မြန်မာတွေ နှစ် ၂၀ အတွင်း အမီလိုက်မယ်ဆိုတဲ့ စင်ကာပူနိုင်ငံသို့ အလည်တစ်ခေါက်

မြန်မာတွေ နှစ် ၂၀ အတွင်း အမီလိုက်မယ်ဆိုတဲ့ စင်ကာပူနိုင်ငံသို့ အလည်တစ်ခေါက်
စင်ကာပူမြို့အတွင်း လမ်ဆုံတစ်ခုတွင် လမ်းဖြတ်ကူးရန် စနစ်တကျ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ပြည့်ဖြိုးအောင်)
စင်ကာပူမြို့အတွင်း လမ်ဆုံတစ်ခုတွင် လမ်းဖြတ်ကူးရန် စနစ်တကျ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ပြည့်ဖြိုးအောင်)
Published 28 July 2019
ပြည့်ဖြိုးအောင်၊ ရှိုင်းလင်းအောင်

စင်ကာပူနိုင်ငံဟာ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ခေတ်မီမှုအရှိဆုံးနဲ့ တိုးတက်မှုအရှိဆုံးနိုင်ငံလို့ ပြောလို့ရပါတယ်။

စင်ကာပူနိုင်ငံရဲ့ အကျယ်အဝန်းဟာ မြို့ပြတစ်ခုအရွယ်သာ ရှိတဲ့အတွက် နိုင်ငံငယ်လေးတစ်ခုလို့ဆိုရင် မမှားပါဘူး။

စင်ကာပူရဲ့ လက်ရှိလူဦးရေက ၅ ဒသမ ၈ သန်းကျော်ရှိပြီး တရုတ်လူမျိုးအများစုနဲ့ မလေး၊ အိန္ဒိယ လူမျိုးတွေ နေထိုင်ကြပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ ခေတ်မီလှပ ခန့်ညားလှပမှု တွေကလည်း ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ထားပါတယ်။

အဲဒီလို ကမ္ဘာလှည့် ခရီးသည်တွေအတွက် စွဲဆောင်မှုရှိလှတဲ့ စင်ကာပူနိုင်ငံမှာ (၇) ကြိမ်မြောက် 2019 International Champions Cup ပြိုင်ပွဲအဖြစ် ပွဲစဉ်နှစ်ပွဲကို လက်ခံကျင်းပခဲ့ပါတယ်။

အဲဒီပွဲစဉ်တွေကတော့ ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်ပွဲစဉ်၊ ဂျူဗင်တပ်နဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေဖြစ်ပြီး စင်ကာပူနိုင်ငံ အမျိုးသား ဘောလုံးကွင်းမှာ ဇူလိုင် ၂၀ ရက်နဲ့ ၂၁ ရက်မှာ ကျင်းပတဲ့အတွက် သွားရောက်ကြည့်ရှု ဖြစ်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံ အမျိုးသား ဘောလုံးကွင်းဟာ ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းတွေ လာရောက် ယှဉ်ပြိုင်လောက်အောင် ခေတ်မီအဆင့်အတန်းမြင့်တဲ့ ဘောလုံးကွင်း တစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီဘောလုံးကွင်းဟာ ပရိသတ် ၅၀၀၀၀ ကျော်ဝင်ဆံ့ပြီး ဘောလုံးကွင်း အနေအထားက ပရိသတ်တွေအပြင် ကွင်းတစ်ကွင်းလုံးကို ဖုံးကွယ်နိုင်တဲ့ အမိုးခုံးများနဲ့ တည်ဆောက်ထားတဲ့ မိုးလုံလေလုံ ဘောလုံးကစားကွင်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံဟာ ရန်ကုန်မြို့ထက် ကီလိုမီတာ အနည်းငယ်သာ ကျယ်ဝန်းပေမယ့် ခေတ်မီတိုးတက် မှုတွေကတော့ အာဆီယံနိုင်ငံတွေမှာ ထိပ်တန်းအဆင့်တစ်ခုမှာ ရှိနေပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံဟာ အာဆီယံနိုင်ငံများရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သလို အာရှတိုက် နိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများကပါ အလွယ်တကူ သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကို သွားရောက် လည်ပတ်တဲ့သူတွေအနေနဲ့ စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ် ချန်ဂီကိုရောက်ပြီ ဆိုတာနဲ့ လေဆိပ်ရဲ့ ခမ်းနားကြီးကျယ်မှုကို မျက်မြင်တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ချန်ဂီလေဆိပ်ကနေ စင်ကာပူမြို့တွင်းကို ထွက်ခွာလာရာမှာ ကမ်းရိုးတန်းအတိုင်း ဖောက်လုပ်ထားတဲ့ Coast Parkway (ECP) ကားလမ်းမကြီးနဲ့အတူ ကားလမ်းမကြီး တစ်လျှောက်မှာတော့ လှပသေသပ်တဲ့ ရှုမျှော်ခင်းတွေကို မြင်တွေ့နိုင်ပါတယ်။

စည်းကမ်းစနစ်တကျရှိတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပုံစံ

စင်ကာပူနိုင်ငံရဲ့ ကားလမ်းတွေမှာ ယာဉ်မောင်းနှင်သူများ လိုက်နာမောင်းနိုင်ဖို့အတွက် သိသာထင်ရှားတဲ့ လမ်းòန်များအပြင် သတိပြုရမယ့် စာလုံးများကို ထင်ရှားတဲ့ ဆေးရောင်များနဲ့ ခြယ်သထားတာကို တွေ့ရပါတယ်။

ပြည်သူများအတွက် ဘေးအန္တရာယ်ကင်းစင်အောင် ကျယ်ပြန့်သေသပ်လှတဲ့ လူသွားစင်္ကြံတွေကို  ပြုလုပ်ပေးထားတာကို တွေ့မြင်ရပါတယ်။

မီးပွိုင့်စနစ်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ထားတာကြောင့် ယာဉ်မောင်းတွေနဲ့ လမ်းဖြတ်ကူးသူတွေအတွက် စိတ်ချလုံခြုံမှု အပြည့်အဝ ဖြစ်စေပါတယ်။

အဲဒီလို ယာဉ်စည်းကမ်းနဲ့ လမ်းစည်းကမ်းစနစ်ကို စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးထားသလိုပဲ  မြို့တွင်းသွားလာသူတွေ အနေနဲ့ စည်းကမ်းကို စနစ်တကျ လိုက်နာပြုမူမှုများကို တွေ့ရပါတယ်။

ဥပမာအနေနဲ့ ပြောရရင် မီးပွိုင့်မှာ ယာဉ်မောင်းနှင်ဖို့ မီးပွိုင့်အစိမ်းရောင်ပြချိန်မှာ လမ်းဖြတ်ကူးမယ့်သူများက လမ်းမဘေးဝဲယာ တစ်ဖက်ဆီရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ရပ်စောင့်နေကြပါတယ်။ မီပွိုင့်မှာ ဖြတ်သန်းမောင်းနှင်တဲ့ ယာဉ်မရှိပေမဲ့ လမ်းဖြတ်ကူးသူမရှိဘဲ လမ်းကူးဖို့ မီးစိမ်းချိန်မှသာ စနစ်တကျ လမ်းဖြတ်ကူးတာကို တွေ့ရပါတယ်။

အဲဒီလို လမ်းဖြတ်ကူးဖို့ ရပ်နေကြတဲ့သူတွေရဲ့ ရှေ့မှာတော့ မတော်တဆ ယာဉ်တိုက်မှု မဖြစ်စေဖို့ ခိုင်မာတဲ့ စတီးတိုင်တွေနဲ့ ကာကွယ်ပေးထားပါတယ်။ လမ်းဖြတ်ကူးနေချိန်မှာတော့ လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ယာဉ်များက သတ်မှတ်ထားတဲ့ စည်းနေရာမှာ ရပ်တန့်နေကြပါတယ်။

ဒါ့အပြင် တက္ကစီစီးလိုသူတွေများအတွက် စမတ်ဖုန်းနဲ့ မိမိရှိမယ့်နေရာကို ခေါ်ယူစီးနိုင်ပေမဲ့ ကားလမ်းမများပေါ်မှာ Taxi Stand နေရာကလွဲပြီး လက်တားငှားစီးလို့ မရသလို တက္ကစီယာဉ်များကလည်း ရပ်တန့်ပေးခြင်း မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

လွယ်ကူကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်

စင်ကာပူနိုင်ငံမှာ Mass Rapid Transit (MRT) ရထားလမ်းစနစ်က အဓိကကျတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပါတယ်။

အဲဒီ MRT ရထားလမ်းစနစ်ကို စင်ကာပူနိုင်ငံမှာ အခြေချ နေထိုင်သူတွေနဲ့ စင်ကာပူကို နိုင်ငံအရပ်ရပ်ကနေ လာရောက် အလုပ်လုပ်ကြသူများက အဓိက သွားလာရေးအတွက် အသုံးပြုကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ကမ္ဘာအနှံ့က ခရီးသွားများကလည်း MRT ရထားကို အဓိကထားပြီး စီးနင်တာကို တွေ့ရပါတယ်။

Mass Rapid Transit (MRT) ရထားလမ်းစနစ်ဆိုတာ မြေအောက်ရထားလမ်း စနစ်ဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ (MRT) ရထားဘူတာများကို မြို့အတွင်း အချက်အချာကျတဲ့ နေရာများနဲ့ လူစည်ကားရာ နေရာတွေမှာရှိတဲ့ အဆောက်အအုံများရဲ့ မြေအောက်ပိုင်းမှာ တည်ဆောက်ထားပါတယ်။

ရထားဘူတာကို သွားလာမယ့် အများပြည်သူတွေ အဆင်ပြေစေဖို့ စက်လှေကားများ အဆင့်ဆင့် ဆောင်ရွက်ပေးထားပြီး လမ်းညွှန်များကို ပြသထားတဲ့အတွက် သွားလာရာမှာ လွယ်ကူအဆင်ပြေ ချောမွေ့စေပါတယ်။ ရထားလက်မှတ် စနစ်အနေနဲ့ စမတ်ကတ်စနစ်ကို အသုံးပြုထားပါတယ်။

ရထားစီးနင်းခမှာ သုံးလေးဘူတာစီးမယ်ဆိုရင် စင်ကာပူ တစ်ဒေါ်လာကျော်သာ ပေးရတဲ့အတွက် အများပြည်သူတွေနဲ့ အလည်အပတ်လာတဲ့ ခရီးသွားတွေ အတွက်ပါ သင့်တင့်တဲ့ စျေးနှုန်းလို့လည်း ဆိုနိုင်ပါတယ်။

အဲဒီလို ရထားစီးနင်းရင် အသုံးပြုရတဲ့ စမတ်ကတ်ကို ခရီးသည်တင် ဘတ်စ်ကားတွေမှာ အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ အဲဒီအတွက်ကြောင့် ဘတ်စ်ကားစီးလိုတဲ့ ခရီးသည်တွေအတွက် အဆင်ပြေမှု ရှိသလို ခရီးသည်တင် ဘတ်စ်ကားတွေက နှစ်ထပ်ယာဉ်တွေ ဖြစ်တဲ့အတွက် လာရောက် လည်ပတ်တဲ့ ခရီးသွားတွေ အတွက်ကတော့ စင်ကာပူမြို့ရဲ့ မြင်ကွင်းတွေကို ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် ခရီးသွားများအတွက် တက္ကစီငှားရမ်းခကို မီတာစနစ်နဲ့ ပြုလုပ်ထားတာကြောင့် သွားတဲ့ခရီး တစ်လျှောက်ကို မီတာနဲ့တွက်ချက်ပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်များက များသောအားဖြင့် မော်ဒယ်အမြင့် ကားအမျိုးအစားတွေနဲ့ လှပတဲ့ပုံစံတွေ ဖြစ်နေတာကြောင့် ငှားရမ်းစီးလိုတဲ့ ခရီးသွားတွေကို စွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်။

စင်ကာပူနိုင်ငံဟာ အများပြည်သူတွေအတွက် သက်သောင့်သက်သာ ဖြစ်စေမယ့် ဝန်ဆောင်မှုကို ပြုလုပ်ပေးထားပါတယ်။ စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်တဲ့ ခရီးသွားသူတွေအတွက် သွားလာရေး အဆင်ပြေစေဖို့အတွက် မြေအောက်ရထား၊ ဘတ်စ်ကားနဲ့ တက္ကစီကို ကြိုက်နှစ်သက်ရာစီးနင်နိုင်ပြီး အပန်းဖြေနေရာတွေနဲ့ လည်ပတ်ချင်စရာ နေရာတွေကလည်း အများအပြား ရှိလှပါတယ်။

မြို့ပြရှုခင်း၊ အပန်းဖြေနေရာများနဲ့ အစားအစာများ

စင်ကာပူနိုင်ငံဟာ ခရီးလှည့် ခရီးသွားတွေကို အဓိကစွဲဆောင်နေတဲ့ နေရာတစ်ခုလို့လည်း ဆိုရမှာပါ။ ခရီးသွားသူတွေ လည်ပတ်ချင်စရာ ကောင်းလောက်အောင် အပန်းဖြေနေရာများစွာ ဖန်တီးပေးထားတာကို တွေ့မြင်ရပါသေးတယ်။

အဲဒီလို လည်ပတ်သွားချင်စရာ နေရာများထဲကနေ မြေအောက်ရထားစီးနင်းပြီး ခရီးသွားအများစု လည်ပတ်တဲ့ Marina Bay ပန်းခြံဆိုတာ ရှိပါတယ်။ အဲဒီနေရာမှာ လာရောက်လည်ပတ်သူ ခရီးသွားတွေ အမှတ်တရ ဓာတ်ပုံတွဲရိုက်ဖြစ်တာက စင်ကာပူနိုင်ငံရဲ့ အထင်ကရ ပြယုဂ် Merlion လို့ခေါ်တဲ့ ခြသေ့င်္ရုပ်တုကြီးပဲ ဖြစ်ပါတယ်။

အဲဒီခြင်္သေ့ရုပ်ကြီးရဲ့ အနီးဝန်းကျင်မှာတော့ လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်တွေ့ရပါတယ်။ စင်ကာပူမြို့ အတွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ စင်ကာပူမြစ်ကမ်းနံဘေးမှာ သန့်ရှင်းတဲ့ စင်္ကြံလမ်းတွေနဲ့အတူ ခရီးသွားတွေကို စွဲဆောင်ထားပါတယ်။

မြစ်အတွင်းမှာလည်း River Taxi ကို စီးပြီး စင်ကာပူမြို့ပြရဲ့ အလှအပများကို ကြည့်ရှုခံစားလို့ရပါတယ်။ ဒါ့အပြင် Merlion ခြင်္သေ့ရုပ်တုရဲ့ ဘေးတစ်ဖက်မှာလည်း ခေတ်မီဒီဇိုင်းအဆန်းများနဲ့ တည်ဆောက်ထားတဲ့ အထပ်မြင့် အဆောက်အအုံတွေကို ခမ်းနားစွာ တွေ့မြင်ရပါတယ်။

ဒါ့အပြင် ခြင်္သေ့ရုပ်တုကြီးရဲ့ မျက်နှာချင်းဆိုင်လည်းဖြစ်၊ သန့်ရှင်းနေတဲ့မြစ်ပြင်ကျယ်ရဲ့ ကမ်းစပ်အဆုံးမှာရှိတဲ့ တိုက်သုံးလုံးတန်း အပေါ်မှာ သင်္ဘောတင်ထားတဲ့ပုံစံသဖွယ် တည်ဆောက်ထားတဲ့ Marina Bay Hotel ကြီးရဲ့ ဒီဇိုင်းအလှအပကို မြင်တွေ့နိုင်ပါတယ်။ Marina Bay ပန်းခြံအတွင်းမှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးက လာရောက်တဲ့ ခရီးသွားတွေ အမှတ်တရဓာတ်ပုံရိုက်ရင်း ခြေချင်းရှုပ်နေတာကို မြင်တွေ့ရပါတယ်။

နောက်ထပ် ခရီးသွားသူတွေကို လည်ပတ်ချင်စရာ နေရာတစ်ခုဖြစ်တဲ့ နေရာကတော့ Sentosa ကျွန်း ကမ်းခြေပဲ ဖြစ်ပါတယ်။ အဲဒီကျွန်းကို သွားဖို့အတွက် မြေအောက်ရထားနဲ့ Harbour Front ဆိုတဲ့ ဘူတာအထိ စီးသွားရမှာ ဖြစ်ပါတယ်။ အဲဒီဘူတာကနေတစ်ဆင့် ကျွန်းဆီကို မိုးပျံရထား စီးနိုင်သလို ကေဘယ်ကား စီးသွားလို့ ရပါတယ်။ ဒါမှမဟုတ် ကျွန်းဆီကို ဖောက်လုပ်ထားတဲ့ တံတားပေါ်ကနေလည်း လမ်းလျှောက် သွားနိုင်တဲ့အတွက် ခရီးသွားတွေ အဆင်ပြေပြေနဲ့ သွားလာလည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

တံတားပေါ်ကနေ လမ်းလျှောက်ပြီး  Sentosa ကျွန်းကို သွားရတဲ့ လမ်းတစ်လျှောက်မှာ ရင်သပ်ရှုမောဖွယ် ပင်လယ်ထွက်ပေါက်ကို မြင်တွေ့နိုင်ပြီး ကုန်သင်္ဘောကြီးတွေနဲ့ အပျော်စီးသင်္ဘောတွေ ရှိပါတယ်။ ဒီနေရာမှာလည်း အမှတ်တရဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာလို့လည်း ဆိုနိုင်ပါတယ်။ Sentosa ကျွန်းမှာ Universal Studios အပါအဝင် လည်ပတ်ချင်စရာ အပန်းဖြေနေရာများစွာ ရှိနေပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံမှာ ခရီးသွားတွေကို စွဲဆောင်ထားတဲ့ နေရာကတော့ စင်ကာပူ အပြည်ပြည်ဆိုင်ရာလေဆိပ် Changi နဲ့ ချိတ်ဆက်ထားတဲ့ Jewel ပဲဖြစ်ပါတယ်။ လေဆိပ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက် ခရီးသွားတွေအတွက် အလွယ်တကူ လည်ပတ်လို့ရတဲ့နေရာ ဖြစ်ပါတယ်။

Jewel Changi မှာ အဓိကကျတဲ့အရာ တစ်ခုကတော့ Rain Vortex လို့ခေါ်တဲ့ ကမ္ဘာ့အရှည်ဆုံး Indoor ရေတံခွန်ပဲဖြစ်ပြီး ဘေးပတ်လည်မှာ လှေကားထစ်ပုံစံ တောအုပ်တစ်ခုလို ဖန်တီးထားပါတယ်။ အဲဒီနေရာမှာ ခရီးသွားတွေက အမှတ်တရဓာတ်ပုံ ရိုက်ကြတာကို မြင်တွေ့ရပါတယ်။ အဆောက်အအုံ အတွင်းမှာတော့ ပန်းခြံတွေ၊ အသုံးအဆောင်ပစ္စည်း၊ ရှော့ပင်းမောတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အရာတွေကို မြင်တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ China Town ရှိသလိုပဲ စင်ကာပူနိုင်ငံကို လာရောက်သူတွေအတွက် အမှတ်တရပစ္စည်း ဝယ်ယူနိုင်ပြီး တရုတ်အစာအစားများ စားသောက်လို့ရတဲ့ စင်ကာပူ China Town ဆိုတာ ရှိပါတယ်။ စင်ကာပူနိုင်ငံရဲ့ China Town မှာဆိုရင် ကြီးမားတဲ့ ရှေးဟောင်းတရုတ် အဆောက်အအုံတွေကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် China Town Complex မှာဆိုရင် အမှတ်တရပစ္စည်း ဝယ်ယူနိုင်သလို တရုတ်အစားအစာများကို စားသုံးနိုင်ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံ Mustafa လို့ခေါ်တဲ့ နေရာမှာ ၂၄ နာရီဖွင့်တဲ့ Shopping Center တွေရှိပြီး ကမ္ဘာလှည့် ခရီးသွားတွေ အမှတ်တရပစ္စည်းမျိုးစုံ ဝယ်ယူနိုင်ပါတယ်။ Mustafa ဟာ အိန္ဒိယလူမျိုးတွေ အများစု နေထိုင်တဲ့ Little India လို့ ခေါ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယအစားအစာ ခံတွင်းတွေ့တဲ့ ခရီးသွားတွေအတွက် Little India က စားသောက်ဆိုင်တွေဟာ အသင့်တော်ဆုံးလို့ ဆိုနိုင်ပါတယ်။

စင်ကာပူနိုင်ငံမှာ အဆောက်အအုံဒီဇိုင်းပုံစံ ဆန်းသစ်စွာနဲ့ အထပ်မြင့် အဆောက်အအုံ များစွာလည်းရှိပါတယ်။ အဲဒီလို ခေတ်မီတိုးတက်မှုနဲ့အတူ ကမ္ဘာ့နိုင်ငံအနှံ့က ခရီးသွားများကို ဆွဲဆောင်ထားတဲ့ ဖန်တီးမှုများစွာလည်း တွေ့မြင်မှာပါ။ ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို တိကျစွာ လိုက်နာရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ နေထိုင်သူတွေနဲ့ သွားရောက်လည်ပတ်သူတွေ အနေနဲ့ ပီကေဝါးခြင်း၊ အမှိုက်ပုံးထဲ အမှိုက်မပစ်ခြင်း၊ အိမ်သာသုံးစွဲပြီး ရေဆွဲမကျခြင်း၊ ကိုယ်တုံးလုံး လမ်းလျှောက်ခြင်းနဲ့ ညစ်ညမ်းကား ကြည့်ရှုခြင်း၊ အများပြည်သူကြား ဆေးလိပ်သောက်ခြင်း၊ နိုင်ငံရေးနဲ့ လူမျိုးရေးများ ယူဆောင်ခြင်းစတဲ့ အချက်ကို လိုက်နာရမယ့် စည်းကမ်းတွေအဖြစ် တားမြစ်ထားပြီး မလိုက်နာတဲ့သူတွေကို ငွေဒဏ်နဲ့ ထောင်ဒဏ်စတဲ့ ပြစ်ဒဏ်ချမှတ်ပြီး တင်းကျပ်စွာ ဆောင်ရွက်ထားပါတယ်။ အဲဒီလို လိုက်နာရမယ့် စည်းကမ်းချက်တွေကို စင်ကာပူနိုင်ငံမှာ နေထိုင်သူတွေက တိတိကျကျ လိုက်နာကြတဲ့အတွက် စင်ကာပူနိုင်ငံဟာ စည်းစနစ်တကျနဲ့ သန့်ရှင်းသပ်ရပ်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ စင်ကာပူနိုင်ငံထက် အဆပေါင်းများစွာ ကျယ်ဝန်းတဲ့အလျောက် ရေ၊ မြေ၊ သဘာဝ၊ တောတောင်၊ သယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံ တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်တဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အစိုးရက မြို့ပြစည်ပင်ဖွံ့ဖြိုးမှုနဲ့ သန့်ရှင်းသပ်ရပ်ဖို့အတွက် ဥပဒေစည်းမျဉ်းတွေ ချမှတ်ထားပြီးသား ဖြစ်ပါတယ်။

အဲဒီလို ဥပဒေစည်းမျဉ်းများကို အစိုးရက တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ပြီး မြို့ကြီးပြကြီးတွေမှာ နေထိုင်သူတွေကလည်း ဥပဒေစည်းကမ်းတွေကို နိုင်ငံကြီးသား ပီသစွာ လိုက်နာကြမယ်ဆိုရင် လက်ရှိ အစိုးရ ကြွေးကြော်ထားတဲ့အတိုင်း မြန်မာနိုင်ငံဟာ နှစ် ၂၀ အတွင်းမှာ စင်ကာပူနိုင်ငံကို အမီလိုက်နိုင်လိမ့်မယ်လို့ ဆုတောင်းရင်း  ..... ။  

 

Most Read

Most Recent