ထိတ်လန့်ဖွယ် လူသတ်၊ လုယက်မှုတွေဖြစ်လာတဲ့ ရန်ကုန်

ထိတ်လန့်ဖွယ် လူသတ်၊ လုယက်မှုတွေဖြစ်လာတဲ့ ရန်ကုန်
မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ ဖောက်ထွင်းဝင်ရောက်လာသူက လူသတ်မှုကျူးလွန်ခဲ့သည့် တိုက်ခန်း (၄ လွှာ - ညာ) ကို ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ ဖောက်ထွင်းဝင်ရောက်လာသူက လူသတ်မှုကျူးလွန်ခဲ့သည့် တိုက်ခန်း (၄ လွှာ - ညာ) ကို ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 4 August 2019
မင်းသိန်းနိုင်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု သတ်မှတ်ထားသည့် ရန်ကုန်မြို့တွင် လူတန်းစားပေါင်းစုံနေထိုင်ကြပြီး ၎င်းတို့မှာ မိမိတို့ဘဝ ရပ်တည်ရေး၊ ဝမ်းရေးအတွက် အလုပ်မျိုးစုံကို လုပ်ကိုင်နေကြရသည်။

ရန်ကုန်မြို့နေပြီး ရန်ကုန်မြို့၌ပင် ကြီးပြင်းအခြေချအလုပ်လုပ် ကိုင်နေသူများရှိသလို အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသော အခြားပြည်နယ်နှင့်တိုင်းများမှလည်း လာရောက်အလုပ်လုပ်ကိုင်ကြသူများစွာ ရှိနေသည်။

ထိုသူများသည် ဘဝရပ်တည်ရေး၊ ဝမ်းရေးအတွက်သာမကဘဲ ကျောချအနားယူနိုင်ရေးအတွက် ပုံစံမျိုးစုံဖြင့် နေထိုင်နေရသည်။ တိုက်ခန်းစုပေါင်း ငှားနေကြရသလို အဆောင်တွင်နေ၍ အလုပ်လုပ် ကိုင်နေကြရသူများလည်း ရှိသည်။ တချို့က ရန်ကုန်မြို့တွင်း နေထိုင်နေကြသလို တချို့ကလည်း အိမ်ငှားစရိတ် သက်သာသည့် မြို့စွန်မြို့ဖျားများတွင် နေထိုင်ကြရသည်။ တချို့ကတော့ ကျုးကျော်အဖြစ် နေထိုင်ကြရသည်။ မြို့စွန်မြို့ဖျား ကျူးကျော်ဟု ပြောလိုက်သည်နှင့် မျက်စိထဲ ပြေးမြင်ကြသည်မှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံမြို့နယ်တို့ ကိုပြေးမြင်မိကြမည်သာ ဖြစ်သည်။

 

ယင်းမြို့နယ်များတွင် အခြေခံလူတန်းစားများစွာက ဘဝရပ်တည်ရေး၊ ဝမ်းရေးအတွက် အခြေချနေထိုင်နေကြရသည်။ လူဦးရေလည်း အလွန့်အလွန်ထူထပ်သည်ဟုပြောရမည် ဖြစ်သည်။

ယင်းသို့ လူနေထူထပ်သည့်အလျောက် ရန်ကုန်မြို့တွင် မှုခင်းများမှာလည်း နေ့စဉ်ဆိုသလိုဖြစ်ပွားနေသည်။

မှုခင်းဖြစ်ပွားနှုန်းမှာလည်း မြို့တွင်းထက် မြို့ပြင်မြို့နယ်များတွင် ပိုမိုများပြားသည်။ မှုခင်းအဖြစ်များသည့် မြို့ပြင်မြို့နယ်များအနက် မှုခင်းအဖြစ်အများဆုံးမြို့နယ်မှာ လှိုင်သာယာမြို့နယ်ပင် ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ဝက်ကျော်သာ ရှိသေးသည့်အချိန်တွင် အမှု အမှတ်စဉ် (ပ) နံပါတ်မှာ ၂၀၀၀ ကျော်နေသည်ကိုကြည့်ပါက မည်မျှမှုခင်းဖြစ်ပွားမှုများနေသည်ကို တွေးကြည့်နိုင်သည်။

         

ဖြစ်စဉ် (၁)

မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီ ခန့်တွင်ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာအိမ်ရာ F- 1 ၌ ဖွင့်လှစ်ထားသည့် ဆန်ဆိုင်ပိုင်ရှင် မမိုးသီတာဆိုသူ အမျိုးသမီးတစ်ဦး ဆန်ရောင်းချနေသည်။

မွန်းလွဲပိုင်းဖြစ်ပြီး ဝယ်သူပါးနေသဖြင့် မမိုးသီတာတစ်ယောက် ဆန်အိတ်ပေါ်တွင် ခေါင်းချရင်း အိပ်ပျော်နေသည်။

မမိုးသီတာ ယင်းသို့နေထိုင်နေသည်ကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသည့် အသက် ၂၀ ခန့် ရှိသည့် လူငယ်တစ်ဦးက လမ်းထောင့်တစ်နေရာက ချောင်းကြည့်နေသည်။

၁၅ မိနစ်ခန့်အကြာမှာတော့ အဆိုပါလူငယ်က တုတ်တစ်ချောင်း ကိုင်ဆောင်ကာ မမိုးသီတာ၏ ဆန်ဆိုင်ထဲသို့ ဝင်သွားပြီး ဆန်အိတ်ပေါ်တွင် ခေါင်းချအိပ်ပျော်နေသည့် မမိုးသီတာ၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

နှစ်ချက်ခန့် ဆင့်ရိုက်ပြီးသည့် နောက်လူငယ်မှာ ဆိုင်ထဲရှိ ပိုက်ဆံအိတ်အား ယူသွားသည်ကို  CCTV မှတ်တမ်းများမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။

         

ဖြစ်စဉ် (၂)

ဇူလိုင် ၂၉ရက် နံနက် အစောပိုင်းက လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်  အိမ်ရှင် လင်မယား အိပ်ပျော်နေသည့်အချိန် ရွှေလင်ဗန်းစက်မှုဇုန်တွင်နေသည့် ရဲနိုင်ထွန်းဆိုသူကနေအိမ် ပေါ်သို့တက်၍ ပစ္စည်များခိုးယူနေစဉ်နိုးလာသည့် အိမ်ရှင်လင်မယားကို ဓားဖြင့်ထိုးခဲ့သည်။

ဇနီးဖြစ်သူမှာ အထိုးခံရသည့် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ခင်ပွန်းမှာလည်း ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

ယင်းဖြစ်စဉ်တွင်သူခိုးကို အိမ်ရှင်လင်မယား၏ သမီးက မီးပူဖြင့် ထုရိုက်၍ ပတ်ဝန်းကျင်ကိုအကူအညီတောင်းကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

သူခိုးကို ဖမ်းမိချိန် ရဲကစစ်ဆေးရာ ခိုးသူက ကျန်းမာရေးမကောင်းသည့်သားအတွက် ဆေးကုသစရိတ်လိုသဖြင့် ယခုကဲ့သို့ကျူး လွန်သည် ဟုထွက်ဆိုကြောင်း အမှုစစ်ရဲအရာရှိက ပြောကြားသည်။

 

ဖြစ်စဉ် (၃)

ရန်ကုန်မြို့တွင်းဖြစ်သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် ဇူလိုင် ၃၀ ရက် နံနက် အစောပိုင်းက လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

တိုက်ခန်းတွင် အသက် ၃၀ ဝန်းကျင် အိမ်ရှင်လင်မယားနှင့်သူတို့၏ ကလေးငယ်တို့နေထိုင်ကြသည်။ ယင်းနေ့နံနက်အစောပိုင်းတွင် အမျိုးသားတစ်ဦးက အိမ်အတွင်း ဝင်ရောက်လာပြီး အသင့်ပါလာသည့်ဓားဖြင့် ခင်ပွန်းကိုလည်း ဓားဖြင့်ထိုးသည်။ ကလေးကို ချီထားသည့် ဇနီးကိုလည်းဓားဖြင့်ထိုးပြီး ထွက်ပြေးသွားခဲ့သည်။

သေဆုံးသွားသည့် ခင်ပွန်း၌ ဓားဒဏ်ရာ ၁၇ ချက်၊ ဇနီးတွင် ဓားဒဏ်ရာ ငါးချက်ကျော်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသနေရသည်။

အခင်းဖြစ်ပွားစဉ်တွင် ဇနီးဖြစ်သူက ကလေးငယ်ကိုရင်ခွင်ထဲ ပွေ့ထားပြီး ကလေးငယ်ကိုဓားဖြင့် မထိအောင် ကျောပေး၍ ကာကွယ်ခဲ့ရာ ကလေးငယ်ကို မိခင်ဖြစ်သူ၏ ကိုယ်အောက်မှ ပတ်ဝန်းကျင်ကလူများ ဆွဲထုတ်ကြရသည်။

ယင်းဖြစ်စဉ်များတွင် မိမိအိမ်မှာပင် နေသော်လည်း အသက်၊ အိုးအိမ်အတွက် လုံခြုံမှုအာမခံမရှိသည်ကို တွေ့မြင်နိုင်သည်။

ယင်းဖြစ်စဉ်များကို ကြားသိသူတိုင်း စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်များဖြစ်မည်မှာ ပြောနေစရာပင် မလို။ ထိုသို့ ပြောနေစရာမလိုသော်လည်း မှုခင်းဖြစ်ပွားမှုများတွင် မည်သည့်အတွက်ကြောင့် ရက်ရက်စက်စက် သတ်ဖြတ်လာသလဲဆိုသည့် အခြေအနေအတွက်မူ ပြောစရာ ဖြစ်လာသည်။

လက်ရှိအခြေအနေ၌ ပြည်သူများအကြား လူမှုစီးပွားရေးမှာ အများစုကျပ်တည်းနေသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ ကုန်စျေးနှုန်းတက်သည်နှင့်အမျှ အခြေခံလူတန်းစားများ ဘဝရပ်တည်နိုင်ရေးအတွက်လည်း အခက်အခဲများစွာ ရှိလာနေကြသည်။

ထိုသို့ ကျပ်တည်းလာမှုများကို သမ္မာအာဇီဝကျကျ အလုပ်လုပ်ကိုင် ရှာဖွေစားသောက်သူများရှိ သကဲ့သို့ သူတစ်ပါး၏ပစ္စည်းဥစ္စာကို မတရားသဖြင့် လိမ်ယူ၊ လုယူ၊ ခိုးယူသူများလည်း ရှိသည်။

ယင်းတို့ထဲတွင် အလွယ်လမ်း စဉ်ကိုလိုက်၍ ပြစ်ဒဏ်မကြောက်၊ ထောင်မကြောက်ဘဲ မှုခင်းများကျူးလွန်ပြီး ဘဝရပ်တည်နေသူများ ရှိသလို ပထမတွင် ကောင်းရောင်း၊ ကောင်းဝယ်လုပ်စားပြီးနောက်ပိုင်း မတတ်သာသည့်အဆုံးကျမှ ဘဝရပ်တည်ရေး ၊ ဝမ်းရေးအတွက် လုယူ၊ ခိုးယူပြီး ဖြေရှင်းနေကြသူများလည်း ရှိနိုင်သည်။

“အဓိကကတော့ စားဝတ်နေ ရေးမပြေလည်တာ၊ အကျင့်စာရိတ္တပျက်ပြားမှုများလာတာတွေပေါ့။ သူတို့တွေကအလွယ်လမ်းစဉ်လိုက်တယ်။ ကောင်းရောင်းကောင်းဝယ် မလုပ်စားဘူး။ လုတယ်၊ ခိုးတယ်၊ခါးပိုက်နှိုက်တယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခိုးယူ၊ လုယူသူများကို ရဲတပ်ဖွဲ့ကလည်း ဖမ်းမိသူများလည်း ရှိသည်။ ဖမ်းမမိသေးသူများလည်း ရှိသည်။ ဖမ်းမိသူများကို တရားဥပဒေအရ အရေးယူသည်၊ ထောင်ဒဏ်ချမှတ်သည်။ ထောင်မှထွက်လာလျှင် တချို့က မိမိမကောင်းမှု ကျူးလွန်ခဲ့ခြင်းကို နောင်တရပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားသူများလည်းရှိမည်။ တချို့ကလည်း မထူးဇာတ်ခင်းကာ ဝမ်းရေးအတွက် လုယက်မှု၊ ခိုးမှု၊ နှိုက်မှုများ ထပ်မံကျူးလွန်ပြီး ရပ်တည်ကြသည်။ ထောင်ကိုလည်းမကြောက်တော့။ ထောင်ကို အိမ်သဖွယ်ထင်မှတ်ကာ မှုခင်းကျူးလွန်ကြသူများ ရှိသည်ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားသည်။

လူဦးရေ ထူထပ်လာသည့်အလျောက် ရန်ကုန်မြို့တွင် တိုက်ခန်း များများပြားလာပြီး အထက်တွင် ဖော်ပြခဲ့သည့် ဖြစ်စဉ်သုံးခုအနက် နှစ်ခုမှာ တိုက်ခန်းများတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်များမှာ လူသတ်မှု ကျူးလွန်သည်အထိဖြစ်ပွားခဲ့ပြီး လူအများ စိတ်ဝင်စားခဲ့သည့်ဖြစ်စဉ် များဖြစ်သော်လည်း ရန်ကုန်မြို့တွင် ညပိုင်းသာမက မွန်းလွဲပိုင်းတွင် တိုက်ခန်းအဖောက်ခံရမှုများ၊ လုယက်မှုများကို ခပ်စိပ်စိပ်ကြားလာနေရသည်။

“ကျွန်မတို့ တိုက်ရဲ့အရှေ့ခန်းမှာ ပြီးခဲ့တဲ့လေးလလောက်က နေ့ခင်းကြောင်တောင်ဖောက်ထွင်းမှု ဖြစ်တယ်။ အဲဒီအိမ်မှာလည်း လင်မယားနှစ်ယောက်တည်းနေတာ။ ယောကျ်ားက ကုမ္ပဏီဝန်ထမ်း၊ အမျိုးသမီးကတော့ ဝန်ထမ်းမဟုတ်ဘူး။ သူလည်း နေ့ခင်းဘက်မှာ အပြင်ခဏတစ်ဖြုတ်သွားတာလောက်ပဲ ထွက်တယ်ပြောတယ်။ အဲဒါ သူတို့အခန်းကို နေ့ခင်းဘက်ကြီး လာဖောက်သွားတာ။ အဲဒီအစ်မ အပြင်ကပြန်လာမှ တိုက်ပေါ်လည်း တက်ရော သူတို့အခန်းရှေ့လည်း ရောက်ရော အခန်းအဝင်ဝမှာတင် ပစ္စည်းတွေ ပွထနေပြီး အိမ်ခန်းထဲမှာလည်း ရှုပ်ယှက်ခတ်နေအောင် ဖွထား၊ ရှာထားတာတွေ့ရတယ်တဲ့။ငွေသား ချည်း ၁၀ သိန်းလောက်ပါသွားတယ် ပြောတယ်။  လက်ဝတ်ရတနာကတော့ ကိုယ်မှာဝတ်ထားတာမို့ ပါမသွားတာတဲ့။ အခန်းလာ ဖောက်တဲ့သူတွေကို တိုက်ပိုင်ရှင် အဘကြီးက သူစိမ်းတွေ တိုက်ပေါ်တက်သွားတာမြင်တော့ မြင်လိုက်တယ်တဲ့။ အပေါ်ထပ်က အခန်းတွေကို ဧည့်သည်လာတယ်ပဲ ထင်လိုက်တာ” ဟုသင်္ဃန်းကျွန်းမြို့နယ် ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သူ မငယ်ငယ်က ပြောကြားသည်။

ယင်းသို့ အခြေအနေများကြောင့်  ယခင်က ကွန်ဒိုများတွင်သာ တွေ့ရသည့် လုံခြုံရေးဆောင်ရွက်သူများကို အချို့တိုက်ခန်းများ၊ အိမ်များကပါ ငှားရမ်းအသုံးပြုလာကြောင်း ရန်ကုန်မြို့နေထိုင်သူများထံမှ သိရသည်။

“ဖောက်ထွင်းမှုကတော့ မကြာခဏတော့ဖြစ်တယ်။ အရင်နှစ်ကလည်း ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ ဖြစ်သွားတယ်။ ဒီနှစ်ဖြစ်တာတွေလည်း ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက်က နှစ်ထပ်အိမ်တစ် အိမ်မှာဆိုရင် လုံခြုံရေးကို နေ့ညငှားရမ်းထားတာတွေ့တယ်။ သူတို့တွေက ပိုက်ဆံရှိတော့ ငှားနိုင်တာပေါ့။ ဆင်းရဲတဲ့သူတွေ၊ အလယ်အလတ်လူတွေကျတော့ လုံခြုံရေးဝန်ထမ်းကို တကူးတက ဘယ်ငှားနိုင်ပ့ါ မလဲ။ ဒီဖြစ်စဉ်တွေကို ကြားရတော့ လူတိုင်းက စိုးရိမ်ကြောက်ရွံ့မိမှာပါပဲ”ဟု မြောက်ဒဂုံမြို့နယ်၂၄ ရပ်ကွက်နေ ကိုဇော်ဇော်အောင်က ပြောကြားသည်။

ရန်ကုန်ကဲ့သို့သော နေရာမျိုးတွင် လုံခြုံရေးအတွက် စိတ်မချရသည့် အခြေအနေများကြောင့် အချိန်မရွေး စိတ်ပူနေရသည့် အနေအထားဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သူ မငယ်ငယ်က ပြောကြားသည်။

“အိမ်မှာ တစ်ယောက်တည်း နေပြန်ရင်လည်း တံခါးသေချာပိတ်ထားတာတောင် နေ့ခင်းဘက် ကောင်းကောင်းတောင် အိပ်မပျော်ပါဘူး”ဟု မငယ်ငယ်က ပြောကြားသည်။

ခိုးယူသူများမှာ ပတ်ဝန်းကျင်အနေအထား စောင့်ကြည့်ပြီးမှသာ ကျူးလွန်တတ်ကြောင်း၊ အိမ်အဝင် အထွက်ရှိသူများကလည်း ခိုးယူတတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခိုးတယ်ဆိုတဲ့နေရာမှ ခိုးတဲ့သူက ခိုးမယ့်အိမ်ကို ဘလိုင်းကြီးတော့ ဝင်မခိုးဘူး။ သူတို့က အိမ်အခြေအနေကို အရင်ကြည့်တယ်။ လေ့လာတယ်။ ဘယ်အချိန်လူမရှိ၊ တံခါးအနေအထားက ဘယ်လို။ ပိတ်ထားလား ဖွင့်ထားလား စသဖြင့်ပေါ့။ ပြီးမှဝင်ခိုးတယ်။ ဖောက်ထွင်းပြီးတော့လည်း ခိုးတယ်။ သူတို့လုပ်တာကို အိမ်ရှင်ဖြစ်ဖြစ်မိသွားလို့ရှိရင် သူတို့လုံခြုံရေးအတွက် ပြန်ခုခံဖို့ဓားဖြစ်ဖြစ် ကျန်တာတွေဖြစ် ဖြစ်ပါမှာပဲ။ အဲဒါကြောင့် နေအိမ်တွေ၊ တိုက်ခန်းတွေထဲ ဝင်ရောက်ခိုး ယူမခံရအောင် တံခါးတွေကို သေချာပိတ်ဖို့ လိုအပ်တယ်။ တချို့ကကျတော့ ပေါ့တယ်။ ပေါ့တယ်ဆိုတာက တံခါးတွေ၊ ပြတင်းပေါက်တွေကို သေချာမပိတ်ဘူး။ တိုက်ခန်းတွေမှာဆိုရင် သံပန်းတံခါးတွေကို သေချာပိတ်မထားဘူး။ စသဖြင့်ပေါ့။ ဝင်ခိုးတဲ့သူတွေတချို့ကနေ အိမ်ကို အဝင်အထွက်ရှိတဲ့သူတွေ ဖြစ်တယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖောက်ထွင်းမှု၊ ခိုးယူမှုများအ ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း လူသတ်မှုများလည်း များစွာဖြစ်ပွားလေ့ရှိပြီး ဖြစ်စဉ်အချို့မှာ အသင့်ပါလာသည့်ဓားဖြင့် ထိုးသတ်ပြီး လုယက်ခြင်းများကို တွေ့မြင်လာရသည်။

အသင့်ပါလာသည်ဟုဆိုရာတွင် ကျူးလွန်ရန်ကြံရွွယ်ယူဆောင်လာခြင်းနှင့် တစ်ခုခုဖြစ်ပါက ခုခံရန် ယူဆောင်လာခြင်းဟူ၍ ရှိနေသေးသည်။

ယင်းကဲ့သို့ တုတ်၊ ဓား၊ လက်နက်သယ်ဆောင်ခြင်းကို ရဲတပ်ဖွဲ့က ညဘက်များကို ပိတ်၊ ဆို့၊ စစ်နေသော်လည်း ခိုးဝှက်ယူဆောင်သူများလည်း ပြစ်မှုကျူးလွန်သူအများစုတွင် ဓားလက်နက်ကို ဆောင်ထားသည့်အခြေအနေကို တွေ့လာရသည်။

သြဂုတ် ၁ ရက်ကဖြစ်ပွားခဲ့သည့် လှိုင်သာယာ ဒဂုံဧရာအဝေး ပြေးဝင်းရှေ့ လူသတ်မှုဆိုလျှင် လူခေါ် ပွဲစားနှစ်ယောက် လူခေါ်ရာမှ စကားများရန်ဖြစ်ကာ တစ်ဦးက အသင့်ပါလာသည့် ဓားဖြင့်ထိုးသတ်လိုက်ခြင်း ဖြစ်သည်။

ထို့အတူ ဇူလိုင် ၁၀ ရက်တွင် အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တစ်ခုမှာလည်း ယာဉ်မောင်းကို ယာဉ်ငှားစီးလာသူက ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်။ ယာဉ် စီးခတောင်းရင်း စကားများရာမှတစ်ဆင့် ယာဉ်ငှားစီးလာသူက အသင့်ပါလာသည့် ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်။

မြို့စွန်မြို့နယ်များတွင် ယင်းကဲ့သို့ အသင့်ဆောင်လာသည့် တုတ်၊ ဓားတို့ဖြင့် လုယက်မှုကျူးလွန်ခြင်း၊ လူသတ်မှုကျူးလွန်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံ ရန်ကုန်မြို့တွင်း မြို့နယ်များ၌ပင် ဖြစ်ပွားနေသည်။

ဓားကို အသင့်ဆောင်ထားခြင်းမှာ တစ်ခုခုဆိုလျှင် သတ်မည်၊ ဖြတ်မည်ဆိုသည့်စိတ်ကိုမြင်နေရပြီး တုတ်၊ ဓား၊ လက်နက်ဆောင်ထား၍ ရဲတာဝန်ရှိသူများ မိသွားလျှင်လည်း လက်နက်ဥပဒေပုဒ်မဖြင့် အရေးယူခံရမည်ကို ကျူးလွန်သူများက မသိကျိုးကျွန် ပြုနေသလားဟုပင် ထင်မှတ်ရသည်။

ထို့အတူ မှုခင်းဖြစ်ပွားမှုအခြေအနေများကို ပြန်ကြည့်လျှင်လည်း လူသတ်မှုသည် နှစ်စဉ် အမှုပေါင်း ၁၃၀၀ ခန့် ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ဖြစ်ပွားမှု လျော့နည်းကျဆင်းခြင်းမရှိခြင်းမှာ မှုခင်းကျဆင်းရေး လုပ်ဆောင်မှုများအား နည်းနေခြင်းကို ပြသနေသည်။ ထို့အတူ ၂၀၁၃ ခုနှစ်က အမှုပေါင်း ၁၆၀ ခန့်သာဖြစ်ပွားခဲ့သော လုယက်မှုသည် ၂၀၁၈ ခုနှစ်တွင် ၃၀၀ ခန့်ဖြစ်လာသကဲ့သို့ ခိုးမှု၊ နာကျင် (ရိုးရိုး) နှင့် နာကျင် (ယာဉ်) အခြားအမှုများသည် ၂၀၁၃ ခုနှစ်က အမှုပေါင်း ၅၀၀၀၀ ခန့်သာဖြစ်ပွားရာမှ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် အမှုပေါင်း ၇၀၀၀၀ ကျော်အထိ ခုန်တက်လာသည်ကို တွေ့ရသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှုများ နှစ်စဉ်မြင့်တက်နေသည့် ဖြစ်စဉ်များကို  လေ့လာကြည့်ပါက မှုခင်းဖြစ်စဉ် အများစုမှာ နှစ်ဆခန့်မြင့်တက်လာနေသည်ကို တွေ့နေရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်လွှဲပြောင်းရယူပြီးတွင် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင် ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးမှာပင် လုံခြုံမှုမရှိသည့် အခြေအနေများရှိလာနေပြီ ဖြစ်သည်။

“ကျွန်မတို့က လင်မယားနှစ်ယောက်တည်း ငှားနေကြတာ။ နှစ်ယောက်စလုံးကလည်း ဝန်ထမ်းတွေဆိုတော့ မနက် ၈ နာရီ ခွဲဆိုရင် အိမ်ကထွက်ရပြီး ညနေ ၆ နာရီ ဝန်းကျင်မှ အိမ်ပြန်ရောက်တယ်။ ဒီကြားထဲအိမ်အခန်းကို သော့ပိတ်ပြီး ဒီအတိုင်းထားခဲ့ရတာ။ ပိုက်ဆံကိုတော့ ဘဏ်မှာအပ်ထားပေါ့။ လက်ထဲနည်းနည်းပဲ ထားတယ်။ လက်ဝတ်လက်စားကျတော့ ကိုယ်ပဲဝတ်ထားရမလို၊ အိမ်မှာထားခဲ့ရင်လည်း စိတ်မချရဘူး။ ကိုယ်မှာ ဝတ်ထားပြန်တော့လည်း စိတ်မချပြန်ဘူး။ ဟိုမှာ လုတယ်၊ ဒီမှာ လုတယ်နဲ့။ အပြင်သွားရင်းလာရင်း တစ်ခုခုဖြစ်မှာ စိုးရပြန်ရော”ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ခြင်းဆိုသည်မှာ ပြဋ္ဌာန်းထားသည့်ဥပဒေများကို ပီပြင်အောင်ဖော်ဆောင်ခြင်းနှင့် ဥပဒေကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ရအောင် တရားဥပဒေရှေ့မှောက်ရောက်အောင် ခေါ်ဆောင်လာနိုင်ခြင်းပင် ဖြစ်သည်။

သို့သော်လက်ရှိတွင် အထက်တွင် ဖော်ပြခဲ့သည့် လုယက်ခံရပြီး အသတ်ခံရသည့်ဖြစ်စဉ် သုံးခုတွင် နှစ်ခုမှ တရားခံများမှာ လွတ်မြောက်လျက်ရှိသည်။ မတ်လအတွင်းက သာကေတမြို့နယ်ရှိ ရှုခင်းသာတိုက်ခန်း ဆန်ဆိုင်မှလုယက်လူ သတ်မှုဖြစ်စဉ်မှ ကျူးလွန်သူဆိုလျှင် ငါးလကျော်ကြာသည့်တိုင်အောင် ရဲတပ်ဖွဲ့က တရားခွင်သို့ပို့ ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

သြဂုတ် ၁ ရက်က ဓားဖြင့်အချက်ပေါင်းများစွာ ရက်ရက်စက် စက်ထိုးသတ်ခဲ့သည့် မင်္ဂလာတောင်ညွန့် ဖြစ်စဉ်တွင်လည်း တရားခံ၏ သတင်းများကို ကြားသိရခြင်း မရှိသေးချေ။

ရန်ကုန်မြို့ကဲ့သို့ နေရာမျိုးတွင် ကျူးလွန်ခဲ့သည့် မှုခင်းများကို ဖော်ထုတ်နိုင်မှုအားနည်းနေသည့် အခြေအနေမှာလည်း မေးခွန်းထုတ်ရမည့် အခြေအနေဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် တရားဥပဒေ စိုးမိုးရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်မှုမှာ ပြည်သူများ အားကိုးရမည့် အခြေအနေသို့ မည်သည့်အချိန်ရောက်လာမလဲဆိုသည်မှာလည်း စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဖြစ်ပွားမှုမြင့်တက်လာသည့် ရာဇဝတ်မှုများသည် ပြည်သူများအကြား မြင့်တက်လာနေသည့် စားဝတ်နေရေးကျပ်တည်းမှု၏ ဘေးထွက်ဆိုးကျိုး ပြယုဂ်တစ်ခုဖြစ်လာနေသည်ကို သက်သေပြနေသလို သွားလည်း မလုံခြုံ၊ စားလည်း မလုံခြုံ၊ အိပ်လည်း မလုံခြုံတော့သော တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာနေခြင်းကို ရင်မ၍သာ နေထိုင်ကြရမည့် အခြေအနေမှ အမြန်ဆုံးကင်းလွတ်နိုင်ပါစေဟုသာ တောင်းဆုပြုရတော့မည့် အခြေအနေလည်း ဖြစ်နေပြီဖြစ်သည်။    

 

Most Read

Most Recent