MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် ကာမီလာကာဘယ်လိုနှင့် ရှောမန်ဒက်စ်တို့ ဖျော်ဖြေမည်

MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် ကာမီလာကာဘယ်လိုနှင့် ရှောမန်ဒက်စ်တို့ ဖျော်ဖြေမည်
Published 15 August 2019

၂၀၁၉ ခုနှစ် MTV သီချင်းဗီဒီယိုဆုပေးပွဲ VMA တွင် ကာမီလာကာဘယ်လိုနှင့် ရှောမန်ဒက်စ်တို့ ပါဝင်ဖျော်ဖြေမည်ဟု MTV ရုပ်သံ က သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးအဆိုတော်အဖွဲ့ Fifth Harmony ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ထင်ရှားလာသည့် အသက် ၂၂ နှစ်အရွယ် ကာဘယ်လိုသည် ၂၀၁၈ ခုနှစ်က ဖြန့်ချိခဲ့သည့် ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ် CAMILA ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ကျူးဘား-အမေရိကန်အဆိုတော် ကာဘယ်လိုသည် ၂၀၁၈ ခုနှစ် သီချင်းဗီဒီယိုဆုပေးပွဲတွင် Havana  သီချင်းဖြင့် တစ်နှစ်တာ အကောင်းဆုံးသီချင်း ဗီဒီယိုဆုနှင့် တစ်နှစ်တာအကောင်းဆုံး အဆိုတော်ဆုကို ရရှိခဲ့သည်။

ကနေဒါအဆိုတော်၊ တေးရေး၊ မော်ဒယ်မန်ဒက်စ်သည် သီချင်းဗီဒီယိုဝေမျှသည့် Vine ဝက်ဘ်ဆိုက်တွင် တင်ခဲ့သည့် cover song များဖြင့် ၂၀၁၃ ခုနှစ်တွင် လူသိများလာခဲ့သည်။ Talent manager အန်ဒရူးဂါ့တ်လာ နှင့် Island Records တေးသံသွင်းကုမ္ပဏီတို့က မန်ဒက်စ်ကို သတိထားမိခဲ့ပြီးနောက် ၎င်းနှင့်စာချုပ် ချုပ်ဆိုခဲ့သည်။

အသက် ၂၁ နှစ်အရွယ် မန်ဒက်စ်သည် စတူဒီယိုအယ်လ်ဘမ်သုံးခုဖြန့်ချိခဲ့ပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်နှစ်ခု ပြုလုပ်ခဲ့သည်။ 

သြဂုတ် ၂၆ ရက်တွင်ကျင်းပမည့် MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် မန်ဒက်စ်နှင့် ကာဘယ်လိုတို့က လတ်တလောဖြန့်ချိထားသည့် Senorita သီချင်းဖြင့် စုံတွဲဖျော်ဖြေမည်ဖြစ်သည်။

Senorita သီချင်းသည် မန်ဒက်စ်နှင့် ကာဘယ်လိုတို့ စုံတွဲသီဆိုထားသည့် ဒုတိယမြောက်သီချင်းလည်း ဖြစ်သည်။ မန်ဒက်စ်၊ ကာဘယ်လို၊ Charli XCX ၊ Ali Tamposi နှင့် Clean Bandit အဖွဲ့ဝင် ဂျက်ပတ်တာဆန်တို့ ပူးပေါင်းရေးသားခဲ့သည့် ယင်းသီချင်းသည် ယခုနှစ် Teen Choice ဆုပေးပွဲတွင် Choice  Summer Song ဆုကိုရရှိခဲ့သည်။

သြဂုတ် ၂၆ ရက်တွင်ကျင်းပမည့် MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် တေလာဆွစ်၊ Lizzo ၊ Bad Bunny ၊ J Balvin ၊ Lil Nas X နှင့် Rosalia တို့လည်း ဖျော်ဖြေမည်ဖြစ်ပြီး  ဟာသသရုပ်ဆောင် Sebastian Maniscalco က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်မည် ဖြစ်သည်။

ယခုနှစ် VMA ဆုဆန်ခါတင်စာရင်းတွင် တေလာဆွစ်နှင့် အရီယာနာဂရန်ဒီတို့က ဆု ၁၀ ဆုစီဖြင့် ဦးဆောင်နေသည်။ ယခု နှစ်ဆုပေးပွဲတွင် မစ်ဆီအယ်လီအော့ကို တစ်သက်တာအောင်မြင်မှုဆုဖြင့် ဂုဏ်ပြုမည် ဖြစ်သည်။

Most Read

Most Recent