၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေအတွက် ချေးယူနိုင်သည့် ပမာဏမှာ ကျပ်ဘီလျံ ၇၇၀၀ ဖြစ်၍ လိုငွေမှာ ပြုပြင်ပြီး ခန့်မှန်းခြေအရ ကျပ် ၅၂၉၃ ဘီလျံဖြစ်ပြီး ယင်းလိုငွေများကို အစိုးရငွေတိုက် လက်မှတ်နှင့် ငွေတိုက်စာချုပ်များမှ ဖြည့်ဆည်းမည်ဟုသိရ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေအတွက် ချေးယူနိုင်သည့် ပမာဏမှာ ကျပ်ဘီလျံ ၇၇၀၀ ဖြစ်၍ လိုငွေမှာ ပြုပြင်ပြီး ခန့်မှန်းခြေအရ ကျပ် ၅၂၉၃ ဘီလျံဖြစ်ပြီး ယင်းလိုငွေများကို အစိုးရငွေတိုက် လက်မှတ်နှင့် ငွေတိုက်စာချုပ်များမှ ဖြည့်ဆည်းမည်ဟုသိရ
Published 11 August 2019

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေမှာ ပြုပြင်ပြီး ခန့်မှန်းခြေအရ ကျပ် ၅၂၉၃ ဘီလျံ ဖြစ်ပြီး ချေးယူနိုင်သည့်ပမာဏမှာ ကျပ်ဘီလျံ ၇၇၀၀ ဖြစ်၍ အဆိုပါ လိုငွေများကို အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များမှ ဖြည့်ဆည်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလိုငွေ ကျပ် ၅၂၉၃ ဘီ လျံအတွက် ချေးယူနိုင်သည့် ကျပ်ဘီလျံ ၇၇၀၀ အပေါ်မူတည်ကာ အစိုးရ ငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှ ရာခိုင်နှုန်း ၃၀၊ အစိုးရ ငွေတိုက်လက်မှတ်များ ရောင်းချခြင်းမှ ရာခိုင်နှုန်း ၅၀ နှင့် ဗဟိုဘဏ်သို့ အစိုးရငွေတိုက် လက်မှတ်များ ရောင်းချခြင်းမှ ရာခိုင်နှုန်း ၂၀ ဖြင့် လိုငွေဖြည့်ဆည်းရန် လျာထားကြောင်း သိရသည်။

အဆိုပါ လျာထားမှုအရ လိုငွေကို ဖြည့်ဆည်းရန် နှစ်လတ်ဘဏ္ဍာရေး မူဘောင်တွင် အစိုးရငွေတိုက်စာချုပ်မှ ကျပ် ၁၆၄၁ ဘီလျံနှင့် အစိုးရငွေတိုက် လက်မှတ်မှ ကျပ် ၃၈၃၀ ဘီလျံဖြည့်ဆည်းရန် လျာထားသည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်လိုငွေအတွက်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၅၂၀၀၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၇၂၀၀ အထိသာ ပြည်တွင်း ပြည်ပမှချေးယူရန် သတ်မှတ်ထားသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံးအဖြစ် ကျပ်ဘီလျံ ၉၀၀၀ အထိ ပြည်တွင်းပြည်ပမှ ချေးယူရန် လျာထား သတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

အစိုးရဘတ်ဂျက် လိုငွေအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလျံ ၅၂၀၀ အထိသာ ချေးယူခွင့် ပြုခဲ့သော်လည်း လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၇၂၀၀ အထိ ပြည်တွင်းပြည်ပမှ ချေးယူရန် သတ်မှတ်ခဲ့ရာမှ လိုငွေအမြင့် ဆုံးအဖြစ် စံချိန်တင်ထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းပြည်ပမှ ချေးယူရန် လျာထားမှုကိုလည်း ကျပ်ဘီလျံ ၉၀၀၀ အထိ စံချိန်တင်လျာထားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိကာလတွင် ပြည်တွင်းပြည်ပချေးငွေ များပြားနေပြီး လက်ရှိအစိုးရ ပထမနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း သိန်း ၅၀ (ဘီလျံ ၅၀၀၀) သာ ခွင့်ပြုခဲ့သော်လည်း အမှန်တကယ် ငွေချေးယူရာတွင် ကျပ် ၇၅၉၃ ဘီလျံအထိ ချေးယူခဲ့ပြီး ခွင့်ပြုပမာဏထက် ကျပ် ၂၅၉၃ ဘီလျံ ပိုမိုချေးယူခဲ့သည်။

ထို့ပြင် ခြောက်လသက်တမ်းသာ လုပ်ဆောင်ရမည်ဖြစ်သည့် ၂၀၁၈ ဘဏ္ဍာနှစ်တို ကာလအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ငွေချေးယူနိုင်ရန် ကျပ်သန်းပေါင်း ၄၂ သိန်း (ကျပ်ဘီလျံ ၄၂၀၀) အထိ ခွင့်ပြုထားပြီး အဆိုပါ ပမာဏမှာ ၁၂ လတာကာလ ကြာမြင့်သည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၁၀၀၀ သာ လျော့နည်းခဲ့ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားမှုအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာ ၉ ဒသမ ၈၉ ဘီလျံ ပေးရန် ရှိနေပြီး ပြည်တွင်းပြည်ပ ကြွေးမြီနှစ်ရပ်ပေါင်းမှာ ကျပ်ငွေဖြင့် တွက်ချက်ပါက ကျပ် ၃၈၁၁၇ ဘီလျံအထိ ရှိနေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းပြည်ပကြွေးမြီများတွင် ဦးသိန်းစိန် လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၉၉၃၈ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၆၃၃၅ ဘီလျံ၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၀၈၂၄ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၇၃၀၁ ဘီလျံ၊ ၂၀၁၃  -၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၉၅၆၁ ဘီလျံ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၉၅၄၅ ဘီလျံ၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလျံ၊ ပြည်ပ ကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလျံ တင်ရှိနေကြောင်း သိရသည်။

လက်ရှိ NLD အစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ်ဘီလျံ  ၁၈၀၂၀၊ ပြည်ပကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၀၇၂၅ ဘီလျံနှင့် ပြည်ပကြွေးမြီ ကျပ် ၁၃၉၇၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ စာရင်းအရ ပြည်တွင်းကြွေးမြီ ကျပ် ၂၂၂၈၇ ဘီလျံနှင့် ပြည်ပကြွေးမြီ ကျပ် ၁၃၂၆၃ ဘီလျံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ပကြွေးမြီ ကျပ် ၂၂၇၈၇ ဘီလျံနှင့် ပြည်ပကြွေးမြီ ကျပ် ၁၅၃၃၀ ဘီလျံ တင်ရှိနေကြောင်း သိရသည်။

အဆိုပါ ပြည်တွင်းပြည်ပ ကြွေးမြီများနှင့် ပတ်သက်ပြီး ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်း၊ ကြွေးမြီ စီမံခန့်ခွဲမှု ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီမှတ်တမ်းတင်ခြင်းနှင့် ကြွေးမြီအစီရင်ခံခြင်းများကို စနစ်တကျ ဆောင်ရွက်နေကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေ စံချိန်တင်များပြားမှု ဖြစ်ပေါ်နေပြီး ဘဏ္ဍာနှစ်ကိုးနှစ်အနက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မူလခန့်မှန်းခြေ ၇၀၂၇ ဘီလျံဖြင့် လိုငွေအများဆုံး ဖြစ်ပေါ်နေသည်။

Most Read

Most Recent