အလှူခံကြသူများ

အလှူခံကြသူများ
 သင်္ဃန်းကျွန်း စံပြစျေးမှတ်တိုင်တွင်  ငွေကြေးတောင်းခံနေသူ ကလေးငယ်နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
သင်္ဃန်းကျွန်း စံပြစျေးမှတ်တိုင်တွင် ငွေကြေးတောင်းခံနေသူ ကလေးငယ်နှစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
Published 28 August 2019
မင်းည

ကျွန်တော့်ရဲ့ ဖန်စီပစ္စည်းအရောင်းဆိုင်လေးဟာ ကျွန်တော်တို့မြို့ရဲ့ အချက်အချာအကျဆုံးနဲ့ အစည်ကားဆုံး နေရာတစ်ခုဖြစ်တဲ့ မြို့မစျေးကြီးနဲ့အနီးဆုံးမှာတည်ရှိသလို ကျွန်တော့်မြို့ကလေးရဲ့ ကျက်သရေဆောင်ဖြစ်တဲ့ ကမ္ဘာကျော် အထင်ကရ စေတီတော်ကြီးတစ်ဆူနဲ့လည်း မနီးလွန်းမဝေးလွန်းတဲ့ နေရာမှာတည်ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်ဆိုင်ကလေးရဲ့ အနီးတစ်ဝိုက် ပတ်ဝန်းကျင်ဟာ စျေးရောင်း၊ စျေးဝယ်သူတွေ၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်ကြသူတွေနဲ့ အမြဲလိုလိုပဲ စည်ကားနေလေ့ရှိပါတယ်။

အဲဒီလိုပါပဲ။ လူများပြီးစည်ကားတတ်တဲ့ နေရာတွေရဲ့ ထုံးစံအတိုင်း တစ်နေ့တစ်နေ့  မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကလည်း တစ်ခုနဲ့တစ်ခု ထပ်မသွားရအောင်ကို စုံလင်လှပါတယ်။ ကြားနေရတဲ့ သတင်းတွေကလည်း တစ်နေ့နဲ့တစ်နေ့  ရိုးမသွားရအောင်ကို များပြားလှပါတယ်။ ဒါတင်ပဲလားဆိုတော့၊ လူစည်ကားရာနေရာတွေမှာ နေထိုင်ကြသူတွေ ကြုံတွေ့ရတတ်တဲ့ ထုံးစံအတိုင်း အစဉ်အလာမပျက် လာရောက်တောင်းရမ်း အလှူခံလေ့ရှိသူတွေရဲ့ ဒဏ်ကိုလည်းခံကြရပါတယ်။

တကယ်တော့ ကျွန်တော်သုံးနှုန်းလိုက်တဲ့ အဲဒီဒဏ်ဆိုတဲ့ အသုံးအနှုန်းဟာ အဲဒီဒဏ်ကို မခံရဖူးသူတွေအတွက် အမြင်လွဲကောင်း လွဲသွားနိုင်စရာ အကြောင်းရှိပေမဲ့ တစ်နေ့ထက်တစ်နေ့ များသထက်များလာနေတဲ့ အဲဒီအလှူခံပုဂ္ဂိုလ် (ဒီနေရာမှာ အလှူခံပုဂ္ဂိုလ်ဆိုတဲ့ အသုံးအနှုန်းက အဖွဲ့အစည်းတစ်ခုခု၊ အများအကျိုးအတွက် ဆောင်ရွက်နေကြသူတွေကို ဆိုလိုခြင်းမဟုတ်ကြောင်းကိုတော့ သိစေချင်ပါတယ်) တွေရဲ့ဒဏ်ကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ကြဖူးတဲ့ သူတွေကတော့ ကိုယ်ချင်းစာနာ သဘောပေါက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အမှန်အတိုင်းသာ ဝန်ခံရမယ်ဆိုရင်တော့ ဆိုင်ရှေ့လာရပ်သမျှ အလှူခံတိုင်းကို မလွတ်တမ်း လှူဒါန်းနိုင်တဲ့ ဝင်ငွေမျိုး ကျွန်တော့်မှာ မရှိပါဘူး။ အဲဒါကြောင့် မနက်မိုးလင်းလို့ ဆိုင်စဖွင့်ပြီဆိုတာနဲ့ မနေ့က လက်ကျန်ငွေကို တွက်ချက်ပြီး ဒီကနေ့ အလှူခံထည့်လှူမယ့် ငွေတစ်ရပ်ကို ကျွန်တော်သတ်မှတ်ပါတယ်။ (အဲဒီငွေဟာ များသောအားဖြင့်တော့ ငါးရာကျပ်သာ ဖြစ်ပါတယ်) ပြီးတော့ အလှူခံသူတစ်ဦးကို တစ်ရာနှုန်းထားနဲ့ ပထမဦးဆုံး ရောက်လာသူအလှူခံငါးဦးကို ပေးလှူပါတယ်။ ကျွန်တော့်သတ်မှတ်ထားတဲ့ ငွေတစ်ရပ်ကို (ဒီနေရာမှာ ကျွန်တော်က အမှန်တကယ် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတဲ့သူတွေကိုသာ ရွေးချယ်လှူဒါန်းဖြစ်ကြောင်း ဝန်ခံလိုပါတယ်) ပေးလှူပြီးတဲ့နောက် ဘယ်အချိန်မှာ ကုန်သွားခဲ့သည်ဖြစ်စေ အဲဒီနေ့အတွက် ကျွန်တော်ရဲ့အလှူခံထည့်ဝင်မှုကို ရပ်လိုက်ပြီး နောက်ထပ် ဘယ်လိုအလှူခံမျိုးပဲလာလာ ကျွန်တော် ခေါင်းရမ်းပါတယ်၊ လက်ခါပါတယ်။ အကြွေမရှိလို့ပါလို့ပြောပြီး ထပ်မံလှူဒါန်းလေ့မရှိတော့ပါဘူး။ ဒါဟာ ကျွန်တော်တတ်နိုင်တဲ့ဘက်က ထမ်းထားတဲ့ ကျွန်တော့်ရဲ့ နေ့စဉ်လှူဒါန်းမှုပုံစံ အမှန်ပဲဖြစ်ပါတယ်။

ကျွန်တော် အခုပြောပြချင်တာက တစ်နေ့ထက်တစ်နေ့ ပိုပိုများပြားစွာ တွေ့မြင်လာနေရတဲ့ ကိုယ့်လက်အင်္ဂါ သန်သန်စွမ်းစွမ်းနဲ့ ဘယ်လိုရောဂါလက္ခဏာမျိုးမှမရှိဘဲ တောင်းရမ်းစားသောက်နေကြတဲ့သူတချို့ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်စားသောက်နိုင်ပါလျက်နဲ့ အဲဒီလူတွေ ဘာလို့  တောင်းရမ်းစားသောက်နေကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပင်ပင်ပန်းပန်း လုပ်ကိုင်မစားသောက်ချင်လို့ပဲ ဖြစ်ပါတယ်။ ရေသာခို အချောင်လိုက်ချင်စိတ်တွေရှိနေကြလို့ပဲလို့ ကျွန်တော်ကတော့ ထင်မြင်ယူဆပါတယ်။ နောက်ပြီး အဲဒီလိုလူမျိုးတွေကို ပေးတဲ့ကမ်းတဲ့သူတွေ ရှိနေလို့လည်း ဖြစ်ပါတယ်။ တကယ်လည်း ကျွန်တော်တို့လူမျိုးတွေဟာ အလွန်သနားကြင်နာတတ်၊ အားနာတတ်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ လူတစ်ယောက် အတိဒုက္ခရောက်နေတာကိုတွေ့ရင် ၀ိုင်းဝန်းကူညီဖို့  ဝန်မလေးတတ်ကြသလို၊ လူတစ်ယောက်က သနားအောင်ပြောရင်လည်း ပစ်သနားလိုက်ဖို့ ဝန်မလေးတတ်ကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ်တိုင်က ဆင်းရဲတဲ့ နိုင်ငံဖြစ်ပေမဲ့ ပေးကမ်းလှူဒါန်းမှုအဆင့်က ကမ္ဘာ့ထိပ်တန်းအဆင့်မှာရှိနေခဲ့တာဖြစ်ပါတယ်။

ရှင်းရှင်းပြောရင် ဘုရားလောင်းဝေသန္တရာထုံးကို နှလုံးမူလို့ ပေးကမ်းလှူဒါန်းလေ့ရှိတတ်ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း အထက်မှာပြောခဲ့သလို ကိုယ်တိုင်လုပ်ကိုင်စားသောက်နိုင်ပါလျက်နဲ့ ရေသာခို အချောင်လိုက် တောင်းရမ်းစားသောက်တတ်သူမျိုးတွေကို ဘာမှမစူးစမ်းဘဲ ပေးကမ်းခြင်းကတော့ အဆိပ်ပင်ကို ရေလောင်းတဲ့ အပြုအမူမျိုးဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။

ကျွန်တော့်ထင်မြင်ယူဆချက်က တခြားသူတွေနဲ့ ကွဲလွဲကောင်း ကွဲလွဲနေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလူတွေကို  အားပေးအားမြှောက်မပြုဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ တကယ်လည်း လိုက်လံတောင်းရမ်းလို့ရတဲ့ ငွေတွေနဲ့ အရက်ဆိုင်မှာ အရက်အကောင်းစားသောက်ပြီး ဆက်ရက်မင်းစည်းစိမ် ခံစားနေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ဖူးပါတယ်။ သူ့လိုလူမျိုးတွေအများကြီးလည်း ရှိနေလိမ့်ဦးမယ်လို့လည်း ယုံကြည်နေမိပါသေးတယ်။

နောက်တစ်ခုက ကလေးတွေအကြောင်းဖြစ်ပါတယ်။ ဒီကနေ့လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေထဲအထိ ဝင်ရောက်ပြီး ပိုက်ဆံတောင်းနေကြတဲ့ ကလေးမြောက်မြားစွာကို ကျွန်တော်တို့ တွေ့မြင်နေကြရပါတယ်။ များသောအားဖြင့် အဲဒီကလေးတွေရဲ့ အသက်အရွယ်တွေဟာ ၁၁၊ ၁၂ နှစ်ဝန်းကျင် အသက်အရွယ်တွေဖြစ်ပါတယ်။ သူတို့အသက်အရွယ်အရ အဲဒီကလေးတွေဟာ စာသင်ရမယ့်အရွယ် စာသင်ခန်းတွေထဲမှာ ရှိနေရမယ့် အရွယ်တွေပါ။ ဒါဖြင့် သူတို့ ဘာလို့ လမ်းတွေပေါ်မှာ ရှိနေကြတာလဲ။ ဘာလို့  အခုလို လိုက်လံတောင်းရမ်းနေကြရတာလဲ။ ကျွန်တော်ကတော့ သူတို့ကို အခုလိုတောင်းရမ်းဖို့ ခိုင်းစေနေတဲ့သူတွေ ရှိနေလို့လို့ထင်ပါတယ်။ ထင်ရုံတင်မဟုတ်ပါဘူး။ ကိုယ်တိုင်ကျ မျက်စိနဲ့ကို မြင်ခဲ့၊ နားနဲ့ ဆတ်ဆတ်ကို ကြားခဲ့ရဖူးပါတယ်။ တစ်နေရာကနေ အထိုင်ချထိုင်စောင့်ပြီး ကလေးတွေကို ထိန်းချုပ်တောင်းရမ်းခိုင်းတဲ့သူတွေ တကယ်ရှိပါတယ်။ သူတို့ကိုယ်တိုင်လည်း လိုက်လံတောင်းရမ်းသလို ကလေးတွေကိုလည်း သူတို့လို လိုက်လံတောင်းရမ်းစေတဲ့ မိဘတွေတချို့လည်း တကယ်ရှိနေပါတယ်။ ဒီနေ့ ဘယ်လောက်ရအောင် တောင်းရမယ်လို့ သတ်မှတ်ပေးပြီး တောင်းရမ်းခိုင်းတဲ့ သူတွေတောင်မှ ရှိပါသေးတယ်။                    

တကယ်တော့ တစ်လလုံးလုပ်မှ တစ်သိန်းစွန်းစွန်းလောက်ရတဲ့ အထည်ချုပ်သမလေးတွေရဲ့ ဝင်ငွေဟာ “အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံဟေ့” လို့ ဂုဏ်ယူနိုင်တာကလွဲရင် သူတို့ရဲ့ ဝင်ငွေကို မမီကြပါဘူး။ အဲဒီလိုပါပဲ၊ တစ်နေကုန် နေပူပူမိုးရွာရွာ ဆိုက်ကားကို ကုန်းရုန်းနင်းရတဲ့ ဆိုက်ကားးသမားတွေရဲ့ ဝင်ငွေဟာလည်း သူတို့ဝင်ငွေလောက်မရှိဘူးဆိုတာကို သေချာလေ့လာကြည့်ရင် သိနိုင်ကြပါလိမ့်မယ်။ တကယ်လည်း အငြိမ်းစားဝန်ထမ်းကြီးတစ်ယောက် မိသားစုလိုက် တောင်းရမ်းတဲ့အလုပ်ကို လုပ်ကိုင်သူတွေပိုင်ဆိုင်တဲ့ အိမ်ခန်းကို ငှားရမ်းနေထိုင်ရတယ်ဆိုတဲ့အကြောင်းတောင်မှ အွန်လိုင်းပေါ်မှာ ဂယက်ထသွားခဲ့ပါသေးတယ်။ အဲဒီလိုပါပဲ၊ အဲဒီလိုအဖြစ်အပျက်မျိုးနဲ့ ခပ်ဆင်ဆင်တူတဲ့ သတင်းတွေ အဖြစ်အပျက်တွေကို ကြားသိ မြင်တွေ့ခဲ့ဖူးပါတယ်။ တကယ်တော့ အဲဒီလေလွင့်က လေးငယ်တော်တော်များများနဲ့ ပိုက်ဆံလိုက်တောင်းတတ်တဲ့ ကလေးတွေရဲ့ နောက်ကွယ်မှာ သူတို့ကို ထိန်းချုပ်ထားတဲ့ မိသားစုတွေ မိသားစုမဟုတ်တဲ့သူတွေ ရှိနေတတ်ကြပါတယ်။ ဒါပေမဲ့ သွန်သင်ဆုံးမလမ်းပြကြတဲ့ မိသားစုတွေမဟုတ်ဘဲ မကောင်းမှုတွေမှာ ပိုပြီးပျော်ပိုက်လာအောင် အားပေးအားမြှောက်ပြုတဲ့ ပုံစံမျိုးရှိတဲ့ မိသားစုဝင်တွေ ဖြစ်နေတတ်ကြတာပါပဲ။ တကယ်တော့ ကျွန်တော်တို့က ကလေးတွေမို့ သနား၊ ကြင်နာကိုယ်ချင်းစာပြီး ပိုက်ဆံပေးကမ်းလိုက်တာဟာ ဒီကနေ့  ကိုယ်လက်အင်္ဂါ သန်သန်စွမ်းစွမ်းရှိလျက်သားနဲ့ လိုက်လံတောင်းရမ်းစားသောက်တတ်သူတွေ များပြားလာရခြင်းရဲ့ အစပဲလို့ ကျွန်တော်ကတော့ထင်ပါတယ်။

အဲဒီလိုပါပဲ။ ကလေးတွေကို အချောင်လိုချင်စိတ်ပေါက်လာအောင် ကလေးတွေရဲ့ စိတ်ဓာတ်ကို သွယ်ဝိုက်ပြီး ဖျက်ဆီးလိုက်တဲ့ ဖျက်ဆီးခြင်းတစ်မျိုးဖြစ်တယ်လို့ပဲ ကျွန်တော်ကတော့ ထင်မြင်နေမိခဲ့ပါတယ်။ ဟုတ်ပါတယ်။ ရှင်းရှင်းပြောရရင် အဲဒီလိုကလေးမျိုးတွေ အဲဒီလိုလူမျိုးတွေကို ပိုက်ဆံပေးကမ်းလိုက်ခြင်းဟာ အဲဒီကလေးတွေရဲ့၊ အဲဒီလူတွေရဲ့ စာရိတ္တကို ဖျက်ဆီးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကျွန်တော့်အတွေးကခေါင်တယ်၊ ဘာသာတရားကနေ သွေဖည်တယ်လို့  တချို့ ထင်ကောင်းထင်သွားနိုင်စရာ ရှိပါတယ်။ တကယ်တော့ ထင်တာမဟုတ်ဘဲ ရှိကိုရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေကို ကျွန်တော့်အနေနဲ့  စိတ်ဆိုးမိလိမ့်မယ်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်က သူတို့ကြိုက်သလို ထင်မြင်ယူဆခွင့်ရှိနေသလို ကျွန်တော့်ဘက်ကလည်း ကျွန်တော့်စိတ်ကြိုက် ထင်မြင်ယူဆပိုင်ခွင့် ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

Most Read

Most Recent