ဒစ္စနေက တစ်နှစ်အတွင်း ဝင်ငွေဒေါ်လာ တစ်ဘီလျံရသည့် ဇာတ်ကားငါးကားဖြန့်ချိခဲ့သည့် ပထမဆုံးရုပ်ရှင်ကုမ္ပဏီအဖြစ် စံချိန်တင်

ဒစ္စနေက တစ်နှစ်အတွင်း ဝင်ငွေဒေါ်လာ တစ်ဘီလျံရသည့် ဇာတ်ကားငါးကားဖြန့်ချိခဲ့သည့် ပထမဆုံးရုပ်ရှင်ကုမ္ပဏီအဖြစ် စံချိန်တင်
Published 17 August 2019

၂၀၁၉ ခုနှစ် ဇွန်က ဖြန့်ချိခဲ့သည့် Toy Story 4 ဇာတ်ကားသည် သြဂုတ် ၁၄ ရက်တွင် ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့ပြီးနောက် ဒစ္စနေသည် တစ်နှစ်အတွင်း ဝင်ငွေဒေါ်လာ တစ်ဘီလျံရသည့် ဇာတ်ကားငါးကားဖြန့်ချိခဲ့သည့် ပထမဆုံးရုပ်ရှင်ကုမ္ပဏီအဖြစ် စံချိန်သစ်တင်ခဲ့သည်။

၁၉၉၅ ခုနှစ်ကဖြန့်ချိခဲ့သည့် Toy Story ၏ စတုတ္ထမြောက်ဇာတ်ကားဖြစ်သည့် Toy Story 4 သည် သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားစာရင်း၏ နံပါတ်ကိုးနေရာတွင်လည်း ဖော်ပြခံခဲ့ရသည်ဟု ဒစ္စနေက သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တွမ်ဟင့်စ်၊ တင်အလန်၊ အန်နီပေါ့ပ်၊ တိုနီဟေး၊ လိုရီအလန်၊ ကီနူးရိဗ်၊ အယ်လီမာကီ၊ ကီဂန်မိုက်ကယ်ကီး၊ Jordan Peele, Joan Cusack တို့ နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည့် Toy Story သည် ဇာတ်ညွှန်း၊ စိတ်ခံစားမှု၊ အန်နီမေးရှင်း၊ ဟာသနှင့် အသံသရုပ်ဆောင်မှုများအတွက် ချီးမွမ်းခံခဲ့ရသည့် ဇာတ်ကားလည်းဖြစ်သည်။

ဒစ္စနေသည် ၂၀၁၉ ခုနှစ် ပထမခုနစ်လတွင်လည်း စုစုပေါင်းဝင်ငွေ ဒေါ်လာ ၇.၆၇ ဘီလျံဖြင့် ဝင်ငွေအများဆုံးရုပ်ရှင်ကုမ္ပဏီအဖြစ် စံချိန်သစ်တင်ခဲ့ပြီး တစ်လမပြည့်မီ နောက်ထပ်စံချိန်တစ်ခု တင်ခဲ့ခြင်းဖြစ်သည်။ ဒစ္စနေသည် ယခုနှစ်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ရှစ်ဘီလျံခန့် ရရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ဒစ္စနေသည် 21st Century Fox ၏ ရှယ်ယာအများစုကို ယခုနှစ်အစောပိုင်းတွင် ရရှိခဲ့ပြီးနောက် လက်မှတ်ရောင်းချမှုဝင်ငွေတွင် ကြီးမားသည့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ဒစ္စနေကဖြန့်ချိခဲ့သည့် Captain Marvel, Aladdin, The Lion King နှင့် Avengers: Endgame ဇာတ်ကားတို့သည်လည်း ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့သည်။ ယခုနှစ် ဧပြီ ၂၆ ရက်က ဖြန့်ချိခဲ့သည့် စူပါဟီးရိုးဇာတ်ကား Avengers: Endgame သည် ဇူလိုင်နောက်ဆုံးပတ်တွင် ဂျိမ်းစ်ကင်မရွန်၏ စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Avatar ကိုကျော်တက်ပြီး တစ်သက်တာဝင်ငွေအများဆုံးဇာတ်ကားအဖြစ် စံချိန်သစ်တင်ခဲ့သည်။ Marvel Cinematic Universe ၏ ၂၂ ခုမြောက် ဇာတ်ကားနှင့် Avengers: Infinity War ၏နောက်ဆက်တွဲဇာတ်ကားဖြစ်သော Avengers: Endgame သည် ဖြန့်ချိပြီး သုံးလကျော်အကြာတွင် ကမ္ဘာတစ်ဝန်း စုစုပေါင်းဝင်ငွေဒေါ်လာ ၂.၇၉ ဘီလျံရရှိခဲ့သည်။

Most Read

Most Recent