ရန်ကုန်မြို့တွင် အဆင့်မြင့် ဟိုတယ်အခန်း အရေအတွက် ၅၃၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ရာခိုင်နှုန်း ၄၀ အထိ ဆက်လက်လျော့ကျကာ ပျမ်းမျှအခန်းခ ၈၅ ဒေါ်လာအထိ ဆက်လက်ကျဆင်း

ရန်ကုန်မြို့တွင် အဆင့်မြင့် ဟိုတယ်အခန်း အရေအတွက် ၅၃၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ရာခိုင်နှုန်း ၄၀ အထိ ဆက်လက်လျော့ကျကာ ပျမ်းမျှအခန်းခ ၈၅ ဒေါ်လာအထိ ဆက်လက်ကျဆင်း
ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဆောက်အအုံနှင့် အခြားအဆောက်အအုံ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဆောက်အအုံနှင့် အခြားအဆောက်အအုံ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 20 August 2019
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက် ၅၃၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ ဆက်လက်လျော့ကျခဲ့ကာ ပျမ်းမျှအခန်းခ ၈၅ ဒေါ်လာအထိ ဆက်လက်ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေ ဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်စျေးကွက် သုံးသပ်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာဟိုတယ် ၃၀ ကျော် ဖွင့်လှစ်ပြီးဖြစ်ကာ တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုဝန်းကျင်၊ ခွင့်ပြုမိန့်ရပြီး စီမံကိန်း ၂၀ ခုဝန်းကျင်ရှိသည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ် စီမံကိန်း ၁၀ ခု ဝန်းကျင် ပြီးစီးရန် မျှော်မှန်းထားပြီး အခန်း ပေါင်း ၂၀၄၀ ထွက်ရှိမည်ဟု ခန့်မှန်းထား ခြင်းဖြစ်သည်။ ၂၀၁၉ နှစ်ကုန်တွင် ရန်ကုန် မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းပေါင်း  ၅၇၀၀ ဝန်းကျင်ရှိလာမည်ဖြစ်ပြီး ၂၀၂၁ ခု နှစ်ကုန်ဆုံးချိန်တွင် အဆင့်မြင့်ဟိုတယ်အခန်း  ၇၀၀၀ ဝန်းကျင်ရှိလာမည်ဟု မျှော်မှန်းထား သည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များ၏ ပျမ်းမျှအခန်းငှားရမ်းမှုနှုန်းသည် ၂၀၁၆ ခုနှစ်မှစ၍ ရာခိုင်နှုန်း ၅၀ အောက်ရောက် ပြီး ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း ၄၃ ရာခိုင်နှုန်းသာရှိကာ ၂၀၁၉ ပထမသုံး လပတ်တွင် ၄၀ ရာခိုင်နှုန်းအထိ ဆက်လက် ကျ ဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ခရီးသွားရာသီ အစဖြစ်သည့် အောက်တိုဘာလမှစ၍ တ ရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ဗီဇာဖြေလျှော့မှု ပေးခဲ့သော်လည်း ၂၀၁၈ ခု နှစ်အတွင်း နိုင်ငံခြားသား ခရီးသွား သုံးသန်းခွဲကျော်သာ ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကထက် တိုးတက်မှုနှုန်း ၃ ဒသမ ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ရန်ကုန်မြို့သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု ကျဆင်းလာမှုနှင့်အတူ အဆင့်မြင့်ဟိုတယ် အခန်းခများလည်း အကျဘက်ရောက်ခဲ့ရာ စီးပွားရေးကိစ္စဖြင့် လာရောက်သော ခရီးသွားများကို ပိုမိုအားထား လာရသည်။ ထို့အတူ မြန်မာနိုင်ငံသို့ အမေရိက၊ အနောက်ဥရောပ၊ အရှေ့ဥရောပ၊ အရှ့အလယ်ပိုင်းနှင့် အာဖရိကမှ ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျနေပြီး ရာခိုင်နှုန်းများစွာ ဝင်ရောက်မှု တိုးလာသော အာရှခရီးသွားများကို ဟိုတယ်စျေးကွက်က အားထားနေရခြင်းဖြစ်သည်။

လာမည့် ဟိုတယ်သစ်များအတွက် တည်ဆောက်မှု အရည်အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ဝန်ဆောင်မှု အရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ်များထက် စျေးနှုန်းကျဆင်းမှု ပိုများလာမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှဟိုတယ်အခန်းငှားခမှာ ၁၀၃ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၈၅ ဒေါ်လာအထိ ကျဆင်းလာသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

အဆင့်မြင့် ဟိုတယ်အခန်း ပျမ်းမျှငှားရမ်းမှုနှုန်းသည် ၂၀၁၇ ပထမသုံးလပတ်တွင် ၅၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၄၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ရာခိုင်နှုန်း  ၄၀ ရှိခဲ့သည်။ ဖြစ်ပေါ်လာနိုင်သည့် စျေးကွက်အနေအထားများအရ ဟိုတယ်များ အနေဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စသည့် အာရှနိုင်ငံသား ခရီးသွားများ၊ စီးပွားရေး ခရီးသွားများ၊ ခရီးသွားအေဂျင်စီဖြင့် လာရောက်သည့် ခရီးသွားများ၊ ငွေသုံးနိုင်သည့် တစ်ဦးချင်း ခရီးသွားများကို အဓိက ဦးတည်ပြီး စျေးကွက်ရှာဖွေရမည် ဖြစ်ကြောင်း Colliers က အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင် ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အများဆုံး ဒေသများဖြစ်သည်။ မြန်နိုင်ငံသို့ နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅  သန်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ ၂ ဒသမ ၄၇ သန်းကျော် လာရောက်ခဲ့သည်။

 

Most Read

Most Recent