ပိတ်ပင်တားမြစ်မှုကို သုံးလဆိုင်းငံ့သည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို အလေးမထားကြောင်း Huawei ပြောကြား

ပိတ်ပင်တားမြစ်မှုကို သုံးလဆိုင်းငံ့သည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို အလေးမထားကြောင်း Huawei ပြောကြား
သြဂုတ် ၂ ရက်က ပေကျင်းမြို့တွင် ပြုလုပ်သော Consumer Electronics Expo ပြပွဲတွင်  Huawei ၏ လိုဂိုကို တွေ့ရှိရစဉ် (Photo – AFP)
သြဂုတ် ၂ ရက်က ပေကျင်းမြို့တွင် ပြုလုပ်သော Consumer Electronics Expo ပြပွဲတွင် Huawei ၏ လိုဂိုကို တွေ့ရှိရစဉ် (Photo – AFP)
Published 20 August 2019
Ref ; AFP

တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei ထံသို့ အမေရိကန်ကုမ္ပဏီများမှ ပစ္စည်းအစိတ်အပိုင်းများ ရောင်းချခြင်းအား ပိတ်ပင်တားမြစ်မှုကို သုံးလဆိုင်းငံ့ထားမည့် ၀ါရှင်တန်၏ ဆုံးဖြတ်ချက်ကို အလေးမထားကြောင်းနှင့် ယင်းဆုံးဖြတ်ချက်သည် Huawei အား တရားမျှတမှုမရှိစွာ ပြုမူဆက်ဆံနေသည်ဟူသော အမှန်တရားကို ပြောင်းလဲစေလိမ့်မည်မဟုတ်ကြောင်း Huawei က သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဖုန်းနှင့်သက်ဆိုင်သော စက်ပစ္စည်း အစိတ်အပိုင်းများနှင့် ဝန်ဆောင်မှုများကို Huawei သို့ရောင်းချခြင်းနှင့် Huawei ထံမှ ပစ္စည်းများ ဝယ်ယူခြင်းကို ပိတ်ပင်သည့် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ခြင်းကို အမေရိကန်ကုန်သွယ်ရေးဌာနက ဒုတိယအကြိမ် ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း Huawei ကုမ္ပဏီခွဲများ၊ Huawei နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့အစည်းများစာရင်းတွင် ကုမ္ပဏီ ၄၆ ခုထိ ထပ်မံပေါင်းထည့်ရန်ရှိနေပြီး တားမြစ်ပိတ်ပင်မှု အပြည့်အဝ အကောင်အထည်ပေါ်လာပါက စာရင်းဝင်ကုမ္ပဏီများသည် ပိတ်ပင်မှုတွင် အကျုံးဝင်လာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနက ပြောကြားခဲ့သည်။

Huawei သည် တရုတ်ထောက်လှမ်း ရေးဌာနအတွက် သူလျှိုပြုလုပ်ပေးနေသည်ဟု အမေရိကန်အာဏာပိုင်များက စွပ်စွဲခဲ့ပြီး Huawei အား ကနဦး ပိတ်ပင်တားမြစ်မှုကို ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပိတ်ပင်မှုဆုံးဖြတ်ချက်သည် နိုင်ငံရေး လှုံ့ဆော်မှုလုပ်ဆောင်နေခြင်းဖြစ်သည်မှာ ထင်ရှားပြီး အမျိုးသားလုံခြုံရေးကို စိုးရိမ်၍ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ အမေရိကန်၏ ပိတ်ပင်တားမြစ်မှုသည် လွတ်လပ်သော စျေးကွက်ယှဉ်ပြိုင်မှု၏ အခြေခံမူများကို ချိုးဖောက်နေကြောင်း Huawei က ထုတ်ပြန်ခဲ့သည်။

ပိတ်ပင်တားမြစ်မှုသည် အမေရိကန် ကုမ္ပဏီများအပါအဝင် မည်သည့်စီးပွားရေး လုပ်ငန်းကိုမျှ အကျိုးရှိစေမည်မဟုတ်ကြောင်း၊ ထို့ပြင် ယာယီအထွေထွေလိုင်စင်ကို သုံးလသက်တမ်းတိုးလိုက်သည့် အမေရိကန်၏ ဆုံးဖြတ်ချက်သည် Huawei အား တရားမျှတမှုမရှိစွာ ပြုမူဆက်ဆံနေသည်ဆိုသော အမှန်တရားကို ပြောင်းလဲစေလိမ့်မည် မဟုတ်ကြောင်း Huawei က သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တားမြစ်ပိတ်ပင်မှုကို ၀ါရှင်တန်က သုံးလဆိုင်းငံ့လိုက်ခြင်းကြောင့် ထိုသုံးလအတွင်း Huawei အနေဖြင့် အမေရိကန်ထုတ်တစ်ပိုင်း လျှပ်ကူးပစ္စည်းများ၊ ဖုန်းတွင် လိုအပ်သည့် အရေးကြီးစက်ပစ္စည်းအစိတ်အပိုင်းများ၊ ကွန်ရက်နှင့်သက်ဆိုင်သော ပစ္စည်းများကို ဝယ်ယူနိုင်ပြီး အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့်လည်း Huawei ၏ ဆက်သွယ်ရေးကွန်ရက်ကို ဆက်လက်ဝယ်ယူနိုင်ကြောင်း သိရသည်။

ကမ္ဘာ့အမြန်ဆုံး 5 G ကွန်ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူအဖြစ် မှတ်ယူခံထားရသည့် Huawei သည် ၀ါရှင်တန်နှင့် ပေကျင်း၏ ကုန်သွယ်ရေးစစ်ပွဲအတွင်း စီးပွားရေးအရ အထိနာခဲ့သော ကုမ္ပဏီဖြစ်သည်။ ယခုလအစောပိုင်းတွင် Huawei သည် ၎င်း၏ ကိုယ်ပိုင် OS အသုံးပြုထားသည့် Harmony OS ဟု ခေါ်သော စမတ်တီဗွီတစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

 

Most Read

Most Recent