ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားခြင်း

ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားခြင်း
Published 30 August 2019

မြန်မာနိုင်ငံသားများစွာ (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်) တို့သည် ခင်ပွန်ကြီး ၁၀ ပါးဟူသည့် ဝေါဟာရကို ကြားဖူးကြသည်သာဖြစ်သည်။ ကျား/မ၊ ကြီးငယ်မဟူ ယင်းဝေါဟာရကို နားယဉ်နေကြသည်။ ခင်ပွန်းကြီး ၁၀ ပါးအား မပြစ်မှားအပ်ကြောင်းလည်း ဆုံးမပဲ့ပြင်တတ်ကြသည်။ အချို့ဆိုလျှင် ခင်ပွန်းကြီး ၁၀ ပါး ပူဇော်ပွဲများကိုပင် အလေ့အထတစ်ရပ်အနေဖြင့် ပြုလုပ်တတ်ကြသည်။ ခင်ပွန်းကြီး ၁၀ ပါးဟူသည်ကား အဘယ်နည်း။

ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ (၁) ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင်၊ (၂) ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ၊ (၃) အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ၊ (၄) ရဟန္တာ - အာသဝေါ  ကုန်ခန်းပြီးသော ရဟန္တာအရှင်မြတ်ကြီးများ၊ (၅)မာတာ - မွေးသမိခင်၊ (၆) ပီတု - မွေးသဖခင်၊ (၇) အာစရိယ - မြတ်ဆရာသမား၊ (၈) ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက် သိက္ခာအရွယ်ကြီးမားသူ၊ (၉) ဓမ္မကထိက - ဆရာ (ဓမ္မတို့ကို ဆုံးမတတ်သော ဆရာသမားများ)၊ (၁၀) ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကို ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော မိမိကိုကိုယ်၊ နှုတ်၊ နှလုံးဖြင့် ကျေးဇူးပြုဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များကို ဆိုလိုသည်။

ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားသူတို့ ကြုံရမည့်ဒဏ် ၁၀ ပါး ရှိသည်။ ယင်းတို့မှာ (၁) ပြင်းထန်သော ဦးခေါင်းနာစသည့် ဝေဒနာများ ဖြစ်ခြင်း၊ (၂) ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း၊ (၃) လက်၊ ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ် ချွတ်ယွင်းခြင်း၊ (၄) ကုသ၍မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း၊ (၅) ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ (၆) မင်းပြစ်မင်းဒဏ်ခံရခြင်း၊ (၇) မတရားသဖြင့် စွပ်စွဲခံရခြင်း၊ (၈) ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း၊ (၉) စည်းစိမ်ဥစ္စာအခြွေအရံများ ပျက်စီးခြင်းနှင့်  (၁၀) နေရာတိုက်အိမ် မီးလောင်ပျက်စီးခြင်းတို့ ဖြစ်ကြသည်။

ခင်ပွန်းကြီး ၁၀ ပါးအား ပူဇော်လျှင် ရနိုင်မည့်ကောင်းကျိုး ၁၀ ပါးရှိသည်။ ၎င်းတို့မှာ (၁) အစားအစာ မရှားပါးခြင်း၊ (၂) ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း၊ (၃) ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း၊ (၄) လူချစ်လူခင်ပေါများခြင်း၊ (၅) ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း၊ (၆) ကောင်းသတင်းကျော်စောခြင်း၊ (၇) အခြွေအရံများခြင်း၊ (၈) စီးပွားဥစ္စာဖွံဖြိုးတိုးတက်ခြင်း၊ (၉) ဘေးဒုက္ခကြုံသော် အကူအညီရခြင်းနှင့် (၁၀) သားကောင်းသမီးကောင်း ရရှိနိုင်ခြင်းတို့ ဖြစ်ကြသည်။

ထို့ကြောင့် (၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးတို့အပေါ်၌ လည်းကောင်း၊ (၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း၊ (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း၊ (၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌ လည်းကောင်း၊ (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌လည်းကောင်း၊ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော  ဖခင်တို့အပေါ်၌လည်းကောင်း၊ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း၊ (၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့် ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့၏အပေါ်၌ လည်းကောင်း၊ (၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ လည်းကောင်း၊ (၁၀) ထမင်းတစ်လုတ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌လည်းကောင်း ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးသော ကံတို့ဖြင့် မပြစ်မှားမိစေရေးကို အထူးဂရုပြုရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

သြဂုတ် ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent