လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ ဝင်ရောက်ရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်သာ လိုချိန်အထိ ဒေါ်လာသန်း ၃၈၀၀ ကျော်သာ ဝင်ရောက်ထား

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ ဝင်ရောက်ရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်သာ လိုချိန်အထိ ဒေါ်လာသန်း ၃၈၀၀ ကျော်သာ ဝင်ရောက်ထား
သီလဝါအထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
သီလဝါအထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 20 August 2019
နီလာ

လက်ရှိဘဏ္ဍာနှစ်တွင်  မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၅၈၀၀ အထိ ဝင်ရောက်ရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်သာ လိုတော့သည့်အချိန်အထိ ဒေါ်လာသန်း ၃၈၀၀ ကျော်သာ ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ သြဂုတ် ၁၃ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၈၃၂ ဒသမ ၄၆၆ သန်း ဝင်ရောက်ထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ်(၁၃/၂၀၁၉)  အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းနှစ်ခု၊ အတည်ပြုလုပ်ငန်း ကိုးခုခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း နှစ်ခုနှင့် အတည်ပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းရှစ်ခု ခွင့်ပြုပေးခဲ့သည်။ အဆိုပါအစည်းအဝေးအတွင်း စုစုပေါင်းလုပ်ငန်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ၇၄ ဒသမ ၃၃၅ သန်းကို ခွင့်ပြု/အတည်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၈၈၇ ဦးကို ဖန်တီးပေးမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုအတည်ပြုလုပ်ငန်း ၁၁ ခုမှာ စက်မှုကဏ္ဍဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၁၃ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုခွင့်ပြု /အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃၅ ခု၊ ရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂၉၁ ဒသမ ၄၄၂ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၆၀၈ ဒသမ ၇၈၆ သန်းဖြစ်သည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၁၃ ရက်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၂၃ ဒသမ ၆၈၀ သန်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၁၃ ရက်မှ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၈၃၂ ဒသမ ၄၆၆ သန်း ဖြစ်သည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ နှစ် ၂၀ ကြာဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်းအရ သိရသည်။

ထို့ပြင် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီ လျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ခုနှစ်မှ-၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည်၁ဝနှစ်(၂၀၂၆-၂၀၂၇ ခု နှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ် (Base case) အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ (Investment Target ) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့်၂၀၂၁-၂၀၂၂ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊ ၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိရရှိရန် အသီးသီးခန့်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent