စံချိန်သစ်လူသေဆုံးမှုနဲ့ ၂၀၁၉ ခုနှစ် H1 N1

စံချိန်သစ်လူသေဆုံးမှုနဲ့ ၂၀၁၉ ခုနှစ် H1 N1
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသူတစ်ဦးကို ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ရန် ကူညီနေစဉ်
နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသူတစ်ဦးကို ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ရန် ကူညီနေစဉ်
Published 29 July 2019

ရာသီတုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၌လည်း ဖြစ်ပွားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ စာရင်းဇယားများအရ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၉ရဦးဖြစ်ကာ ရောဂါဖြစ်ပွားမှုနှင့် ဆက်စပ် ရောဂါများကြောင့် သေဆုံးသူ ၇၃ ဦးအထိရှိလာသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှရရှိသည့် အချက်အလက်အရ သိရသည်။   

ဇန်နဝါရီမှ ဇူလိုင်၂၆ ရက်အထိ တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza – like illness - ILI) ဖြစ်ပွားသူ ၂၇၇ ဦး အနက် A (H1N1) ဖြစ်ပွားသူ ၅ရဦး၊ A (H3N2) ဖြစ်ပွားသူ ၁၂ ဦး၊ Influenza B ဖြစ်ပွားသူ ရှစ်ဦးရှိခဲ့ပြီး လတ်တလောပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection - SARI) ဖြစ်ပွားသူ ၆၆၆ ဦးအနက် A (H1N1) ဖြစ်ပွားသူ ၂၉၂ ဦး၊ A(H3 N2) ဖြစ်ပွားသူ ၁၄ ဦး၊ Influenza B ဖြစ်ပွားသူ ၁၅ ဦးရှိသည်ဟုလည်း သိရသည်။   

တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေ စာရင်းအရ ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲစစ်ဆေးသူ ၄၅၈ ဦးအနက် အတည်ပြုလူနာ၂၀၉ ဦး၊ သေဆုံး ၅၇ ဦးရှိခဲ့ပြီး ဖြစ်ပွားသေဆုံးနှုန်း အများဆုံး တိုင်းဒေသကြီးတစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွား၊ သေဆုံးသူဦးရေစာရင်းအရ ဖြစ်ပွားသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့)၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်)၊ သန်လျင်၊ မင်္ဂလာဒုံ၊ လှည်းကူးမြို့ နယ်များဖြစ်ပြီး သေဆုံးသူဦးရေ အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ သန်လျင်၊ မင်္ဂလာဒုံမြို့နယ်တို့ဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင်စာရင်းများအရ သိရသည်။

Influenza A (H1N1) pdm 09 တုပ်ကွေးရောဂါပိုးသည် ရာသီတုပ်ကွေးရောဂါအနေဖြင့် နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခုရာသီတွင် အိမ်နီးချင်းနိုင်ငံများ၌လည်း ဖြစ်ပွားနေသော ရောဂါတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းတို့အနက် ၄၀၆ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၃၈ဦး ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ ဦးတွင် တုပ်ကွေးရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးတွင် Influenza A (H1N1) pdm 09 ပိုးတွေ့ရှိခဲ့ရာ သေဆုံးသူမရှိခဲ့ဟု ဆိုသည်။ ယခုနှစ်လူနာ သေဆုံးနှုန်းသည် ကပ်အသွင်ဖြစ်ခဲ့သော ၂၀၁၇ ခုနှစ်က သေဆုံးနှုန်းထက် နှစ်ဆနီးပါး ပိုများလာသည်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

 

နိုင်ငံအလိုက် အဆင့်(၇)တွင်ရှိသော မြန်မာ 

ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသောနိုင်ငံ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံသည် H1 N1 ပိုးတွေ့ အတည်ပြုလူနာ ၃၈၉ ဦးဖြင့် အဆင့်(၇)နေရာတွင် ရှိနေသည်ဟု ဇူလိုင်၂၇ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရာသီတုပ်ကွေးရောဂါသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် က မ္ဘာ့နိုင်ငံအချို့၌လည်း ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှဇူလိုင် ၂၅ ရက်အထိ စာရင်းဇယားများအရ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၈၉ ဦးရှိကာ အသက်အုပ်စုအနေဖြင့် ၁၅ မှ ၆၅ နှစ်ကြား အသက်အရွယ်များတွင် အများဆုံးဖြစ်ပွားနေဆဲဖြစ်သည်။

“နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ Influenza A (H1N1) pdm 09 သည် ရာသီတုပ်ကွေးအနေရှိနေတဲ့အတွက် ဒါကိုမျက်ခြည်မပြတ် ကြည့်နေတယ်။ တစ်ဖက်မှာလည်း ကိုယ့်နိုင်ငံတွင်းမှာတင် မကဘူး။ အိမ်နီးချင်း နိုင်ငံတွေကိုလည်း လေ့လာရတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေမှာ ဖြစ်ပွားနှုန်းတွေကြည့်တဲ့အခါမှာ ၂၀၁၉ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနှုန်း တက်လာတာကိုလည်း တွေ့ရတယ်။ ဒီနှစ်မှာ Influenza A (H1N1) အပြင် A(H3N2) ဖြစ်ပွားသူ၂၆ ဦး၊ Influenza B ဖြစ်ပွားသူ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဇူလိုင်၂၆ ရက် အထိ သေဆုံးသူ ၇၃ ဦးရှိပါတယ်။ သေဆုံးသူတွေကို ပြန်ကြည့်တဲ့အခါ ရာသီတုပ်ကွေးရောဂါသီးသန့်နဲ့ သေဆုံးတယ်လို့ သတ်မှတ်နိုင်တဲ့သူက နည်းပါတယ်။ ရောဂါဖြစ်လွယ်တဲ့ အသက်အုပ်စုကလည်း နည်းပါတယ်။ အခုက ဆီးချိုတို့သွေးတိုးတို့ တခြားရောဂါအခံရှိတဲ့သူတွေက သေဆုံးနှုန်းများတာကို တွေ့ရပါတယ်။ ဖြစ်ပွားသေဆုံးနှုန်း အားလုံးပြန်ကြည့်တဲ့အခါ အသက် ၁၅ ကနေ ၆၅ နှစ်အတွင်း  အသက်အုပ်စုမှာ ဖြစ်ပွားနှုန်းအများ ဆုံးဆိုတာကို တွေ့ရပါတယ်။ ပြည်နယ်၊ တိုင်းအားလုံးမှာ ရန်ကုန်တိုင်းကတော့ ဖြစ်ပွားနှုန်းအများဆုံးပါ။ ရန်ကုန်မှာမှ လူဦးရေထူထပ်တဲ့ လှိုင်သာယာ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံအရှေ့နဲ့မြောက်ဥက္ကလာမြို့နယ် တွေမှာတော့ ဖြစ်ပွားနှုန်းများပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်က ဆိုသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၂၅ ရက်အထိ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေအရ တရုတ်နိုင်ငံတွင် H1N1 ပိုးတွေ့သူ ၉၁၈၇၃ ဦး၊ အိန္ဒိယနိုင်ငံတွင် ၇၈၄၆ ဦး၊ သြစတေးလျနိုင်ငံတွင် ၅၄၈၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၃၅၃ ဦး၊ မြန်မာနိုင်ငံတွင် ၃၈၉ ဦး၊ ထိုင်းနိုင်ငံတွင် ၄၀၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၆၅၄ ဦး၊ လာအိုနိုင်ငံတွင် ၁၄၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၇၈ ဦး၊ မလေးရှားတွင်၂၈၆ ဦး၊  စင်ကာပူတွင်၂၀၆ ဦးရှိရာ မြန်မာနိုင်ငံသည် နိုင်ငံအလိုက်အဆင့် (၇)နေရာတွင် ရှိနေသည်။

ဇူလိုင် ၂၅ ရက်အထိ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ သိသာစွာ ကျဆင်းလာခြင်း မရှိသေးပေ။

 

ရာသီတုပ်ကွေးရောဂါပိုး ဖြစ်ပွားသေဆုံးမှု ဆန်းစစ်သုံးသပ်ချက်  

ယခုနှစ် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုကို လေ့လာသုံးသပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇွန်လဒုတိယပတ်မှစ၍ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုများ စတင်များပြားလာခဲ့ပြီး ဇူလိုင်လဆန်းမှ ဇူလိုင်လ ဒုတိယပတ်အတွင်း ဖြစ်ပွားမှုမြင့်မားခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် ဖြစ်ပွားမှု နည်းပါးလာသည်ကို တွေ့ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် (၄/၂၀၁၉) တွင် ဖော်ပြထားသည်။ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုပုံစံများ ကျဆင်းလာသော်လည်း ဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်က “စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို  အဓိကအားဖြင့် နှစ်မျိုးလုပ်ဆောင်ပါတယ် ။တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ (Influenza – like illness – ILI)  နဲ့ လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection – SARI) ဖြစ်ပွားမှုကို ဆေးရုံကြီးရှစ်ရုံမှာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ အားဖြည့်ဆောင်ရွက်ခဲ့တယ်။ အခု ၂၀၁၉  ဖြစ်စဉ်မှာ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ကျန်တဲ့ပြည်နယ်၊ တိုင်းအဆင့်ဆေးရုံကြီးတွေမှာ တိုးချဲ့ဆောင်ရွက်ဖို့နဲ့ လူဦးရေထူထပ်တဲ့ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာတို့မှာ တိုးချဲ့ဆောင်ရွက်ဖို့ စီမံဆောင်ရွက်ခဲ့ပါတယ်။ ဓာတ်ခွဲနမူနာယူပြီး စောင့်ကြပ်ကြည့်ရှုတဲ့ အခါဘာတွေကို အကျိုးကျေးဇူးရသလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ရာသီတုပ်ကွေးရာသီခွင်က ဘယ်လိုရှိသလဲ၊ မိုးဦးကျမှာ တက်သလား။ မိုးအကုန်ဆောင်းတွင်းမှာ တက်သလား။ သူများနိုင်ငံနဲ့တန်းတူပဲ အတက်အကျရှိသလားဆိုတာကို သိရှိနိုင်တယ်။ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးဖို့အတွက် ဗိုင်းရပ်စ်ပိုးကိုလည်း သိနိုင်မယ်။ အဓိကကတော့ ကိုယ့်ဆီမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇနဲ့ပတ်သက်လို့ မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနိုင်တယ်။ နောက်တစ်ခုက ဒီလိုရောဂါဖြစ်တဲ့ လူအုပ်စုကို ကြည့်ခြင်းအားဖြင့် ဘယ်အုပ်စုကတော့ ရောဂါရလွယ်တဲ့လူနာ၊ ရောဂါအဖြစ်များတဲ့ အုပ်စု၊ ဖြစ်လွယ်တဲ့အုပ်စု၊ အသက်ဆုံးရှုံးနိုင်တဲ့အုပ်စုကို သိရတယ်။ ပြီးတော့ နိုင်ငံရဲ့ရောဂါဖြစ်နှုန်းအတိုင်းအတာကို သိနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကပ်အသွင်ဖြစ်ပွားမှုတွေ တစ်နေရာတည်း အစုလိုက်ဖြစ်ပွားမှုတွေ အထူးသဖြင့် လူအများစုဝေးတဲ့နေရာ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့၊ ပရဟိတဂေဟာတို့ ဒီလိုနေရာတွေမှာ အစုလိုက်ဖြစ်ပွားမှုတွေကို ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်မယ်။ ဒါလေးတွေကို မြင်နိုင်တဲ့အတွက် ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကို အားထည့်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ရာသီတုပ်ကွေးရောဂါနှင့် ဆက်စပ်သေဆုံးသူများအား ဆန်းစစ်သုံးသပ်ချက်အရ ရောဂါဖြစ်ပွားသူများတွင် နာတာရှည် ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးလွန်းသူနှင့် ငယ်လွန်းသူ ကလေးငယ်များတွင် ရောဂါပိုမိုပြင်းထန်ပြီး သေဆုံးနှုန်းမြင့်မားသည်ကို တွေ့ရသည်ဟုဆိုသည်။ သေဆုံးသူ ၇၃ ဦးအနက် အသက်အုပ်စု အသက် (၁၅-၆၅)နှစ်တွင် သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ ရာခိုင်နှုန်း ၄၀ ကျော် ဖြစ်ကာ နာတာရှည်ရောဂါအခံရှိသူ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ အာရုံကြော၊ မွေးရာပါ ရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအားကျဆင်းသည့် ရောဂါ) များတွင် သေဆုံးသူ ၅၀ ကျော်အထိရှိပြီး စုစုပေါင်းသေဆုံးမှု၏ ရာခိုင်နှုန်း ၈၀ ကျော်ရှိသည်ဟု သိရသည်။ အထူးသဖြင့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပြီး ဆေးရုံသို့ နောက်ကျမှ ရောက်ရှိလာသူများတွင် သေဆုံးမှုနှုန်း မြင့်မားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“အရင်ကလည်း ဒီတုပ်ကွေးက ဖြစ်တယ်။ ၂၀၁၇၊ ၂၀၁၈၊ အခု ၂၀၁၉  လည်းဖြစ်တယ်။ နောင်လည်းဖြစ်ဦးမှာပါပဲ။ တုပ်ကွေးတွေရဲ့ သဘောကိုက တစ်နှစ်နဲ့ တစ်နှစ် ဆိုးရွားမှု နည်းနည်းလေး ကွာခြားတတ်တာရှိတယ်။ သို့သော်လည်းပဲ သူ့ရဲ့ သဘောကတော့ ရောဂါအခံတွေကို ကြွစေတယ်။ ဒါကြောင့် သတိထားဖို့လိုပါတယ်။ နောက်တုပ်ကွေးကြောင့် နမိုးနီးယားရတယ်ဆိုတာတော်တော်ရှားပါတယ်။ တုပ်ကွေးကြောင့်မို့လို့ ကိုယ်ခံအားကျသွားပြီး နောက်မှ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဘက်တီးရီးယား နမိုးနီးယားဆိုတာ ထပ်ပြီးတော့ ဝင်လာတာပေါ့။ အဲဒါဝင်တဲ့အခါ အသက်ရှူစက်တပ်ရတာ၊ ပိုက်တွေထည့်ရတာ၊ အထူးကြပ်မတ်ကုသရတာတွေ ရှိလာတယ်။ နောက်လူနာလည်း အသက်အန္တရာယ်ကို ရင်းရတဲ့သဘောရှိလာတယ်။ သာမန်အားဖြင့် တုပ်ကွေးက သုံးရက်၊ ငါးရက်ဆိုရင် အဖျားကျသွားပြီးတော့ တော်တော်လေး ပြန်ကောင်းလာတာပေါ့။ တုပ်ကွေးပြီးရင် နည်းနည်းလေး အားနည်းတာတို့၊ ညောင်းညာကိုက်ခဲတာတို့၊ အစားအသောက်ပျက်တာတို့ ဒါလေးတွေလည်း ရှိတယ်။ ဒါတွေက အချိန်အတိုင်းအတာအရ အချိန်ခဏလေးနေရင် ကောင်းသွားတာပါပဲ။ ဒါပေမဲ့ သုံးရက်၊ ငါးရက်နဲ့အဖျားမကျဘူး။ အဖျားကမကျတဲ့အပြင် အဖျားကလည်းများတယ်။ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တာတွေ၊ မောတာအသက်ရှူတာ မြန်တယ်၊ ပြာနှမ်းလာတယ်ဆိုရင် တော်တော်ဆိုးသွားပြီ။ သွေးထဲမှာရှိတဲ့ အောက်ဆီဂျင် ကျနေတယ်ဆိုရင် မကောင်းဘူး ။လူကမှိန်းနေတယ် သွေးပေါင်ချိန် ကျနေတယ်ဆိုလည်းမကောင်းဘူး။ ဒါတွေဆိုရင် ဆေးရုံတက်ကို တက်ရမယ်ဆိုတဲ့ အခြေအနေဖြစ်ပါတယ် ။ဒါသည်လူနာမှာ အသက်အန္တရာယ် ရှိနေတယ်ဆိုတဲ့ လက္ခဏာတွေဖြစ်ပါတယ်” ဟု ခုတင်(၅၀၀)အထူးကု ဆေးရုံကြီး၊ ဆေးတက္ကသိုလ်(၁)ရန် ကုန်၊ အဆုတ်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဝင်းနိုင်ကဆိုသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၂၅ ရက်အထိ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသမှုအခြေအနေအရ စုစုပေါင်း ဆေးရုံတက်ရောက်ကုသ သူ ၂၉၉ဦး၊ ဆေးရုံမှဆင်းသွားသူ ၁၈၅ဦးရှိပြီး လက်ရှိ အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိသူ ၄၂ ဦးရှိသည်ဟု ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှရရှိသည့်အချက် အလက်အရ သိရသည်။

“ရောဂါအခံရှိနေတဲ့သူတွေ ကိုယ်ခံအားကျနေတဲ့သူတွေမှာဆို ရင်ပိုပြီးသတိထားရတယ်။ ဒီလူတွေ ဖြစ်ရင်ဆေးရုံတက်ဖို့လိုပါတယ်။ အားလုံးလိုတယ်လို့လည်း မဟုတ်ပါဘူး။  နောက်တခုက အသက်သိပ်ငယ်လွန်းတယ်။ သိပ်ကြီးလွန်းတယ်။ ကိုယ်ဝန်ဆောင်၊ မီးတွင်းကာလဒီလို အခြေအနေတွေမှာ ကျွန်တော်တို့ ဆေးရုံတင်ဖို့ လိုပါတယ်။ ဆေးရုံတင်တော့ ဆေးရုံမှာဘာတွေလုပ်သလဲဆိုရင် အမှန်က ရောဂါအခံကို ကုသရတာပါပဲ။ တုပ်ကွေးရောဂါအ တွက်သုံးရတဲ့ ဗိုင်းရပ်စ်ကိုသတ်တဲ့ ဆေးတွေနဲ့ကုသရပါတယ်။ ပြည်သူလူထုထဲမှာတော့ တုပ်ကွေးဖြစ်ပြီဆိုရင် တုပ်ကွေးသတ်တဲ့ဆေးသောက် ချင်တယ်ဆိုတာတွေရှိတယ်။ တုပ်ကွေးဖြစ်တိုင်း တုပ်ကွေးသတ်တဲ့ ဆေးကိုသောက်ရတယ်လို့ မဟုတ်ပါဘူး။ တုပ်ကွေးရဲ့သဘောကိုက ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက်အချိန်တစ် ခုစောင့်ပြီးရင် သူ့ဟာသူ ပြန်ကောင်းသွားတဲ့သဘော ရှိပါတယ်။ ဒါကြောင့် မို့ဒီဆေးကို လူတိုင်းသောက်ဖို့ ဘယ်သူကမှ မညွှန်းပါဘူး။ ဘယ်နိုင်ငံမှာမှလည်း မညွှန်းပါဘူး။ ဒါပေမဲ့ သောက်ချင်ကြတယ်။ သောက်ရင် ဒီဆေးမှာလည်းမကောင်းတဲ့ အာနိသင်တွေရှိနိုင်တယ်။ ဥပမာ ခေါင်းတွေ ကိုက်တယ်၊ ပျို့တယ်၊ အန်တယ်။ သူ့ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့။ ဒါတွေလည်း ရှိတယ်။ ဒီ့အပြင် ဒီဆေးကို လွယ်လွယ်သုံးလိုက်ကြမယ်ဆိုရင် ဒီဆေးကို ယဉ်ပါးသွားတယ် ဆိုတာရှိတယ်။ ဒီဆေးကို ပေါပေါသီသီသုံးခဲ့လို့ ဆေးယဉ်သွားခဲ့ရင် အရေးအကြောင်းဆို ကျွန်တော်တို့ သုံးစရာဆေးမရှိတော့ဘူး။ ဒါကို တစ်ချက်သတိထားရမှာပါ။ မသုံးဘဲနဲ့တောင် သူ့ဘာသာသူယဉ်ချင်နေတာ။ ဒီဆေးကို လွယ်လွယ်ကူကူ သုံးဖို့မသင့်ပါဘူး။ ဆေးရုံတွေမှာဆို သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုး နမိုး နီးယားဆို နမိုးနီးယားအတွက် ပဋိဇီဝဆေးတွေကို ဖိဖိစီးစီးပေးကြပါတယ်။ ရောဂါအခံတွေရှိနေတဲ့သူ တွေဆိုရင် ရောဂါတွေကြွလာတဲ့အခါ အဲဒါတွေကို ဖိဖိစီးစီးနဲ့ အချိန်နဲ့အမျှ ကုသပေးရပါတယ်။ ဒီလိုကုသပေးလိုက်ရင် တော်တော်လေးပြန် ကောင်းဖို့အတွက် အခွင့်အလမ်းရှိပါ တယ်။ ဗိုင်းရပ်စ်ရဲ့ သဘောကဝင်ပြီးသွားရင် လာဆွသွားတာ ပြီးရင်သူက ပျောက်သွားရော။ ဒါကြောင့် ဗိုင်းရပ်စ်သတ်တဲ့ဆေးကိုလည်း ရေရှည်ကြီးစွဲသောက်လို့မရဘူး။ သောက်မယ်ဆိုရင်လည်း ပိုးဝင်ပြီး ၄၈နာရီ အတွင်းသောက်မှ သူကအာနိသင် ကောင်းတာပါ။ အဲဒီနောက်ပိုင်း သောက်ရင်သူ့ရဲ့ဆိုးကျိုးက ပိုများပါတယ်” ဟု ဒေါက်တာဝင်းနိုင်က ဆက်လက်ပြောကြားသည်။  

ကာကွယ်ဆေးထိုးခြင်းက ရာနှုန်း ပြည့်ကာကွယ်နိုင်သလား ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရောဂါကူး စက်လွယ်သောအုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် အရွယ်ငယ်လွန်းသူများ (အသက်ခြောက်လမှငါးနှစ်)၊ အသက်အရွယ် ကြီးလွန်းသူများ(အသက် ၆၅နှစ်အထက်) ၊နာတာရှည်ရောဂါရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများတွင်သာ ထိုးနှံသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ 

“ကာကွယ်ခြင်းက ကုသခြင်းထက်တော့ပိုကောင်းတယ်ဆိုတဲ့ စကားရှိပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေက ဒီနေရာမှာ ပေါ်ပြူလာဖြစ်လာတာပေါ့။ ကာကွယ်ဆေးက တကယ်တမ်းဆို ကမ္ဘာ့အနှံ့  ထိုးတာကြာပါပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း ထိုးတာ ကြာပါပြီ။ သို့သော် ဆေးတစ်ခုထိုးလိုက်တယ်ဆိုရင် ထိုးတဲ့ဆေးရဲ့ အာနိသင် သက်ရောက်မှု ဘယ်လောက်ရှိတယ်ဆိုတာ ထိုးသင့်မသင့် ဆိုတာတွေက မေးခွန်းထုတ်စရာတွေဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမှတော့ တုပ်ကွေးရော ဂါကာကွယ်ဆေးကို လူတိုင်းထိုးရ မယ်လို့သတ်မှတ်ထားတာ မရှိပါဘူး။   ထိုးသင့်တဲ့လူရယ်လို့ဆိုပြီးတော့ ဦးစားပေးအဆင့်တွေ သတ်မှတ်ပေးထားတာတော့ ရှိပါတယ်။ အသက်ငယ်လွန်းတဲ့သူ အသက်သိပ်ကြီးလွန်းတဲ့ သူအန္တရာယ်ရှိတဲ့ အသက်အရွယ်တွေ ရောဂါအခံရှိတဲ့သူတွေ ဒီလိုလူတွေကတော့ တုပ်ကွေးကာကွယ်ဆေးကို ထိုးသင့်တယ်လို့ မှတ်ချက်ရှိထားပါတယ်။ ထိုးရင် ဘယ်အချိန်မှာ ထိုးမလဲ။ ထိုးရင်ရော အာနိသင်ရသလား ။ တုပ်ကွေးဖြစ်ပြီဆိုတဲ့ အချိန်ကျမှ လိုက်ထိုးရင် မရဘူး။ တုပ်ကွေးမဖြစ်ခင် ပိုးမဝင်ခင် တုပ်ကွေးရာသီမရောက်ခင် ကြိုထိုးရပါမယ်။ ထိုးပြီးလို့ နှစ်ပတ်ကနေ သုံးပတ်လောက်ကြာမှ ဒီဆေးရဲ့ အာနိသင်က ပြည့်ပြည့်ဝဝရပါမယ်။ အာနိသင်ရပြီဆိုရင် ရာနှုန်းပြည့်ကာကွယ်နိုင်သလား ။ အဲဒါလည်း မကာကွယ်နိုင်ပါဘူး ။ ဘာကြောင့်လဲဆိုရင် ထုတ်တဲ့ဆေးရဲ့ အာနိသင်။ အဲဒီဆေးက ကာကွယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစား ။ ရာသီတုပ်ကွေးမှာ ဒီနေ့ဖြစ်နေတာက A (H1N1) ပေါ့။ အဲဒီမှာ သက်သက်မျိုးကွဲလေးရှိသေးတယ် pdm 09/အဲဒီဆေးက အဲဒီမျိုးကွဲကို ကာကွယ်နိုင်တဲ့ အာနိသင်မပါဘူးဆိုရင် မရပြန်ဘူး။ ဒါမျိုးလေးတွေတော့ ရှိပါတယ်” ဟု ဒေါက်တာဝင်းနိုင်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ဘယ်လောက်အထိကာကွယ်နိုင်သလဲဆိုရင် အနိမ့်ဆုံးက ၅ဝရာခိုင်နှုန်းကနေ အမြင့်ဆုံးက ၈ဝရာခိုင်နှုန်းလောက်အထိ ရပါတယ်။ ၁ဝဝရာခိုင်နှုန်းအပြည့်မရပါဘူး။ ဘာလို့ဆိုတော့ ဒီဆေးကိုသယ်ဆောင်လာတဲ့အခြေအနေ၊ သိမ်းဆည်းထားတဲ့အခြေအနေ၊ ထိုးပေးတဲ့အခြေအနေ၊ လူနာရဲ့ကိုယ်ခံအားစနစ်။ အဲဒီအချက်တွေပေါ်မှာ မူတည်ပါတယ်။ အဲဒါတွေမှာချို့ယွင်းချက် ရှိရင်ဘယ်တော့မှ ၁၀၀ ရာနှုန်းပြည့်နိုင်မှာ မဟုတ်ပါဘူး။ ၈ဝရာခိုင်နှုန်းရဖို့တောင် ခက်ပါတယ်။ သို့ သော်လည်းပဲရသလောက် ကျွန်တော်တို့ ကာကွယ်ပေးထားနိုင်မယ်ဆိုရင်တော့ သူကကောင်းပါတယ်။ ကာကွယ်ဆေးထိုးတာ လူထုထဲမှာများများထိုး ထားတယ်ဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်တဲ့ ရာသီတုပ်ကွေးကကူးစက်ဖို့ အခက်တွေ့သွားပါတယ်။ဒီအခါမှာ ပျံ့နှံ့မှုအပိုင်းအနေနဲ့ကတော့ လျော့သွားတာပေါ့။ ဒါကြောင့်မို့ထိုးဖို့တော့ အကြံပေးပါတယ်။ ရာနှုန်းပြည့်ကာ ကွယ်နိုင်တယ်ဆိုတာကတော့ မဟုတ်ဘူးပေါ့” ဟုဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါနှိမ်နှင်းရေးလုပ်ငန်းများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်းများကို အရှိန်မြှင့်ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်(၄/၂၀၁၉) တွင် ဖော်ပြထားသည်။

တိုင်းဒေသကြီး / ပြည်နယ်များအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနက ဖြန့်ဝေပေးထားသော ရောဂါကာကွယ်ဆေးများကိုတိုင်းဒေသကြီး / ပြည်နယ်များရှိ ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံနိုင်ရေးအတွက်ဆောင်ရွက်ခြင်း၊  သက်ဆိုင်ရာမြို့နယ်များအလိုက် ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိသော လူနာများနေထိုင်ရာ မြို့နယ်များသို့ သွားရောက်၍ ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ လူနာသစ်ရှာဖွေခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် မိသားစုဝင်များကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ စည်ပင်သာယာဌာနများနှင့်ပညာရေးဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရာသီတုပ်ကွေးရောဂါအသိပညာပေးခြင်း၊ သတင်းအချက်အလက် သရုပ်ပြဗွီဒီယိုများအား LED Board များတွင် ပြသနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရုံးဌာနများနှင့် ပြည်သူလူထုသွားလာမှုများသော နေရာများတွင်ကျန်းမာရေး အသိပညာမြှင့်တင်နိုင်ရန်အတွက် ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ IEC Corner များ ထားရှိရန်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ သာမာန်တုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားမှုများနှင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုများ သတင်းရရှိပါက တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်တိုင်း၊ ခရိုင်အဆင့်များတွင် Rapid Response Team များဖွဲ့စည်းထားရှိခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကျန်းမာရေးအရေးပေါ် စီမံခန့်ခွဲမှုဌာနများနှင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ဆက်သွယ်အကြောင်းကြား၍ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများအား ပိုမိုထိရောက်စွာ ပူးပေါင်းပံ့ပိုးနိုင်ရန်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

                   အိသဥ္ဇာကျော်

Most Read

Most Recent