျူးလွန်သည်ဟု ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲကာ ထိုင်းတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့မှာ အရပ်ပုသူများဖြစ်ပြီး အသတ်ခံရသည့် ဗြိတိန်လူမျိုးစုံတွဲမှာ အရပ်ခြောက်ပေနီးပါးခန့် ရှိသူများဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့၏ ခန္ဓာကိုယ်တည်ဆောက်မှုများကို ကြည့်ရှုပါက ခွန်အားကောင်းသူများ ဖြစ်သည်ဟု ခန့်မှန်းရကြောင်း၊ ပြစ်ဒဏ်ချမှတ်ခံရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းမှာ ၎င်းတို့နှစ်ဦးထက် သေးငယ်သူများ ဖြစ်သဖြင့် ကျူးလွန်နိုင်သည့် အနေအထား မရှိကြောင်း ဦးကျော်သောင်းက ဆက်လက် ပြောကြားသည်။

“အခုအထိကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေအရရော၊ စိတ်ထဲကရော သိနေတာက သူတို့တွေ ဒီအမှုကို မကျူးလွန်ခဲ့ကြဘူး” ဟု ဦးကျော်သောင်းက ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့် အဆိုပါ ကော်မတီအနေဖြင့် လိုအပ်သည့် ကူညီထောက်ပ့ံမှုများ ရရှိခဲ့သည်။ ယင်းအချိန်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုယ်တိုင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဒေါ်လာ ၁၅၀၀၀ လှူဒါန်းခဲ့ခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေါ်လာ ၅၀၀၀ လှူဒါန်းခြင်းများ ရှိခဲ့သည်။

ယင်းကြောင့် လိုအပ်သည့် နေရာများသို့ သွားရောက်၍ စုံစမ်းစစ်ဆေးခြင်းများကိုလည်း နောက်ဆံတင်းတင်းနှင့် ပြုလုပ်နိုင်ခဲ့ကြောင်း၊ သို့သော် ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် အမှုနှင့်ပတ်သက်ပြီး သိရှိထားသည်ဟု ယူဆရသည့် ရွှေ့ပြောင်းအလုပ်သမား တစ်ဦးကို သွားရောက်တွေ့ဆုံနိုင်ခဲ့ခြင်း မရှိကြောင်း ဦးကျော်သောင်းက ပြောကြားသည်။

“အဲဒီတုန်းက ကျွန်တော်ရယ်၊ ဦးအောင်မျိုးသန့်ရယ် သွားတွေ့ပြီး မေးမြန်းဖို့ စီစဉ်သေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက စစ်ဆေးရေးအဖွဲ့မှာ တာဝန်ရှိတဲ့သူက မသွားနဲ့တော့လို့ဆိုတဲ့ စကားကြောင့် မရောက်ခဲ့ဘူး” ဟု ဦးကျော်သောင်းက ဆက်လက်ပြောကြားသည်။

ယင်းအချိန်က ဖမ်းဆီးခံထားရ မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ကော်မတီအဖွဲ့က သွားရောက် တွေ့ဆုံခဲ့ရာတွင် ထိုင်းရဲတပ်ဖွဲ့မှ အကျဉ်းထောင်တွင် နှိပ်စက်ကာ ဝန်ခံခိုင်းခြင်းများရှိကြောင်း၊ ဝန်ခံမည်ဆိုပါက ထောင်ဒဏ်သာ ကျခံရနိုင်သည်ဟု ပြောဆိုကာ နှိပ်စက်ခြင်းများ ရှိခဲ့ကြောင်း ဦးကျော်သောင်းက ပြောကြားသည်။

ယင်းအမှုကို ၂၀၁၇ ခုနှစ်တွင် စကော့တလန်ယော့ခ်အဖွဲ့က လာရောက်စုံစမ်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း မည်သည့်တွေ့ရှိချက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

“အဲဒီတုန်းက လာသွားတယ်။ စစ်ဆေးတာတွေ လုပ်ခဲ့တယ် ဆိုတာကို သိတယ်။ ဒါပေမဲ့ ဘယ်မီဒီယာမှာမှ မတွေ့သလို ဘာသတင်းမှလည်း ထွက်မလာတော့ဘူး” ဟု ဦးကျော်သောင်းက ဆိုသည်။

ထို့ပြင် အမှုတွင် အရေးကြီးဆုံး တစ်ခုဖြစ်သည့် DNA စစ်ဆေးချက်အရ တရားလိုဖြစ်သူ ထိုင်းအာဏာပိုင်များ ဘက်မှ စွပ်စွဲထားသူ နှစ်ဦး၏ DNA မဟုတ်ကြောင်း မှုခင်းသိပ္ပံပညာရှင် ဒေါက်တာဖွန်ထစ်က ပြောကြား ခဲ့သည်ဟု ဦးကျော်သောင်းက ဆိုသည်။

သေဒဏ်ကို မပြောင်းလဲသည့် ဆုံးဖြတ်ချက်

မြန်မာလုပ်သားနှစ်ဦးအား ကျူးလွန်သူများဟု သတ်မှတ်ပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရားစွဲဆို ခဲ့သော်လည်း ထိုင်းမီဒီယာများနှင့် ထိုင်းပြည်သူများ အကြားတွင် မေးခွန်းထုတ်စရာ အများအပြား ကျန်ရှိနေသော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် တွင် ကော့စမွေခရိုင် တရားရုံးက ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည်။

ယင်းသို့ သေဒဏ်ချမှတ်ထားခြင်းအပေါ် ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ စုံစမ်းစစ်ဆေးရေး ကော်မတီနှင့် မြန်မာသံရုံးတို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့သော်လည်း ထိုင်းအစိုးရ အယူခံ တရားရုံးက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ထပ်မံပယ်ချခဲ့သည်။

ယင်းကြောင့် ထိုင်းနိုင်ငံ တရားရေးတွင် အမြင့်ဆုံးနှင့် နောက်ဆုံးအယူခံ တင်သွင်းမှုအဖြစ် ထိုင်းနိုင်ငံ ဗဟိုတရားရုံးသို့ နောက်ဆုံး အယူခံအဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ထိုင်းရှေ့နေများ ကောင်စီက တင်သွင်းခဲ့သည်။

မြန်မာလုပ်သား နှစ်ဦးအတွက် သာမက မြန်မာနိုင်ငံရှိ ယင်းအမှုကို စိတ်ဝင်တစား စောင့်ကြည့်နေသူများ၏ မျှော်လင့်ချက်မှာ သြဂုတ် ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဗဟိုတရားရုံး၏ အယူခံအား ယခင်ပြစ်ဒဏ်အတိုင်းသာ ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် မျှော်လင့်ချက်များ ကုန်ခန်းသလောက် ရှိလာပြီ ဖြစ်သည်။

“ကျွန်တော့်ညီရဲ့ အယူခံ ရှုံးသွားတယ်ဆိုတဲ့ သတင်းကို အမေ့ကို မပြောထွက်ဘူး” ဟု ဝင်းဇော်ထွန်း၏ အစ်ကို ကိုရဲဇော်ထွန်းက ပြောကြားသည်။

သေဒဏ်ချမှတ်ခြင်းခံရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အနက် ဝင်းဇော်ထွန်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကာသီချောင်းကျေးရွာတွင် နေထိုင်သူဖြစ်သည်။

ဝင်းဇော်ထွန်းမှာ လိပ်ကျွန်းတွင် သွားရောက် လုပ်ကိုင်နေသည်မှာ အမှုမဖြစ်ခင် တစ်နှစ်ကျော်ကာလ ကတည်းက ဖြစ်သည်။

အယူခံအား အမိန့်ချမည့်နေ့မှာ မြန်မာအယူအဆအရ ဥပုသ်နေ့ ဖြစ်သဖြင့် ဝင်းဇော်ထွန်း၏ မိခင်မှာ ရွာဦးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်ရန် သွားရောက်နေသည့် အချိန်ဖြစ်သည်။

“အဲဒီနေ့က ရွာထဲမှာ လူတွေ အကုန်လုံးကို လိုက်ပြောထားရတယ်။ အဲဒီအချိန် အမေက ဘုန်းကြီးကျောင်းမှာပဲ ရှိသေးတယ်။ အဖြေကို မပြောပါနဲ့ ကျွန်တော့်မှာ အမေ့ကို ပြန်ဖြေရမယ့်စကား မရှိသေးလို့ဆိုပြီး လိုက်ပြောထားရတယ်” ဟု အယူခံ အမိန့်ချသည့်နေ့က အဖြစ်အပျက်ကို ကိုရဲဇော်ထွန်းက ပြောကြားသည်။

သို့သော် သြဂုတ် ၃၀ ရက်တွင် မိခင်ဖြစ်သူမှာ ကျောက်ဖြူမြို့ပေါ်သို့ သွားရောက်သည့်အချိန်တွင် သားဖြစ်သူ ဝင်းဇော်ထွန်း၏ သတင်းအား ကြားသိခဲ့ရပြီး ရွာသို့ပြန်လည် ရောက်ရှိလာချိန်တွင် နေ့တိုင်းနီးပါး ပူဆွေးနေရပြီ ဖြစ်သည်။

ညီဖြစ်သူမှာ ကျူးလွန်သူ မဟုတ်ကြောင်း၊ လူငယ်သဘာဝ ပျော်ပျော်နေတတ်ပြီး ရွာတွင်ရန်ဖြစ်ခြင်းပင် မရှိကြောင်း ကိုရဲဇော်ထွန်းက ပြောကြားသည်။

“ရွာမှာနေတုန်းက သူနဲ့ပတ်သက်ပြီး လိုက်ရှင်းရတာ မရှိခဲ့ဘူး။ ဒီလို မုဒိန်းကျင့် လူသတ်တယ်ဆိုတဲ့ဟာက လုံးဝလုပ်မှာ မဟုတ်ဘူး” ဟု ကိုရဲဇော်ထွန်းက ပြောကြားသည်။

လက်ရှိအစိုးရ၏ လိပ်ကျွန်းအမှုကို အာရုံစိုက်မှု

လိပ်ကျွန်းလူသတ်မှု ကျူးလွန်သည်ဟု ထိုင်းတရားရုံးများက ဆုံးဖြတ်ထားသည့် မြန်မာလုပ်သားနှစ်ဦး၏ ဖြစ်စဉ်မှာ မြန်မာအစိုးရနှစ်ဆက် အကြားတွင် ဖြစ်ပွားလျက်ရှိသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် လိပ်ကျွန်းလူသတ်မှုအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်း၍ လုပ်ကိုင်ဆောင်ရွက် စေခဲ့သည်။ နှစ်ကာလကြာမြင့်စွာ လျစ်လျူရှုခြင်းခံခဲ့ရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အရေးကို အစိုးရက အားပြန်စိုက်လာသည့် အခြေအနေ ဖြစ်သဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်သူများက လက်ခုပ်တီးခဲ့ကြသည်။

“အဲဒီတုန်းက သူတို့နှစ်ယောက် အဖမ်းခံရပြီး သိပ်မကြာခင်မှာ ကော်မတီကို စဖွဲ့ခဲ့တာ။ ဘာပဲဖြစ်ဖြစ် အလုပ်သမားတွေကို ပစ်မထားဘူးဆိုတဲ့ အတွေးတစ်ခုရတယ်။ နောက်ပိုင်းမှာလည်း ထောက်ပံ့မှုတွေ ရှိခဲ့တယ်” ဟု ဦးကျော်သောင်းက ပြောကြားသည်။

အမှုအား အမိန့်ချသည့် ခုနှစ်များတွင် အမျိုးသားဒီမိုကရေစီ အစိုးရ လက်ထက်တွင်ဖြစ်သည်။

အယူခံတင်သွင်းသည့် အချိန်များမှာ NLD အစိုးရလက်ထက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းကာလ တစ်လျှောက်တွင် အစိုးရဘက်မှ မည်သည့်ထောက်ပံ့မှုမျှ လုပ်ဆောင်ပေးခဲ့ခြင်း မရှိဟု အဆိုပါအမှုကို စောင့်ကြည့်နေသူများ၏ သုံးသပ်မှုများအရ သိရသည်။

“အခုဖြစ်စဉ် တစ်ခုလုံးမှာ အစိုးရ၊ သံရုံးစတဲ့ဟာတွေက စိတ်ဝင်စားတဲ့ပုံစံ မတွေ့ရဘူး” ဟု ဦးကျော်သောင်းက ဆိုသည်။

ထို့ပြင် အမှုအား လက်ရှိတွင် အနီးကပ်စောင့်ကြည့်နေသည့် ဦးထူးချစ်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် “ကျနော် ညံ့ခဲ့ပါတယ်။ အဓိကအားဖြင့်၊ လက်ရှိအစုုိးရ၊ အနေနဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး၊ စိတ်ဝင်စားလာအောင်၊ ထိထိရောက်ရောက် ကူညီပံ့ပိုးလာအောင် ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ အခုလို အမှုမျိုးဟာ အစိုးရတစ်ရပ်အနေနဲ့ ထိထိရောက်ရောက် ပါဝင်ကူညီမှရမယ် ဆိုတာတော့ ကျနော်တို့ ကြိုသိခဲ့ပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

လက်ရှိတွင် အမှုမှာ ထိုင်းဘုရင် ၀ိဇယလောင်ကွန်းထံ အသနားခံစာ တင်သွင်းရမည့် အခြေအနေမှာ နောက်ဆုံးမျှော်လင့်ချက် တစ်ခုသာဖြစ်သည်။

ယင်းသို့ အသနားခံစာ တင်သွင်းမှုမှာ အယူခံအမိန့်ချအပြီး နှစ်လ (ရက်ပေါင်း ၆၀) အတွင်း တင်သွင်းရမည် ဖြစ်သည်။

ယင်းသို့ တင်သွင်းရာတွင်လည်း မိသားစုဝင်များ၊ ကာယကံရှင်များထက် အစိုးရ၏ တင်သွင်းမှုက ပိုမိုထိရောက်မည် ဖြစ်သည်။

“ဘုရင့်အဆုံးအဖြတ်က အခုချိန်မှာ အရေးကြီးနေပြီ။ နောက်ဆုံး မျှော်လင့်ချက်ဆိုတာ ဒီတစ်ခုပဲရှိတော့တယ်။ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကူညီပါလို့ ပြောချင်တယ်” ဟု ဦးကျော်သောင်းက ပြောကြားသည်။

မိသားစုဝင်များ အနေဖြင့်လည်း အစိုးရ၏ ကူညီထောက်ပံ့မှုများကို ရရှိလိုကြောင်း ဝင်းဇော်ထွန်း၏ အစ်ကို ကိုရဲဇော်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ ဘာမှမလိုချင်ပါဘူး။ ကျွန်တော့်အမေအတွက် ကျွန်တော့်ညီကို ပြန်ခေါ်နိုင်အောင် အစိုးရက လုပ်ဆောင်ပေးပါ” ဟုကိုရဲဇော်ထွန်းက ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တရားဝင် စာဖြင့်ဖွဲ့စည်းထားသည့် ကော်မတီမှာလည်း ယခုအစိုးရ လက်ထက်တွင် မည်သည့်ညွှန်ကြားမှုမျှ မရှိခြင်းကြောင့် မည်သို့လုပ်ဆောင်ရမည်ကို မသိသေးကြောင်း ကော်မတီအဖွဲ့ဝင် ဦးကျော်သောင်းက ပြောကြားသည်။

“ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ အခုကိုထူးချစ်တို့ ကျွန်တော်တို့ လုပ်နေတယ် ဆိုတာက တစ်ဦးချင်း တစ်ယောက်ချင်း လုပ်နေရတဲ့ပုံစံ။ အစိုးရရဲ့ ညွှန်ကြားမှုနဲ့ သွားနေတဲ့ဟာမျိုး မဟုတ်တော့ တချို့နေရာတွေမှာ အားနည်းတယ်” ဟု ဦးကျော်သောင်းက ပြောကြားသည်။

အစိုးရတစ်ရပ် အနေဖြင့် ဒုက္ခရောက်နေသည့် နိုင်ငံသားများ မည်သည့်နေရာသို့ ရောက်ရှိနေသည် ဖြစ်စေ ကူညီစောင့်ရှောက်ရမည့် တာဝန်လည်းရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၈) နုုိင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း၏ အပိုဒ် (၃၈၀)တွင် “နုုိင်ငံခြား တုုိင်းတစ်ပါးနှင့် ဆက်ဆံသော နုုိင်ငံသားတိုင်းသည် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။

ထိုင်းပြည်သူ တစ်ရပ်လုံး၊ ထိုင်းမီဒီယာများကပါ ဓားစာခံ ပြစ်ဒဏ်ပေးခြင်း ခံရသည်ဟု ယူဆလျက်ရှိသည့် မြန်မာလုပ်သား နှစ်ဦး၏ အရေးမှာ အချိန်လင့်နေပြီဖြစ်သည်။ ယင်းကြောင့် အစိုးရအနေဖြင့် အင်တိုက် အားတိုက် လုပ်ဆောင်ရတော့မည်ဟု ယူဆရပေသည်။                  

 

 

Most Read

Most Recent