ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် The Lion King က မူရင်းဇာတ်ကား၏ ဝင်ငွေကို ကျော်တက်

ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် The Lion King က မူရင်းဇာတ်ကား၏ ဝင်ငွေကို ကျော်တက်
Published 1 August 2019

ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် The Lion King ဇာတ်ကားသည် ဖြန့်ချိပြီး  ၁၀ ရက်ကျော်တွင် မူရင်းဇာတ်ကား၏ ဝင်ငွေကို ကျော်တက်ခဲ့ပြီး ဒစ္စနေအတွက် ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေဒေါ်လာတစ်ဘီလျံရရှိသည့် စတုတ္ထမြောက်ဇာတ်ကားဖြစ်လာခဲ့သည်။

၁၉၉၄ ခုနှစ်က ဖြန့်ချိခဲ့သည့် မူရင်း The Lion King ဇာတ်ကားသည် အမေရိကန်တွင် ဒေါ်လာ ၄၂၂ သန်းနှင့် နိုင်ငံတကာ တွင် ဒေါ်လာ ၅၄၅ သန်းဖြင့် စုစုပေါင်းဝင် ငွေဒေါ်လာ ၉၆၈.၅ သန်း ရရှိခဲ့သည်။

ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် The Lion King ဇာတ်ကားသည် အမေရိကန် လက်မှတ်ရောင်းချမှုဝင်ငွေတွင် မူရင်းဇာတ်ကားကို ကျော်လွန်နိုင်ခြင်း မရှိသေးပေ။

ဇူလိုင် ၁၉ ရက်တွင် ဖြန့်ချိခဲ့သည့် ယင်းဇာတ်ကားသည် အမေရိကန်တွင် လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၃၆၁ သန်း ရရှိထားသည်။

ဒါရိုက်တာ Jon Favreau  ရိုက်ကူးပြီး James  Earl Jones ၊ ဒေါ်နယ်ဂလိုဗာ၊ ဘီယွန်းစေးနှင့်  Chiwetel Ejiofor တို့ နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည့် The Lion King ဇာတ်ကားသည် visual effect၊ ဇာတ်ဝင်တေးသွားနှင့် အသံသရုပ်ဆောင်မှုတို့အတွက် ချီးကျူးခံခဲ့ရသော်လည်း ဇာတ်ကောင်များ၏ ကိုယ်ပိုင်ဟန်နှင့် မျက်နှာအမူအရာ ဖော်ပြမှုလိုအပ်ချက်များအတွက် ဝေဖန်ခံခဲ့ရသည်။

ဒစ္စနေသည် ၂၀၁၉ ခုနှစ် ပထမခုနစ်လတွင် စုစုပေါင်းဝင်ငွေ ဒေါ်လာ ၇.၆၇ ဘီလျံဖြင့် ယခင်စံချိန်ကို ချိုးဖျက်ခဲ့ပြီး ဝင်ငွေအကောင်းဆုံးစတူဒီယိုအဖြစ် စံချိန်သစ်တင်ခဲ့သည်။

ဒစ္စနေက 21 st Century Fox ၏ ရှယ်ယာအများစုကို ယခုနှစ်အစောပိုင်းတွင် ရရှိခဲ့ပြီးနောက် လက်မှတ်ရောင်းချမှုဝင်ငွေတွင် ကြီးမားသည့် အောင်မြင်မှုရရှိလာခဲ့ခြင်း ဖြစ်သည်။

ဒစ္စနေက ဖြန့်ချိခဲ့သည့် Captain Marvel ၊ Avengers: Endgame နှင့်  Aladdin ဇာတ်ကားတို့သည်လည်း ဝင်ငွေဒေါ်လာ တစ်ဘီလျံကျော်စီ ရရှိခဲ့သည်။

ဒစ္စနေ၏  Avengers: Endgame ဇာတ်ကားသည်လည်း Avatar ကို ကျော်တက်ပြီး သမိုင်းတစ်လျှောက်ဝင် ငွေအကောင်းဆုံးဇာတ်ကားအဖြစ် စံချိန်သစ်တင်ခဲ့သည်။

ဒစ္စနေသည် ယခုနှစ်မကုန်မီ Frozen 2 ၊ Star Wars: The Rise of Skywalker နှင့်  Maleficent: Mistress of Evil အပါအဝင် ဇာတ်ကားသစ်များဖြန့်ချိရန် စီစဉ်ထားသည်။

Most Read

Most Recent