တေးသံရှင်ဇော်ပိုင်နှင့် တွေ့ဆုံခြင်း

တေးသံရှင်ဇော်ပိုင်နှင့် တွေ့ဆုံခြင်း
Published 13 August 2019
လင်းလင်းခိုင်

ဂီတလောကအတွင်း ၁၀ စုနှစ်နှစ်ခုနီးပါးရောက်ရှိဖြတ်သန်းခဲ့သည့် တေးသံရှင်ဇော်ပိုင်မှာ လက်ရှိအချိန်အထိတိုင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားဆဲဖြစ်သည့် တေးသံရှင်တစ်ဦး ဖြစ်သည်။ သြဂုတ် ၁၀ ရက်တွင်ပြုလုပ်ခဲ့သည့် FG Live Lounge ဂီတဖျော်ဖြေ ပွဲတွင် တေးသံရှင်ဇော်ပိုင်က ပရိသတ်များနှင့် အမှတ်တရရှိခဲ့သည့်တေးသီချင်း ကောင်းများစွာဖြင့် တင်ဆက်နိုင်ခဲ့ပြီး ဖျော်ဖြေပွဲအစအဆုံးတွင် ပရိသတ်များနှင့် အပေးအယူမျှစွာ တင်ဆက်နိုင်ခဲ့သည်။ သြဂုတ်လအတွင်း Music Video ခွေထွက်ရှိရန်စီစဉ်ထားသည့်အပြင် အောက်တိုဘာလတွင်လည်း တစ်ကိုယ်တော် တေးအယ်လ်ဘမ်သစ်ထွက်ရှိရန် စီစဉ်ထားသည့် တေးသံရှင်ဇော်ပိုင်နှင့်တွေ့ဆုံ၍ ဖျော်ဖြေပွဲအမှတ်တရခံစားမှုများ၊ ရှေ့ဆက်လုပ်ကိုင်သွားမည့် ဂီတလှုပ်ရှားမှုများအကြောင်းကို မေးမြန်းဖြစ်ခဲသည်။

မေး- FG Live Lounge မှာ ပရိသတ်တွေနဲ့ အပေးအယူမျှမျှ တင်ဆက်နိုင်ခဲ့တဲ့အပေါ် ပီတိကိုသိချင်ပါတယ်။

ဖြေ- FG Live Lounge မှာပရိသတ်နဲ့ကိုယ် နဲ့နီးနီးကပ်ကပ် အပေးအယူမျှမျှ တင်ဆက်နိုင်ခဲ့တယ်။  ပရိသတ်တောင်းတဲ့ သီချင်းတွေကို ဖျော်ဖြေခွင့်ရခဲ့တယ်။ ပွဲအစအဆုံးမှာလည်းအားလုံး က သီချင်းတွေလိုက် ဆိုပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း  အရမ်းပျော်ပါတယ်။ mini concert ဆိုပေမယ့် တကယ့် ကို ရှိုးပွဲအကြီးကြီးတစ်ခုုကို အပြည့်ဖျော်ဖြေနိုင်ခဲ့သလိုလည်း ခံစားရတယ်။ကျွန်တော့်အတွက် အမှတ်တရဖြစ်ရတဲ့ ပွဲဖြစ်သလို ပရိသတ်တွေလည်း ကျေနပ်မယ်လို့ ထင်ပါတယ်။

မေး- FG Live Lounge နဲ့ တခြားပွဲတွေမှာ ဖျော်ဖြေရတဲ့ ကွာခြားချက်ဆိုရင်ရော။

ဖြေ- ဒီပွဲကတော့ပရိသတ်တွေနဲ့ ပိုပြီးနီးကပ်တယ်လို့ ခံစားရတယ်။ Live Show  ဆိုရင် ပရိသတ်တွေနဲ့နည်းနည်းလေး ဝေးနေသေးတယ်။ အခုပွဲကကျတော့ ပရိသတ်တွေကို ဖျော်ဖြေတာမျိုးတင်မဟုတ်ဘဲ ကိုယ့်မိသားစု ညီအစ်ကိုမောင်နှမတွေနဲ့အတူ သီချင်းတွေဆိုနေရတဲ့ ခံစားချက် မျိုးရရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း သီချင်းတွေဆိုရင်းနဲ့ အရမ်းပျော်ရသလို ပရိသတ်တွေလည်း ပျော်ကြမယ်ထင်တယ်။

မေး- ကိုဇော်ပိုင်ကို တခြားအနုပညာရှင်တွေလည်း လာအားပေးကြတာတွေ့ရတော့ အဲဒီခံစားမှုလေး ပြောပါဦး။

ဖြေ- ကျွန်တော့်ပွဲလေးမှာ လာအားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ဂီတမိတ်ဆွေ၊ သူငယ်ချင်းတွေလည်း လာဝန်းရံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေး- mini concert ဖြစ်တဲ့အတွက် သီချင်းရွေးချယ်မှုမှာ ခက်ခဲခဲ့တာမျိုးရှိလား။

ဖြေ- အမှန်အတိုင်းပြောရရင် mini concert ဖြစ်တော့ သီချင်းက ၁၅ ပုဒ်လောက်ပဲ ဆိုလို့ရမယ်။ သီချင်းရွေးရတာ နည်းနည်းခက်ပါတယ်။ သီချင်းတွေအားလုံးကို ဆိုချင်တာတွေ၊ ပရိသတ်နားထောင်ချင်တာတွေနဲ့ ချိန်ပြီးရွေးရတော့တော်တော်ခက် ပါတယ်။ ဒါတောင် ကျွန်တော်ရွေးရင်းနဲ့ပဲ ၁၉ ပုဒ်ဆိုဖြစ်သွားတယ်။ ဒါပေမဲ့ ဆိုချင်တဲ့သီချင်းတွေကတော့ ကျန်နေတုန်းပဲ။ ပရိသတ်ကလည်း နားထောင်ချင်တဲ့ သီချင်းတွေရှိသေးတယ်။ မဆိုပေးလိုက်ရတဲ့ သီချင်းတွေအတွက်လည်း တောင်းပန်ပါတယ်။ နားဆင်အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။

မေး - မိုးတွင်းမှာက ပုံမှန်အနေနဲ့ရှိုးတွေရှားပါးတယ်။ ဒါပေမဲ့ အခု FG Live Lounge က အပတ်စဉ်စနေတိုင်း လုပ်ပေးတဲ့အပေါ် အမြင်ကိုလည်းပြောပြပေးပါဦး။

ဖြေ - FG Live Lounge ပွဲလေးတွေ လုပ်တာကောင်းပါတယ်။ ပရိသတ်တွေက သူတို့ချစ်တဲ့အနုပညာရှင်တွေနဲ့ နီးနီးကပ်ကပ် တွေ့ဆုံအားပေးခွင့်ရတာဖြစ်လို့ တကယ်ကောင်းတဲ့ အစီအစဉ်ပါ။

မေး - နောက်ထပ် အနုပညာလှုပ်ရှားမှုဆိုရင်ရော ဘာတွေလုပ်ဖြစ်မလဲ။

ဖြေ - ကျွန်တော့်ရဲ့ ‘ပြုသူအသစ်’ တေးအယ်လ်ဘမ် music video ကို ဒီလထဲ မှာပဲထွက်ပါမယ်။ ပြီးရင်အောက်တိုဘာလထဲမှာ တစ်ကိုယ်တော်ခွေသစ် ခုနစ်ခွေမြောက်အယ်လ်ဘမ် ထွက်ပါမယ်။

မေး - တစ်ကိုယ်တော်အယ်လ်ဘမ်အသစ်နဲ့ပတ်သက်လို့ ကြိုပြောပြပေးနိုင်တာများရှိမလား။

ဖြေ - ကျွန်တော့်အခွေက ပြီးသလောက်ဖြစ်နေပါပြီ။ သီချင်းတွေအားလုံးကတော့ ပရိသတ်တွေကို နားထောင်စေချင်နေပါပြီ။ အမြန်ဆုံးထွက်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေ လည်းပါမယ်။ တခြားတေးရေးဆရာတွေ ရေးပေးတာလည်းပါပါမယ်။ Music ပုံစံကတော့ နည်းနည်းလေး ပြောင်းလဲလာတာလေးတွေ ပါပါမယ်။ အခွေ ထွက် လာတဲ့အခါလည်း ပရိသတ်တွေရဲ့တုံ့ပြန်မှုကို အရမ်းသိချင်ပါတယ်။

မေး - ဂီတလောကထဲမှာ ဖြတ်သန်းမှုရှည်ကြာလာတာနဲ့အမျှ ဂီတဖန်တီးမှုတွေလည်း ပြောင်း လဲလာတာမျိုးတွေ ရှိလား။

ဖြေ - အဲဒါကတော့ ရှိပါတယ်။ ဂီတရေစီးကြောင်းမှာကိုက ပြောင်းလဲမှုတွေ ရှိနေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဖန်တီးမှုတွေလည်း ပြောင်းလဲတာမျိုးတွေရှိတယ်။ ဒါပေမဲ့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဂီတပုံစံ၊ ဆိုဟန်ဆိုတာတွေကတော့ ရှိပြီးသားဆိုတော့ အဲဒီအပေါ်မှာပဲ လိုက်ဖက်တာမျိုးကို ပြောင်းလဲသွားတာမျိုးပါ။

မေး - ရှိုးတွေရော ထပ်ဆိုဖို့ လက်ခံထားတာတွေရှိလား။

ဖြေ- ရှိုးကတော့ မိုးရာသီဆိုတော့ နယ်ရှိုးတွေလောက်ပဲရှိတယ်။ ပွင့်လင်းရာသီဆိုရင်တော့ ရှိုးကများပါတယ်။ ပွင့်လင်းရာသီရောက်မှပဲရှိုးကတော့ များပါမယ်။ ဒီကြားထဲတော့ နယ်ရှိုးတွေနဲ့ အခွေထွက်ဖို့ ပြင်ဆင်နေမှာပါ။

မေး - သားသားကိုယ်တိုင်လည်း လာအားပေးနေတာတွေ့ရတော့ သားနဲ့ပတ်သက်လို့ရော ကိုယ့်ဂီတကို လက်ဆင့်ကမ်းစေချင်တာမျိုးရှိလား။

ဖြေ - ကျွန်တော်ကတော့ သားကို ဘာဖြစ်ရမယ်ဆိုတာထက် သူဝါသနာပါတာ၊ သူဖြစ်ချင်တာကို တတ်နိုင်သလောက်ပျိုးထောင်ပေးဖို့ပဲ အမြဲကြိုးစားပါတယ်။ ကိုယ်ကသူ့ကို ဘာဖြစ်ရမယ်ဆိုတာမျိုး မပြောဘူး။ သူ့ကိုအရမ်းကြီး ဖိအားပေးပြီး ဘာလုပ်ရမယ်ဆိုတာမျိုး သတ်မှတ်ပေးတာတော့မရှိပါဘူး။

မေး - အားပေးကြတဲ့ ပရိသတ်တွေကို ပြောချင်တာများရှိမလား။

ဖြေ- ကျွန်တော့်ရဲ့ mini concert မှာ ကိုယ်တိုင်လာအားပေးကြတဲ့ ပရိသတ်တွေရော၊ ရုပ်သံကနေအားပေးကြည့်ရှုပေးတဲ့ပရိသတ်တွေကိုပါကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ကိုအခုချိန်ထိတိုင်အောင် နှစ်သက်အားပေးကြတဲ့အတွက် ဆက်လက်ပြီးတော့လည်းကြိုးစားသွားပါမယ်။

 

Most Read

Most Recent