မက္ကဆီကိုဒါရိုက်တာ ဂီရယ်မိုဒယ်တိုုရို ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ

မက္ကဆီကိုဒါရိုက်တာ ဂီရယ်မိုဒယ်တိုုရို ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
Published 8 August 2019

မက္ကဆီကိုထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်သည့် ဂီရယ်မိုဒယ်တိုရိုသည် သြဂုတ် ၆ ရက်တွင် ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံခဲ့ရသည်။ ဒယ်တိုရို ဇာတ်ညွှန်းရေးသားပြီး ထုတ်လုပ်သူအဖြစ်လည်း တာဝန်ယူခဲ့သည့် သည်းထိတ်ရင်ဖို ဇာတ်ကား Scary Stories to Tell in the Dark ဖြန့်ချိရန် သုံးရက်အလိုတွင် ဒယ်တိုရိုသည် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။  Scary Stories to Tell in the Dark သည် The Shape of Water ဇာတ်ကားဖြန့်ချိပြီးနောက် ဒယ်တိုရိုက ရေးသားခဲ့သော ပထမဆုံးဇာတ်ညွှန်းဖြစ်သည်။ ဒယ်တိုရိုသည် ၂၀၁၇ ခုနှစ်ကဖြန့်ချိခဲ့သည့် The Shape of Water ဇာတ်ကား ဖြင့် အကောင်းဆုံးဒါရိုက်တာဆုနှင့် အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးခဲ့သည်။

ယင်းဂုဏ်ပြုအခမ်းအနားတွင် အော်စကာဆုရ ဒါရိုက်တာဒယ်တိုရိုက ၎င်းသည် မက္ကဆီကိုနိုင်ငံသားနှင့် ရွှေ့ပြောင်းအခြေချတစ်ဦးဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားခဲ့သည်။  အသက် ၅၄ နှစ်အရွယ် ဒယ်တိုရိုက ၁၉၇၀ ပြည့်လွန်နှစ်များတွင် Walk of Fame ကို သွားရောက်ခဲ့ပြီး  သည်းထိတ်ရင် ဖိုဇာတ်ကားများဖြင့် ထင်ရှားခဲ့သည့် သရုပ်ဆောင် Boris Karloff ၊ Lon Chaney နှင့် ဒါရိုက်တာ Alfred Hitchcock တို့၏ ကြယ်ပွင့်များကို သွားရောက်ကြည့်ရှုခဲ့မှုကို ပြန်ပြောင်းအမှတ်ရမိသည်ဟုလည်း  ပြောကြား ခဲ့သည်။

ဒယ်တိုရိုကို ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သူများထဲတွင် ဒါရိုက်တာ ဂျေဂျေအေဘရမ်နှင့်အဆိုတော်၊ သရုပ်ဆောင် လာနာ ဒယ်ရေးတို့လည်း ပါဝင်ခဲ့သည်။

“ဒယ်တိုရိုက တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးစိတ်သန်းကောင်းတဲ့ ဒါရိုက်တာတစ်ဦးပါ။ သူ့မှာ ပရိသတ်တွေကို အံ့အားသင့်အောင်လုပ်ပြီး ဖမ်းစားနိုင်တဲ့ အရည်အချင်းတွေရှိတယ်” ဟု Walk of Fame ၏ ထုတ်လုပ်သူ Ana Martinez က ပြောကြားခဲ့သည်။

ဒယ်တိုရိုသည် ၁၉၉၃ ခုနှစ်က ဖြန့်ချိခဲ့သည့် ပွဲဦးထွက် သဘာဝနယ်လွန် သည်းထိတ်ရင်ဖိုဇာတ်ကား Cronos ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ဒယ်တိုရို၏ ၂၀၀၆ ခုနှစ်က ဖြန့်ချိခဲ့သည့် စိတ်ကူးယဉ်ဒရာမာဇာတ်ကား Pan’s Labyrinth သည် အော်စကာဆန်ခါတင်စာရင်းတွင် အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုအတွက် လျာထားခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်က ဖြန့်ချိခဲ့သည့် စူပါဟီးရိုးဇာတ်ကား Hellboy ၊ ၎င်း၏နောက်ဆက်တွဲဇာတ်ကား Hellboy II : The Golden Army ၊ ၂၀၀၂ ခုနှစ်က ဖြန့်ချိခဲ့သည့် စူပါဟီးရိုးဇာတ်ကား Blade 2 နှင့် ၂၀၁၃ ခုနှစ်ကဖြန့်ချိခဲ့သည့် စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Pacific Rim တို့သည် ဒယ်တိုရို၏ အောင်မြင်သော ဇာတ်ကားများဖြစ်သည်။ ဒယ်တိုရိုသည် ဖခင်ဖြစ်သူကို ပြန်ပေးငွေ ဒေါ်လာတစ်သန်းအတွက် ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ၁၉၉၈ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံမှ ထွက်ခွာခဲ့သည်။  ဒါရိုက်တာဂျိမ်းစ်ကင်မရွန်၏ အကူအညီဖြင့် ဒယ်တိုရိုက ယင်းငွေများကို ပေးနိုင်ခဲ့သည်။

Most Read

Most Recent