အက်ဒ်ရှီးရန်က ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်တွင် ဝင်ငွေအကောင်းဆုံးအဆိုတော်အဖြစ် စံချိန်သစ်တင်

အက်ဒ်ရှီးရန်က ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်တွင် ဝင်ငွေအကောင်းဆုံးအဆိုတော်အဖြစ် စံချိန်သစ်တင်
(Photo - AFP)
(Photo - AFP)
Published 4 August 2019

ဗြိတိန်အဆိုတော် အက်ဒ်ရှီးရန်က အိုင်ယာလန်ရော့ခ်အဖွဲ့ U2 ကို ကျော်တက်ပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်တွင် ဝင်ငွေအကောင်းဆုံးအဆိုတော်အဖြစ် စံချိန်သစ်တင်ခဲ့သည်ဟု Pollstar မဂ္ဂဇင်းက အတည်ပြုခဲ့သည်။ ရှီးရန်သည် သြဂုတ် ၂ ရက်တွင် ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့၌ ဖျော်ဖြေပွဲပြုလုပ်ခဲ့ပြီးနောက် Divide ဖျော်ဖြေပွဲခရီးစဉ်အတွက် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၇၃၆.၇ သန်း ရရှိခဲ့သည်။

ရှီးရန်၏ Divide ဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၁၇ ခုနှစ် မတ်တွင် စတင်ခဲ့ပြီး ယခုနှစ် သြဂုတ်၂၆ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။ Divide ဖျော်ဖြေပွဲခရီးစဉ်သည် ပရိသတ်ကြည့်ရှုမှုအများဆုံး ဖျော်ဖြေပွဲခရီးစဉ်လည်း ဖြစ်သည်။

ရှီးရန်၏ Divide ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပသည့်ကာလသည် ရက်ပေါင်း ၈၉၃ ရက် ကြာမြင့်မည်ဖြစ်ပြီး U2 အဖွဲ့၏ 360 ံကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်သည် ရက်ပေါင်း ၇၆၀ အတွင်း စုစုပေါင်း ဝင်ငွေဒေါ်လာ ၇၃၅.၄ သန်း ရရှိခဲ့သည်။

“အောင်မြင်မှုက မယုံကြည်နိုင်လောက်အောင်ပါပဲ” ဟု ရှီးရန်၏မန်နေဂျာ Stuart Camp က ပြောကြားခဲ့သည်။

ဇူလိုင် ၁၂ ရက်က ဖြန့်ချိခဲ့သည့်  ရှီးရန်၏ စတုတ္ထမြောက်အယ်ဘမ် No.6 Collaborations Project သည်လည်း ပွဲဦးထွက် ဖြန့်ချိသည့် သီတင်းပတ်တွင် Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။

ဂျက်စတင်ဘီဘာ၊ အမ်မီနမ်၊ ဘရူနိုမားစ်၊ Stormzy ၊ 50 Cent ၊ ကာမီလာကာ ဘယ်လိုနှင့် ကာဒီဘီတို့လည်း ပါဝင်သီဆိုထားသည့် ယင်းအယ်လ်ဘမ်သည် ဗြိတိန်သီချင်းရောင်းချမှုစာရင်း Official Albums Chart ၏ နံပါတ် ၁ နေရာတွင်လည်း သီတင်းသုံးပတ်ဆက်တိုက် ဦးဆောင်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ရှီးရန်သည် ၂၀၁၁ ခုနှစ်တွင် No.5 Collaborations Project မီနီအယ်လ်ဘမ်ကို ဖြန့်ချိခဲ့သည်။ Asylum Records နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ပွဲဦးထွက်ဖြန့်ချိခဲ့သည့် +(Plus) အယ်လ်ဘမ်ဖြင့် နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့သည်။ ၎င်း၏ ဒုတိယမြောက်အယ်လ်ဘမ် x (Multiply) သည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်စာရင်းတွင် ဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။ ရှီးရန်သည် ယင်းအယ်လ်ဘမ်တွင်ပါဝင်သည့် Thinking Out Loud အယ်လ်ဘမ်ဖြင့် ၂၀၁၆ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် တစ်နှစ်တာအကောင်းဆုံးသီချင်းဆုနှင့် Best Pop Solo Performance ဆု ရရှိခဲ့သည်။

Most Read

Most Recent