တေးသံရှင် Paul Austin ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ

တေးသံရှင် Paul Austin ရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 16 August 2019
လင်းလင်းခိုင်

သီချင်းဆိုပြိုင်ပွဲတွေများပြားလာတာနဲ့အမျှ ကိုယ်ပိုင်အရည်အချင်း၊ စွမ်းရည်တွေကို ပရိသတ်သိရှိအောင်ပြသနိုင်ပြီး ဂီတလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ လူငယ်မျက်နှာသစ်အနုပညာရှင်တွေ အများအပြားထွက်ပေါ်လို့လာခဲ့ပါတယ်။ The Voice Myanmar Season 2 ပြိုင်ပွဲရဲ့ Blind Audition အဆင့်ကနေ ပြိုင်ပွဲရက်သတ္တပတ်တိုင်းမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့ပြီး Grand Final မှာတော့ 1st Runner Up ဆုနဲ့ကျေနပ်ခဲ့ရသူက  တေးသံရှင် Paul Austin ဖြစ်ပါတယ်။ အပြုံးချိုချိုတွေကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်ဟန်တစ်ခုနဲ့ တေးသီချင်းတွေကို သီဆိုတတ်သူ Paul က လက်ရှိမှာတော့ ခိုင်မာတဲ့ပရိသတ်အားပေးမှုခွန်အားတွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေတာလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ Paul Ausstin ပြောပြတဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။

တေးသံရှင် Paul Austin က လားရှိုးမြို့ဇာတိဖြစ်ပြီး ၁၉၉၂ ခုနှစ်ဖေဖော်ဝါရီ ၂ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းညီမတစ်ဦးရှိပြီး ပရိသတ်သိရှိထားပြီးသူဖြစ်တဲ့ တေးသံရှင်လီတာပန်ပန်ပဲဖြစ်ပါတယ်။ ငယ်စဉ်ကလေး ဘဝတုန်းက အဆော့မက်သလို ပျော်ရွှင်စရာအမှတ်တရများစွာနဲ့ဖြတ်သန်းခဲ့တယ်လို့ Paul က ဆိုပါတယ်။ Paul ကငယ်စဉ်ကလေးဘဝရဲ့ အမှတ်တရတစ်ခုအနေနဲ့ “ငယ်ငယ်က ကျေးရွာလိုနေရာမှနေတော့ တစ်ရက်အမေက ညပိုင်း အသိအိမ်သွားလည်တော့ လိုက်သွားချင်တယ်ဆိုတာနဲ့ အိမ်မှာရှိနေတဲ့ တခြားကလေးတွေကိုပါ အတင်းအဖော်ခေါ်ပြီး တောင်ပေါ်ကအမေရှိနေတဲ့အိမ်ကို လိုက်သွားဖူးတယ်။ ဟိုရောက်တော့ အဲဒီအိမ်ကခွေးတွေဟောင်ကြတဲ့အခါ အရမ်းကြောက်ပြီး အမေရှိနေတာကိုလည်း မေ့သွားပြီး အတင်းအိမ်ပြန်ပြေးရတယ်။ ဖိနပ်တစ်ဖက်လည်းကျွတ်ခဲ့တော့ အိမ်ရောက်တော့ဖိနပ်ကိုလည်း နှမြောပြီးမှငိုရတာ အမှတ်တရပါ” လို့ ရယ်မောရင်း ဆိုပါတယ်။

Paul Austin က ကျောင်း ပညာရေးကိုတော့ လားရှိုးမြို့မှာပဲ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အထိ တက်ရောက်ခဲ့သလို ငယ်စဉ်ကလေးဘဝမှာ စာတော်တဲ့အထဲ မပါဝင်ခဲ့ဘူးလို့ဆိုပါတယ်။ ငယ်စဉ်ကတည်းက သီချင်းတွေ နားထောင်ရတာ ကြိုက်နှစ်သက်သလို ကာရာအိုကေနဲ့ တစ်ချိန်လုံးသီချင်းတွေ ဆိုနေခဲ့တယ်လို့ဆိုပါတယ်။ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်က ငယ်စဉ်ကတည်းက ရှိနေခဲ့ပြီး ဘွဲ့ရရှိပြီးတဲ့အထိတော့ ဘယ်လမ်းကြောင်းကနေသွားရ မယ်ဆိုတာမသိခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေခဲ့ပြီး သီချင်းဆိုပြိုင်ပွဲတွေဝင်ပြိုင်ချင်ပေမယ့် အလုပ်ကိုပဲဦးစားပေးနေရခဲ့တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

The Voice Myanmar Season 2  ကိုတော့ အလုပ်ကနေပဲ အွန်လိုင်းကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Blind Audition အဆင့် ပါဝင်ခွင့်ရခဲ့တဲ့အခါ မြန်မာနိုင်ငံကို ခဏပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဆင့်မှာကတည်းက ပရိသတ်အားပေးမှုစပြီး ရရှိခဲ့တာကြောင့် ခွန်အားတွေလည်း အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။ အများကြီးမျှော်လင့်မထားခဲ့ပေမယ့် ပရိသတ်အားပေးမှုနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းခဲ့တာပါ လို့လည်း Paul Austin က ဆိုပါတယ်။

Paul Austin က The Voice Myanmar Season 2 ပြိုင်ပွဲကာလ တစ်လျှောက်လုံးမှာ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ Grand Final ပြိုင်ပွဲမှာလည်း အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သလို သူ့ ပရိသတ်တွေက Winner ဆုအတွက် အပြည့်အဝယုံကြည်ထားပေမယ့် 1st Runner Up ဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပြိုင်ပွဲပြီးသွားချိန်မှာတော့ Paul Austin က FG Live Lounge ဂီတဖျော်ဖြေပွဲမှာ Winner ဆုရှင်နိုဗမ်ထူး၊ အခြား Top 4 Finalist များနဲ့ ပါဝင်တင်ဆက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်တေးသီချင်းသစ်တွေထွက်ရှိနိုင်ဖို့ ကြိုးစားနေသလို Fan Meeting တစ်ခုကိုလည်း လုပ်ဆောင်သွားဖို့စီစဉ်နေပါတယ်။ Paul ကိုအားပေးတဲ့ပရိ သတ်တွေနဲ့ သီးသန့်ဖျော်ဖြေပွဲတစ်ခု လုပ်ဆောင်သွားဖို့လည်း စီစဉ်ထားတယ်လို့ဆိုပါတယ်။ အမြဲတမ်းပြုံးပျော်နေတတ်သလို ဂီတကိုချစ်တဲ့ Paul ကပရိသတ်တွေနဲ့အဆက်မပြတ်စေဖို့ အတွက် ကြော်ငြာရိုက်ကူးတာတွေ၊ ဇာတ်လမ်းတိုတွေမှာပါဝင်တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေက ကျွန်တော့်ကိုအားပေးရကျိုးနပ်ဖို့အတွက် သီချင်းသစ်တွေအကောင်းဆုံးတင်ဆက်နိုင်အောင် လုပ်နေတယ်။ ဒီကြားထဲမှာပရိသတ်တွေနဲ့လည်းတွေ့ဆုံမယ်။ သီးခြားပွဲတစ်ပွဲလည်းလုပ်နိုင်အောင် ကြိုးစား နေပါတယ်။” လို့ Paul က ဆိုပါတယ်။

အခုတစ်ပတ်မှာဖတ်ခဲ့ရတဲ့ တေးသံရှင် Paul Austin ကတော့ ယုံကြည်ရာ ဂီတလမ်းအတွက် အလုပ်ကိုတောင်စွန့်လွှတ်ခဲ့ပြီး ကြိုးစားလျှောက်လှမ်းနေသူပဲဖြစ်ပါတယ်။ သူပြောပြခဲ့တဲ့ငယ်စဉ်က အမှတ်တရတွေကနေ ရိုးသားပွင့်လင်းမှု၊ ယုံကြည်ရာ ခရီးအတွက်အားထုတ်မှုတွေကို တွေ့မြင်ရမှာပါ။ နောက်တစ်ပတ်တွေမှာလည်း တခြားသောအနုပညာရှင်တွေရဲ့ ပရိသတ်သတိမထားမိခင်အချိန်က အမှတ်တရတွေကို တင်ဆက်ပေးသွားပါဦးမယ်။                                    

 

Most Read

Most Recent