တရုတ်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Shanghai Fortress လက်မှတ်ရောင်းချမှုဝင်ငွေတွင် မျှော်မှန်းထားသလောက် မရရှိခဲ့

တရုတ်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Shanghai Fortress လက်မှတ်ရောင်းချမှုဝင်ငွေတွင် မျှော်မှန်းထားသလောက် မရရှိခဲ့
Published 14 August 2019

တရုတ်ဒါရိုက်တာ Teng Huatao ရိုက်ကူးသည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Shanghai Fortress သည် လက်မှတ်ရောင်းချမှုဝင်ငွေစာရင်းတွင် ခန့်မှန်းသလောက် အောင်မြင်မှုမရခဲ့ဘဲ ဒေါ်လာ ၁၂.၄ သန်းသာ ရရှိခဲ့သည်။ အနာဂတ်ရှန်ဟိုင်းကို ကျူးကျော်ဝင်ရောက်လာသည့် ဂြိုဟ်သားများအား လူသားများက တိုက်ခိုက်သည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ထိုင်ဝမ်-ဟောင်ကောင်သရုပ်ဆောင် ရှုကျီနှင့် အဆိုတော်-သရုပ်ဆောင် လူဟန်တို့ပါဝင် သရုပ်ဆောင်ထားသည်။

စာရေးဆရာ ကျန်းနန်၏ ဝတ္ထုကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်ကား ရိုက်ကူးထုတ်လုပ်ရေးအတွက် အချိန်ငါးနှစ်ကြာခဲ့သည်ဟု ထုတ်လုပ်သူများက ပြောကြားခဲ့သည်။ ဒေါ်လာ ၅၇ သန်းကျော်အထိ ငွေကြေးအများအပြား အသုံးပြုခဲ့သည့် ယင်းဇာတ်ကား၏ အထူးပြုလုပ်ချက်များနှင့် visual များအတွက် ပညာရှင် ၂၀၀၀ ကျော် ပါဝင်ကူညီပေးခဲ့သည်ဟု ဒါရိုက်တာ Teng က ပြောကြားခဲ့သည်။ ယင်းဇာတ်ကားသည် The Wandering Earth ဇာတ်ကားဖြန့်ချိပြီး ခြောက်လခန့်အကြာတွင် ဖြန့်ချိခဲ့သည့် တရုတ်၏ပြည်တွင်းထုတ် စိတ်ကူးယဉ်သိပ္ပံဇာတ်ကားသစ်ဖြစ်သည်။

Shanghai Fortress သည်  လက်မှတ်ရောင်းချမှု ဝင်ငွေဒေါ်လာ ၆၉၉ သန်းကျော်ရရှိခဲ့သော The Wandering Earth ဇာတ်ကားကဲ့သို့ပင် လက်မှတ်ရောင်းချမှုဝင်ငွေတွင် ဦးဆောင်နိုင်လိမ့်မည်ဟု ထုတ်လုပ်သူများက အစောပိုင်းတွင် ခန့်မှန်းခဲ့သည်။

သို့သော် Shanghai Fortress ဇာတ်ကားသည် လက်မှတ်ရောင်းချမှုဝင်ငွေတွင် အောင်မြင်မှုမရဘဲ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ တရုတ်ရုပ်ရှင်ဇာတ်ကားများကို rating သတ်မှတ်သည့် နာမည်ကြီးဝက်ဘ်ဆိုက် Douban တွင် ယင်းဇာတ်ကားကို Rating 3.3 သာ ပေးခဲ့သည်။

Shanghai Fortress ဇာတ်ကားသည် စိတ်ကူးယဉ်သိပ္ပံအယောင်ဆောင်မှု အောက်တွင်ရှိသည့် အချစ်ဇာတ်ကားဖြစ်ကြောင်း၊ ဇာတ်ညွှန်းသည် ရှေ့နောက်ဆက်စပ်မှုမရှိသလို လူဟန်၏သရုပ်ဆောင်မှုသည် အလွန်ညံ့ဖျင်းကြောင်း Douban ဝက်ဘ်ဆိုက် အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။

Shanghai Fortress ၏ ဒါရိုက်တာ Teng Huatao က ဇာတ်ကားထုတ်လုပ်သူများ၏ ငွေကြေးဆုံးရှုံးခဲ့မှုအတွက် တောင်းပန်ကြောင်း ဝေပိုတွင် ရေးသားခဲ့သည်။

Most Read

Most Recent