၂၀၁၉ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၈၈၅၉ စီး ရောင်းချနို်င်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ၂၉ ရာခိုင်နှုန်းကျော် မြင့်တက်

၂၀၁၉ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ် ၈၈၅၉ စီး ရောင်းချနို်င်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ရောင်းအား ၂၉ ရာခိုင်နှုန်းကျော် မြင့်တက်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ BMW ကားသစ် အရောင်းစင်တာ တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ BMW ကားသစ် အရောင်းစင်တာ တစ်နေရာကို တွေ့ရစဉ်
Published 11 August 2019

၂၀၁၉ ခုနှစ် ဇွန်လအထိ ခြောက်လအတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၈၅၉ စီး ရောင်း ချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၉ ရာခိုင်နှုန်းကျော် မြင့်တက်ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း ASEAN Automotive Federation က ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားသစ်ရောင်းချမှု ပမာဏမှာ ထိုင်းတွင် ၅၂၃၇၇၀ စီး၊ အင်ဒိုနီးရှား၌ ၄၈၁၅၇၇ စီး၊ မလေးရှားတွင် ၂၉၆၃၃၄ စီး၊ ဖိ လစ်ပိုင်တွင် ၁၇၄၁၃၅ စီး၊ ဗီယက် နမ်တွင် ၁၅၄၂၇၃ စီး၊ စင်ကာပူတွင် ၄၉၀၉၄ စီး၊ မြန်မာတွင် ၈၈၅၉ စီး၊ ဘရူနိုင်းတွင် ၅၈၁၂ စီးဖြစ်ပြီး အင် ဒိုနီးရှားနိုင်ငံတွင် ယခင်နှစ်ထက် ရောင်းအားကျဆင်းခဲ့ပြီး  ကျန်နိုင်ငံများတွင် ရောင်းအားအနည်းအများ အလိုက် တိုးတက်ခဲ့သည်။ အာဆီယံ စျေးကွက်တစ်ခုလုံး အနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လအထိ ကားသစ်ရောင်းချမှု ပမာဏ ၁၆၉၃၈၅၄ စီးရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှု ပမာဏ ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၂၉ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီးရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ် တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက် အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်း အားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်း ချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။ မြန်မာစျေးကွက်၌၂၀၁၉ ခုနှစ် ဇန် နဝါရီတွင် ၁၇၄၀၊ ဖေဖော်ဝါရီတွင် ၁၃၉၆ စီး၊ မတ်တွင် ၁၄၈၃ စီး၊ ဧပြီတွင် ၉၅၅ စီး၊ မေတွင် ၁၆၀၇ စီး၊ ဇွန်တွင် ၁၆၇၈ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၁၉၉၉ စီး ပိုမိုရောင်းနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၂၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီး ရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီး ရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာစျေးကွက်သည် ထွန်းသစ်စစျေးကွက်တစ်ခု ဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကားသစ်ရောင်းချမှု ပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှု ဆက်တိုက်ဖြစ်ပေါ်နေပြီး ၂၀၁၉ ခုနှစ် ခြောက်လအတွင်း အစီးရေ ၇၆၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံး အနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံက  ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါး တိုးတက်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားတပ်ဆင်ထုတ်လုပ်မှု ပမာဏမှာ ထိုင်းက ၁၀၆၅၉၄၅ စီး၊ အင်ဒိုနီးရှားက ၅၉၁၇၃၁ စီး၊ မလေးရှားက ၂၈၅၉၂၈ စီး၊ ဗီယက်နမ်က ၉၁၉၂၈ စီး၊ ဖိလစ်ပိုင်က ၄၀၆၀၈ စီး၊ မြန်မာက ၇၆၂၀ ဖြစ်ပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ထုတ်လုပ်မှုပမာဏ ကျဆင်းခဲ့သည်။ အာဆီယံစျေးကွက် တစ်ခုလုံး အနေဖြင့် ၂၀၁၉ ခုနှစ် မေအထိ ကားသစ်တပ်ဆင် ထုတ်လုပ်မှုပမာဏ ၂၀၈၂၈၆၀ စီးရှိပြီး ယခင်နှစ် ကာလတူထက် ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံက တိုးတက်မှုနှုန်း ၆၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှု ပမာဏ ၃၂၈ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီးတပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း လအလိုက် ထုတ်လုပ်ခဲ့သည့် ကားသစ်စီးရေ ပမာဏများမှာ ဇန်နဝါရီတွင် ၁၄၀၁ စီး၊ ဖေဖော်ဝါရီတွင် ၁၂၉၈ စီး၊ မတ်လတွင် ၁၀၄၃ စီး၊ ဧပြီလတွင် ၈၈၅ စီး၊ မေလတွင် ၁၅၀၁ စီး၊ ဇွန်လတွင် ၁၄၉၂ စီးဖြစ်သည်။

Most Read

Most Recent