သီချင်းကူးချမှုအတွက် နစ်နာကြေးပေးရန် အမိန့်ချခံခဲ့ရပြီး တစ်ပတ်အကြာတွင် ကေတီပယ်ရီက သီချင်းသစ် ဖြန့်ချိ

သီချင်းကူးချမှုအတွက် နစ်နာကြေးပေးရန် အမိန့်ချခံခဲ့ရပြီး တစ်ပတ်အကြာတွင် ကေတီပယ်ရီက သီချင်းသစ် ဖြန့်ချိ
Published 11 August 2019

အမေရိကန်အဆိုတော် ကေတီပယ်ရီသည် သီချင်းခိုးချမှုအတွက် နစ်နာကြေးပေးရန် အမိန့်ချမှတ်ခံခဲ့ရပြီး သီတင်းတစ်ပတ်အကြာတွင် Small Talk ဟု အမည်ပေးထားသည့် သီချင်းသစ်တစ်ပုဒ်ကို သြဂုတ် ၉ ရက်တွင် ဖြန့်ချိခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ဖြန့်ချိသည့် ကေတီပယ်ရီ၏ ဒုတိယမြောက်သီချင်းဖြစ်သည့် Small Talk ကို Johann Carlson ၊ Charlie Puth  နှင့် Joacob Kasher Hindlin တို့က  ပူးတွဲရေးသားခဲ့သည်။

ယခုနှစ်မေက ဖြန့်ချိခဲ့သည့် ပယ်ရီ၏ သီချင်းသစ် Never Really Over သည် Spotify တွင် နားထောင်မှုအကြိမ် ၂.၈၃ သန်း ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သည့်  ပယ်ရီ၏ Dark Horse သီချင်းသည် Flame (အမည်ရင်း မာကော့စ်ဂရေး) ၏ ခရစ်ယာန်ရက်ပ် သီချင်းတစ်ပုဒ်ကို ကူးချထားခြင်းဖြစ်သည်ဟု လော့စ်အိန်ဂျလိစ်ဂျူရီအဖွဲ့က ဇူလိုင် ၂၉ ရက်တွင် ဆုံးဖြတ်ချက်ချခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၂.၇ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

နစ်နာကြေးပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီးနောက် ပယ်ရီ၏ ရှေ့နေက ပယ်ရီအပါအဝင် သီချင်းရေးသူများကိုယ်စား ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

“ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အတုအယောင်ဆုံးဖြတ်ချက်တစ်ခုလို့ Dark Horse သီချင်းရေးသူတွေက ယူဆခဲ့တယ်။ ဒီသီချင်းမှာ မူပိုင်ခွင့်ထိပါးမှုတွေမရှိပါဘူး။ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ ဆက်လက်ရင်ဆိုင်သွားမှာပါ” ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပယ်ရီ၏ စတုတ္ထမြောက်အယ်လ်ဘမ် Prism တွင် ပါဝင်သည့် Dark Horse သီချင်းကို ပယ်ရီ၊ ဂျော်ဒန်ဟော့စ်တန်၊ ဆာရာဟော့စ်တန်၊ မက်စ်မာတင်၊ ဟန်နရီဝေါ်လာနှင့် Lukasz Gottwald တို့က ရေးသားခဲ့သည်။  ယင်းသီချင်းသည် ၂၀၁၄ ခုနှစ်အတွက် ဒုတိယရောင်းအားအကောင်းဆုံး သီချင်းဖြစ်ခဲ့သည်။ ပယ်ရီသည် ၂၀၁၄ ခုနှစ် MTV သီချင်းဗီဒီယိုဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသမီး သီချင်းဗီဒီယိုဆုနှင့် အမေရိကန် ဂီတဆုပေးပွဲတွင် တစ်နှစ်တာအကောင်းဆုံးသီချင်းဆုကို ဆွတ်ခူးခဲ့သည်။

အမည်ရင်း ကေတီဟက်ဆန်ဖြင့် ပွဲဦးထွက်အယ်လ်ဘမ်ဖြန့်ချိရာတွင် အောင်မြင်မှု မရခဲ့သည့် ပယ်ရီသည် ၂၀၀၇ ခုနှစ်တွင် Capitol Records တေးသံသွင်းဖြင့် စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဖြန့်ချိခဲ့သည့် One of the Boys အယ်လ်ဘမ်ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ပယ်ရီသည် ၂၀၁၈ ခုနှစ်တွင် American Idol သီချင်းဆိုပြိုင်ပွဲအစီအစဉ်၌ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

Most Read

Most Recent