ဖြစ်မလာသေးတဲ့ ပို့ကုန်သုံးဆမြှင့်တင်ရေးနဲ့ တိုက်ဖျက်နိုင်မှုအားနည်းနေဆဲ တရားမဝင်ကုန်သွယ်မှုပြဿနာ

ဖြစ်မလာသေးတဲ့ ပို့ကုန်သုံးဆမြှင့်တင်ရေးနဲ့ တိုက်ဖျက်နိုင်မှုအားနည်းနေဆဲ တရားမဝင်ကုန်သွယ်မှုပြဿနာ
တာချီလိတ်နယ်စပ် ဂိတ်တစ်နေရာတွင် Mobile Team ဖြင့် စစ်ဆေးနေသည်ကို ၂၀၁၄ ခုနှစ်ဝန်းကျင်ခန့်က တွေ့ရစဉ်
တာချီလိတ်နယ်စပ် ဂိတ်တစ်နေရာတွင် Mobile Team ဖြင့် စစ်ဆေးနေသည်ကို ၂၀၁၄ ခုနှစ်ဝန်းကျင်ခန့်က တွေ့ရစဉ်
Published 28 July 2019
ဖြိုးဝေ

ဦးသိန်းစိန်အစိုးရလက်ထဲကနေ အာဏာလွှဲပြောင်းရယူပြီးတဲ့နောက်မှာ NLD အစိုးရအဖွဲ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပို့ကုန်သုံးဆမြှင့်တင်ရေး ကြိုးပမ်းမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာသန်းမြင့်က “ငါးနှစ်အတွင်းမှာ သုံးဆတိုးမယ်ဆိုတာ စိတ်ဆန္ဒအရပြောတာဆိုပေမဲ့ ကျွန်တော့်အနေနဲ့ အနည်းဆုံးတော့ နှစ်ဆခွဲလောက်အထိတိုးဖို့ စဉ်းစားထားတယ်။ မျှော်လင့်တယ်။ အဓိက ကတော့ လယ်ယာကနေပြီးတော့ စားသုံးကုန်အပြင် အပိုအလျှံ ပြန်ထုတ်မယ်။ အသေးစား စက်မှုလုပ်ငန်းကနေပြီးတော့ ပို့ကုန်ပြန်လုပ်မယ်။ လယ်ယာနဲ့အသေးစား စက်မှုလုပ်ငန်းရှင်တွေကို တွန်းအားပေးမယ်။ ဝန်ကြီးဌာနတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကူညီသင့်တာ ကူညီ၊ လိုက်လျောသင့်တာလိုက်လျော၊ ဖြေလျှော့သင့်တာ ဖြေလျှော့၊ ဥပဒေနဲ့အညီ တင်းကျပ်သင့်တာ တင်းကျပ်လိုက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဝန်ကြီးဌာနတွေအနေနဲ့ချည်းလည်း ကြိုးပမ်းနေလို့ မလုံလောက်ပါဘူး။ လုပ်ငန်းရှင်တွေရော အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ တကယ်တော့ အစီအစဉ်တစ်ခုအနေနဲ့ ချထားတဲ့သဘောတော့ မဟုတ်ပါဘူး။ တိုးတက်ဖို့ဆိုရင် တစ်ပိုင်းက ပြည်တွင်းထုတ်လုပ်မှု ပို့ကုန်ရနိုင်မယ့် ပစ္စည်းမျိုး ဘယ်လိုကဏ္ဍတွေမှာ ဦးစားပေးပြီးတော့ လုပ်မလဲဆိုတဲ့အပိုင်း၊ နောက်တစ်ပိုင်းက ထွက်လာတဲ့ပစ္စည်းကို စျေးကွက် ဘယ်လိုရှာမလဲဆိုတဲ့အပိုင်း၊ စျေးကွက်အလားအလာက ကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာရော အမေရိကန်နိုင်ငံတို့၊ EU နိုင်ငံတို့မှာ စျေးကွက်ရနိုင်ဖို့ အလားအလာရှိတယ်။ ပို့နိုင်တဲ့ ထုတ်လုပ်မှုကဏ္ဍကတော့ နည်းနည်းလေး မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဥပမာ လယ်ယာကဏ္ဍတိုးတက်အောင် လုပ်ဖို့ဆို လယ်သမားတွေလိုအပ်တဲ့ ငွေကြေးတို့၊ တစ်ဖက်ကအသေးစားနဲ့ အလတ်စားစက်မှု လုပ်ငန်းတွေအတွက် လိုအပ်တဲ့ နည်းပညာတို့၊ အရင်းအနှီးတို့ အားပေးရမယ်။ ဝန်ကြီးဌာနအနေနဲ့ အခြားဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး တတ်နိုင်သမျှ ညှိနှိုင်းပြီး လုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ်” လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးဆောင်လုပ်ခဲ့တဲ့ Mobile Teamနဲ့ ပတ်သက်ပြီးတော့လည်း NLD အစိုးရလက်ထက်မှာ  စီးပွား/ ကူးသန်းဝန်ကြီး တာဝန်ယူခဲ့တဲ့ ဒေါက်တာသန်းမြင့်က “Mobile Team ကတော့ အန်ကယ်လ် ပုဂ္ဂိုလ်ရေးအရ ကြည့်မယ်ဆိုရင် မဖွဲ့လိုဘူး။ ဘာ့ကြောင့်လဲဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက သက်ဆိုင်ရာဂိတ်တွေမှာ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ ဥပဒေဘောင်ထဲက တာဝန်ရှိရှိနဲ့ လုပ်မယ်ဆိုရင် ဒီမှောင်ခိုလမ်းကြောင်းတွေက ပိတ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ပဲ လုပ်မှာပါ။ Mobile Team က သွားဖမ်းမှ တွေ့တာမျိုးက လိုအပ်တဲ့အရာတော့ မဟုတ်ပါဘူး။ သို့သော် စစစ တို့လို စုံစမ်းစစ်ဆေးရမယ့် အလုပ်တွေကတော့ လုပ်နေရမှာပါ။ သို့သော် အဖွဲ့ကြီးဖွဲ့ပြီးတော့ ဟိုလူ့သွားဖမ်း ဒီလူ့သွားဖမ်း သဘောကတော့ အောင်မြင်တဲ့ အနေအထားမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ပို့ကုန်သုံးဆမြှင့်ချင်တယ်၊ Mobile Team မဖွဲ့လိုဘူးဆိုပေမဲ့ လက်ရှိအချိန်မှာတော့နဲ့ အလားသဏ္ဌာန်တူတဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေးလုပ်ဆောင်ဖို့ အထူးအဖွဲ့တွေဖွဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာကနေ ဖမ်းဆီးနေရတာမျိုး ရှိလာပါတယ်။ ဒီလိုရှိလာပေမဲ့ မရှိလာသေးတာက ပြည်နယ်နဲ့ တိုင်းအများအပြားမှာ ဖမ်းဆီးနေတယ်ဆိုပေမဲ့ တစ်လလုံးနေမှ တစ်မှုလောက်တောင် ဖမ်းမမိတဲ့ အထူးအဖွဲ့တွေ ရှိလာနေတာပါ။

“တရားမဝင်ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ တော်တော်များများကတော့ အခုအချိန်အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ လုပ်တော့လုပ်ခိုင်းနေတာပဲ။ လူကြီးတွေလည်း အားမရဘူး။ လူကြီးတွေကလည်း မှတ်ချက်တွေ အမြဲတမ်းပေးနေတာ။ တချို့ဒေသတွေ၊ တချို့တိုင်းဒေသကြီးတွေ၊ တချို့ပြည်နယ်တွေမှာ ဖမ်းဆီးရမိမှုက တစ်လလုံးနေလို့ တစ်ခုတောင်မှမရှိဘူး။ ဒါကို လည်းမှတ်ချက်တွေ ပေးနေတာ။ ဒါမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ရှိပြီးတော့ မဖမ်းတာမျိုးမဖြစ်ရအောင်၊ တစ်ဖက်မှာလည်း လုံခြုံရေးပိုင်းတွေ ပါမှာပေါ့” လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားပါတယ်။

ပြည်တွင်းမှာရောင်းချနေတဲ့ ထုတ်ကုန်အားလုံးရဲ့ ရာခိုင်နှုန်း ၉၀ လောက်က ပြည်ပက တင်သွင်းနေရတာဖြစ်ပြီး အဲဒီရာခိုင်နှုန်း ၉၀ လောက်ရဲ့ ထက်ဝက်ကျော်က တရားမဝင် ကုန်သွယ်မှုကနေ ဝင်ရောက်နေတာပါ။ ဒီလိုမျိုး အထူးအဖွဲ့တွေ ဖွဲ့ပြီး ဖမ်းနေပေမဲ့ မမိဘူးဆိုရင် ဘာတွေအားနည်း ချက်ရှိနေလဲ။ ခြစားမှုရှိနေတာလားဆိုတာ ပြန်ပြီးတော့ ဆန်းစစ်ရမယ့် အခြေအနေပါ။

ဦးသိန်းစိန်အစိုးရလက်ထက် စီးပွား/ ကူးသန်းဝန်ကြီး ဦးဝင်းမြင့် စွမ်းဆောင်ရည်

မြန်မာနိုင်ငံရဲ့ တရားဝင် ကုန်သွယ်မှု ကိန်းဂဏန်းတွေနဲ့ တရုတ်နိုင်ငံဘက်က တရားဝင်ကုန်သွယ်မှု ကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် တရားမဝင် ကုန်သွယ်မှုတွေက တရားဝင်ကုန်သွယ်မှုတွေရဲ့ အဆ ၂၀ လောက်အထိ ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ အစိုးရအဖွဲ့က စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တရုတ်နိုင်ငံဘက်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ကိုးကားပြီး ပြောခဲ့ပါတယ်။

အဲဒီလို များပြားနေတဲ့အတွက် တရားမဝင်ကုန်သွယ်မှုတွေကို တားဆီးထိန်းချုပ်ဖို့ မြန်မာနိုင်ငံမှာ တရားမဝင်ကုန်သွယ်မှု ပပျောက်ဖို့အတွက် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ (၉၇/၂၀၁၂)နဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ အဲဒီဗဟိုကော်မတီမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါတယ်။

Mobile Team အဖွဲ့ရှိစဉ်က တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးမိတဲ့ပမာဏတွေကို ကြည့်ရှုမယ်ဆိုရင် ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်အတွင်း  ၁-၁၁-၁၂ မှ ၃၁-၃-၁၃ အထိ အမှုတွဲ ၃၃၁၆၊ တန်ဖိုးကျပ်သန်းပေါင်း ၂၉၄၄ ဒသမ ၅၉၃၊ ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်အတွင်း အမှုတွဲ ၁၁၂၇၊ တန်ဖိုးကျပ်သန်းပေါင်း ၁၀၀၆၂ ဒသမ ၄၃၁၊ ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်အတွင်းအမှုတွဲ ၂၁၃၈၊ တန်ဖိုးကျပ်သန်းပေါင်း  ၁၂၁၉၈ ဒသမ ၆၉၆၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် (နိုဝင်ဘာလအထိ) အမှုတွဲ ၂၅၇၅၊ တန်ဖိုးကျပ်သန်းပေါင်း ၁၈၂၁၄ ဒသမ ၂၀၄ အထိ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းဆီးမိတယ်ဆိုရာမှာ Mobile Team မဖျက်သိမ်းမီအချိန်အတွင်း စုစုပေါင်း ဖမ်းဆီးရမိမှုကို ပြန်လည်ကြည့်မယ်ဆိုရင် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဖွဲ့စည်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာကစပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာအထိ တရားမဝင် ကုန်သွယ်မှုတွေနဲ့ ဆက်စပ်တဲ့ ကုန်ပစ္စည်းဖမ်းဆီးရမိမှု ပမာဏက ကျပ် ၅၃ ဘီလျံကျော်အထိ ရှိခဲ့ပါတယ်။

တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ Mobile Team ရဲ့ ဖမ်းဆီးမှုကြောင့် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ် လေးနှစ်အတွင်း ပြန်ကြည့်မယ်ဆိုရင် ကျပ်ခြောက်ဘီလျံနီးပါး တန်ဖိုးရှိတဲ့ ကျောက်မျက်/ကျောက်စိမ်း၊ သစ်မျိုးစုံ၊ ဟန်းဆက်စတဲ့ ပစ္စည်းတွေ ဖမ်းဆီးမိခဲ့ပြီး ကျောက်စိမ်း/ကျောက်မျက် ဖမ်းဆီးမှုက ကျပ်လေးဘီလျံနီးပါး ရရှိခဲ့တယ်လို့ ဖမ်းမိခဲ့တဲ့ ကျပ် ၅၃ ဘီလျံကျော်ထဲက အချက်အလက်တွေက ညွှန်းဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီလို Mobile Team နဲ့ ဖမ်းဆီးရာမှာဆိုရင် တရားမဝင် ကုန်သွယ်မှုတားဆီးရေးအဖွဲ့၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းစစ်ဆေးခဲ့ပြီး ရံဖန်ရံခါမှာ မီဒီယာအဖွဲ့အစည်းတွေကို ဖိတ်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏကို လေ့လာကြည့်မယ်ဆိုရင် နယ်စပ်ကုန်သွယ်မှု ပမာဏဟာ စုစုပေါင်း ကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၂၀ လောက်ရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုကတော့ စုစုပေါင်းကုန်သွယ်မှုရဲ့ ရာခိုင်နှုန်း ၈၀ ဝန်းကျင်ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်  Mobile Team ဖွဲ့စည်းစအချိန်မှာ နယ်စပ်ကုန်သွယ်မှုကိုပဲ ကြီးကြပ်နိုင်ခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် သြဂုတ်ကစပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို စတင်ဖမ်းဆီးခဲ့ပါတယ်။

ဦးဝင်းမြင့်လက်ထက်မှာ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်က ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု ဒေါ်လာ ၁၈ ဘီလျံလောက်ကနေ စတင်ခဲ့ပေမယ့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ ၂၇ ဘီလျံကျော်အထိ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု မြှင့်တင်နိုင်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ တရားမဝင် ကုန်သွယ်မှုတွေ၊ အထူးအခွင့်အရေးတွေနဲ့ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ် အခွန်ရှောင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေဘက်ကနေ ဦးဝင်းမြင့်ရဲ့ Mobile Team ကို နှစ်လိုမှု မရှိဘဲ တိုင်ကြားတာတွေ ရှိခဲ့သလို ဦးဝင်းမြင့်ရဲ့ လုပ်ဆောင်မှုတွေကို ကန့်ကွက်ကြတဲ့ လုပ်ငန်းရှင်အများအပြားရှိခဲ့ပေမဲ့ ဦးဝင်းမြင့်ဟာ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ကို ဒေါ်လာ ၁၀ ဘီလျံဖိုးလောက် ဆွဲတင်နိုင်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ တရားမဝင် ကုန်သွယ်မှုကနေ ကျပ် ၅၃ ဘီလျံကျော် ဖမ်းဆီးနိုင်ခဲ့တာကြောင့် အတိုက်အခိုက်တွေကြားက သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဂုဏ်ထူးမှတ်မထွက်ရင်တောင် အောင်မှတ်မကတဲ့ အောင်မြင်သော စွမ်းဆောင်ရည်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

NLD အစိုးရလက်ထက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး စွမ်းဆောင်ရည်

စစ်အာဏာရှင်လက်ထက်မှာ အခွင့်အရေး တစ်ပွေ့တစ်ပိုက်နဲ့ မှောင်ခိုတင်သွင်းပြီး အမြတ်ထုတ် အခွန်ရှောင်နေတဲ့ လုပ်ငန်းရှင်တွေကို ဝေဖန်တိုက်ခိုက်မှုမျိုးစုံထဲက ကြံ့ကြံ့ခံပြီး မှောင်ခိုကုန်သွယ်မှု တိုက်ဖျက်ခဲ့တဲ့ ဦးဝင်းမြင့်ကို ပြောပြီးချိန်မှာ ကုန်သွယ်မှုအတွက် အဓိကတာဝန်ရှိတဲ့ NLD အစိုးရလက်ထက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်လက်ထက် စွမ်းဆောင်ရည်ကို ကြည့်ဖို့လို ပါမယ်။

ဦးဝင်းမြင့်လောက် မခက်ခဲဘဲ စီးပွား/ကူးသန်းကို တာဝန်ယူခဲ့တဲ့ ဒေါက်တာသန်းမြင့်အနေနဲ့ စတင်တာဝန်ယူတဲ့ ပို့ကုန်သုံးဆမြှင့်တင်ရေးအိပ်မက်ကို မက်နေခဲ့ပေမဲ့ တကယ်တမ်းမှာတော့ လုပ်ဆောင်နိုင်မှုအား နည်းခဲ့ပါတယ်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၁ ဒသမ ၁၃ ဘီလျံရှိပေမဲ့ အနီးဆုံးဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ မှာ ဒေါ်လာ ၁၄ ဒသမ ၈၅ ဘီလျံလောက်ပဲ မြှင့်တင်နိုင်ခဲ့တာတွေ့ရပြီး သွင်းကုန်မှာတော့ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၆ ဒသမ ၅၇ ဘီလျံရှိပေမဲ့ အနီးဆုံးဘဏ္ဍာနှစ် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၈ ဒသမ ၆၈ ဘီလျံပဲ မြင့်တက်လာတာ တွေ့ရပါတယ်။

လက်ရှိ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကို ကြည့်မယ်ဆိုရင် ၂၀၁၉ ဧပြီကုန်အထိ စာရင်းအရ ပို့ကုန် ဒေါ်လာ ၉ ဒသမ ၈ ဘီလျံပဲ ရှိပြီး သွင်းကုန်ကတော့ ဒေါ်လာ ၁၀ ဒသမ ၄၇ ဘီလျံကျော်ပဲရှိပါတယ်။ ၂၀၁၉ မေလ ကုန် စာရင်းမှာတော့ ကုန်သွယ်မှုပမာဏက ဒေါ်လာ ၂၃ ဘီလျံရှိပြီး လျာထားချက်ဖြစ်တဲ့ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံကို ပြည့်မီဖွယ်မရှိသလို ပို့ကုန်သုံးဆမြင့်တက်အောင် စွမ်းဆောင်ပြဖို့ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်ပဲ ကျန်တော့ပေမယ့် တကယ်တမ်းမှာတော့ မဖြစ်နိုင်တော့ဘူးဆိုတာကို ကုန်သွယ်မှုကိန်းဂဏန်းတွေနဲ့ ဘက်စုံကျပ်တည်းမှုကြောင့် ကျဆင်းနေတဲ့ ပြည်သူတွေရဲ့ ဝယ်ယူသုံးစွဲနိုင်စွမ်းက သက်သေပြနေပါတယ်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ကြည့်မယ်ဆိုရင်လည်း လက်ရှိအချိန်ဖြစ်တဲ့ ၂၀၁၉ ခုနှစ် မေလအထိ ဖမ်းဆီးနိုင်မှုအမှုတွဲ ၅၉၄ ကြိမ်ကနေ ကျပ် ၁၀ ဒသမ ၃၇၁ ဘီလျံဖိုးလောက်ပဲ ဖမ်းဆီးနိုင်တာတွေ့ရပါတယ်။

“ဒီမှောင်ခိုကိစ္စ၊ တရားမဝင်ကိစ္စကလည်း ကျွန်တော်တို့အတွက် တော်တော်လေးကို အန္တရာယ်ရှိပါတယ်။ သွင်းရင်လည်း ပိုက်ဆံပေးရတာပဲ။ အထူးသဖြင့် စျေးသက် သာတဲ့ အရည်အသွေးညံ့တဲ့ ပစ္စည်းများကို နယ်ခြားဒေသကနေ တရားမဝင်တင်သွင်းမယ်ဆို ကျွန်တော်တို့စားသုံးသူတွေ ထိခိုက်နိုင်တယ်။ SNE Sectir တွေလည်း ထိခိုက်နိုင်တယ်။ အထူးသဖြင့် လက်ဖက်တောင်သူ ၊ အာလူးစိုက်တောင်သူတို့ ထိခိုက်တာတွေ ရှိပါတယ်။ တရားမဝင်ကုန်သွယ်ရေးမှာဆို ဒီပစ္စည်းတွေတင်မဟုတ်ဘဲ အများကြီးပါပဲ။ ဒါကို တားဆီးဖို့ အမျိုးမျိုးကြိုးစားနေသော်လည်း ယနေ့အထိတော့ အားရစရာအောင်မြင်မှု နည်းပါးပါသေးတယ်။ ဒါ့ထက်ပိုမိုကြိုးစားပြီးတော့ တိုင်းနဲ့ပြည်နယ်၊ ဗဟိုအစိုးရနဲ့ အထူးသဖြင့် ကုန်သည်များနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုပါတယ်။ တရားမဝင် ကုန်သွယ်မှုဆိုတာကလည်း တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ နယ်ခြားဒေသမှာ လက်နက်ကိုင်တွေလည်းရှိတယ်။ ပုံမှန်လမ်းကြောင်းကနေ သွေဖည်ပြီးသွင်းတာတွေ ရှိတယ်။ အနည်းစုသော လုပ်ငန်းရှင်များရဲ့ လောဘရမ္မက်ကြောင့် ဖြစ်တာတွေရှိပြီး ဘက်ပေါင်းစုံကနေ နိုင်ငံရဲ့ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှသာလျှင် အောင်မြင်မှာဖြစ်ပါတယ်။ သို့သော်လည်း တရားမဝင် ကုန်သွယ်မှုဟာ တရားဝင်ကုန်သွယ်ရေးရဲ့ ကျွန်တော်တို့တွက်ချက်မှုအရဆိုရင် ထက်ဝက်နီး ပါးလောက်၊ ၄၅ ရာခိုင်နှုန်းလောက် ရှိပါတယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ လုပ်ငန်းရှင်တွေ ဇွန်လအတွင်းက တွေ့ဆုံခဲ့တဲ့  ၂၈ ကြိမ်မြောက် တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

အခက်အခဲတွေ၊ တိုက်ခိုက်မှုတွေရဲ့ကြားကနေ Mobile Team ဖွဲ့ပြီး တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်ကို ဒေါ်လာ ၁၀ ဘီလျံဖိုးလောက် ဆွဲတင်ခဲ့တဲ့ ဦးဝင်းမြင့်ရဲ့ စွမ်းဆောင်ရည်နဲ့ လက်ရှိ စီးပွား/ကူးသန်းရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်မယ်ဆို ကိန်းဂဏန်းတွေရဲ့ ညွှန်းဆိုမှုအရ ဦးဝင်းမြင့်စွမ်းဆောင်ရည်က အပြတ်အသတ်သာနေတာကို တွေ့ရပါတယ်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးက ဘာတွေမှားနေလဲ

မြန်မာနိုင်ငံရဲ့ ပျမ်းမျှကုန်သွယ်မှု ပမာဏဟာ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၃၀ ပတ်လည်မှာ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ တရားမဝင်ကုန်သွယ်မှုဟာ တရားဝင်ကုန်သွယ်မှုရဲ့ ထက်ဝက်နီးပါးလို့ ဒေါက်တာသန်းမြင့်က ပြောကြားထားတဲ့အတွက် မှောင်ခိုကုန်သွယ်မှုဟာ နှစ်စဉ်ဒေါ်လာ ၁၅ ဘီလျံလောက် ရှိနိုင်ပြီး မြန်မာနိုင်ငံအတွက်ရမယ့် အခွန်ပမာဏ ကျပ်ဘီလျံရာပေါင်းများစွာ နစ်နာနေတယ်ဆိုတဲ့ အခြေအနေကို ညွှန်းဆိုနေပါတယ်။ မြန်မာနိုင်ငံရဲ့ GDP ဟာ တစ်နှစ်ကို ဒေါ်လာဘီလျံ ၆၀ ကျော်နဲ့ ၇၀ ကြားပဲရှိတဲ့ နိုင်ငံတစ်ခုမှာ တရားမဝင်ကုန်သွယ်မှုက GDP ရဲ့လေးပုံတစ်ပုံလောက် ရှိနေတာဟာ နစ်နာမှု ဘယ်လောက်ကြီးနေလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။

ဒီလိုမျိုး နစ်နာနေရပေမယ့် မှောင်ခိုကုန်သွယ်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု မရှိတာဟာ အ့ံသြစရာဖြစ်သလို တစ်လလုံးနေမှ တစ်မှုတောင်မမိတဲ့ မှောင်ခိုကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့တွေကို စစ်ဆေးပြီး ခြစားမှုရှိနေရင် ဖော်ထုတ်အရေးယူတာမျိုး လုပ်ဆောင်မှု မမြင်ရတာက ပိုပြီးတော့ အ့ံသြစရာ ကောင်းလှပါတယ်။

မှောင်ခိုကုန်သွယ်မှုကြောင့် နစ်နာနေရတဲ့အထဲမှာ မြန်မာတစ်မျိုးသားလုံးအတွက် နစ်နာတဲ့ဆိုးကျိုးကို ပြောရမယ်ဆိုရင် ၀ိုင်နဲ့ အရက်တင်သွင်းမှုကို ပြောရမှာပါ။

၂၀၁၇ ခုနှစ်က စာရင်းတွေအရ မြန်မာနိုင်ငံမှာ အရက်သောက်သူ ၁၉ ဒသမ ၈ ရာ ခိုင်နှုန်း (၄ ဒသမ ၇ သန်း)နဲ့ အရက်အလွန်အကျွံသောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိနေပြီး အမျိုးသား၊ အမျိုးသမီး၊ လူငယ်တွေမှာ အရက်သောက်သုံးမှုနှုန်းဟာ တရှိန်ထိုးမြင့်တက်လာနေတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဟာ အလုပ်လုပ်နိုင်စွမ်းမြင့်မားတဲ့ အသက်အရွယ်တွေ များတယ်ဆိုပြီး ဂုဏ်ယူနေတဲ့ နိုင်ငံအတွက်တော့ စိတ်ပျက်စရာ ဖြစ်ရပ်ပါ။ ပိုပြီးတော့ ဆိုးနေတာက အရက်သောက်သုံးမှုတွေရဲ့ ရာခိုင်နှုန်း ၇၀ က တရားဝင်တင်သွင်းထားတာမဟုတ်တဲ့ အရည်အသွေးမမီအရက် တွေဖြစ်နေတာပါ။ အဲဒီအချိန်က စာရင်းတွေအရပဲ မြန်မာနိုင်ငံဆီကို တရားမဝင်ဝင်လာတဲ့အရက်တွေနဲ့ ပြည်တွင်းမှာ တရားဝင် ထုတ်လုပ်ခွင့်ပြုထားတဲ့ အရက်တွေကို ပြန်ကြည့်မယ်ဆိုရင် အရက်တံဆိပ်အမျိုး အမည်ပေါင်း ၁၃၀ လောက်ရှိနေပြီးတော့ အဲဒီအရက်တွေမှာဆို အရက်ဆီဟာခွင့်ပြုထားတဲ့ ပမာဏထက် ပိုပြီးပါဝင်နေတာကို တွေ့ရပါတယ်။

ဒီလိုမျိုး တရားမဝင် ဝင်ရောက်နေတဲ့ အရက်ဟာဆိုရင် အရက်တင်သွင်းခွင့် တရားဝင် ခွင့်ပြုမထားတဲ့ မြန်မာနိုင်ငံအတွက် အခွန်ရာနှုန်းပြည့် နစ်နာနေတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီလိုပဲ ၀ိုင်တင်သွင်းမှုမှာဆိုရင်လည်း တရားဝင်တင်သွင်းခွင့်ပြုထားပေမဲ့ မမှန်မကန်တင်သွင်းနေတာတွေကို စိစစ်အရေးယူနိုင်မှုမရှိတာကြောင့် အမှန်တကယ်ရရှိမယ့် အခွန်ရဲ့ ငါးပုံတစ်ပုံပဲရရှိနေတယ်လို့ မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း (MLA- Myanmar Liquor Association)က သတင်းစာရှင်းလင်းရာမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ယစ်မျိုးလိုင်စင်ပေါင်း  လေးသောင်းကျော် ခွင့်ပြုထားပြီး အဲဒီလိုခွင့်ပြုထားတဲ့ ယစ်မျိုးလိုင်စင်တွေအပြင် အရက်၊ ဘီယာရောင်းနေတဲ့ Liquor ဆိုင်လေးတွေကလည်း နေရာအနှံ့မှာ ဆိုင်တိုင်းမှာ တွေ့မြင်နေရတာပါ။ ဒီလိုမျိုးတွေ့မြင်နေတဲ့ ဆိုင်တိုင်းမှာ တရားမဝင်တင်သွင်းလာတဲ့ အရက်တွေ၊ ၀ိုင်တွေကလည်း လက်ညှိုးထိုးမလွဲပါ။ ဒီလိုမျိုး လက်ညှိုးထိုးမလွဲတဲ့ အရက်၊ ဘီယာ၊ ၀ိုင်တွေနဲ့ ပတ်သက်ရင် နယ်စပ်ကဝင်နေတာတွေ ရှိသလို အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းတွေက ဝင်နေတာတွေလည်း ရှိနေပါတယ်။ နိုင်ငံတကာစျေးကွက်သုတေသနအဖွဲ့ euromonitor International အဖွဲ့ရဲ့ စစ်တမ်းတစ်ခုအရဆိုရင် မြန်မာနိုင်ငံဟာ တရားမဝင် ဘီယာတင်သွင်းမှု တစ်ခုတည်းကနေ ၂၀၁၆ ခုနှစ်မှာ အခွန်အခ ဒေါ်လာ ၄၈ သန်းကနေ ၅၂ သန်းကြား နစ်နာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး မှောင်ခိုတင်သွင်းမှုကြောင့် ဘီယာတစ်ခုတည်းကနေကို ဒေါ်လာသန်း ၅၀ လောက် နစ်နာခဲ့တယ်ဆိုရင် ရာနှုန်းပြည့် အခွန်နစ်နာနေပြီး တရားမဝင်တင်သွင်းနေတဲ့ အရက်တင်သွင်းမှုကနေ မြန်မာနိုင်ငံက         ရသင့်တဲ့ အခွန်အခနစ်နာမှုဟာ ဒေါ်လာသန်းရာနဲ့ချီ ရှိနေနိုင်ပါတယ်။

ဒီလိုမျိုး နစ်နာနေတဲ့အပြင် တစ်ဖက်မှာလည်း တရားဝင်အခွန်ထမ်းဆောင်နေရတဲ့ မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းက တရားဝင်ထုတ်လုပ် ရပ်တည်ပြီး အခွန်ဆောင်နေရတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း နစ်နာပါတယ်။ မြန်မာနိုင်ငံ ယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်းရဲ့ ထုတ်ပြန်ချက်အရ သူတို့အသင်းဝင်တွေဟာ လက်ရှိမှာ ဘဏ္ဍာနှစ်တစ်နှစ်ကို ကျပ်ဘီလျံ ၁၈၀ လောက် အခွန်ထမ်းနေတယ်လို့ဆိုပါတယ်။ တကယ်လို့သာ အရက်၊ ဘီယာ၊ ၀ိုင်တွေကိုသာ စနစ်တကျဖမ်းဆီး နေမယ်ဆိုရင် တရားဝင်လမ်းကြောင်းပေါ်ကို အရက်၊ ဘီယာ၊ ၀ိုင် တရားဝင်တင်သွင်းမှု ဖြစ်လာစေမယ်ဆိုရင် မြန်မာနိုင်ငံဟာ အရက်၊ ဘီယာ၊ ၀ိုင်ကနေ ကျပ်ဘီလျံ ၅၀၀ လောက်ရနိုင်မယ့် အခြေအနေကို ဖန်တီးလာနိုင်မှာဖြစ်ပါတယ်။

ဦးသိန်းစိန်လက်ထက်မှာဆိုရင် မှောင်ခိုကုန်သွယ်တင်သွင်းနေတဲ့ တရားမဝင် အရက်၊ ဘီယာ၊ ၀ိုင်တွေကို ဖမ်းဆီးဖို့အတွက် Mobile Team ဟာ လုပ်ငန်းရှင် ၄၀ လောက်ကို စနစ်တကျလေ့လာပြီးမှ ဖမ်းဆီးခဲ့တာမျိုးရှိပေမယ့် လက်ရှိအစိုးရလက်ထက်မှာ ဒီလိုမျိုးပြင်ဆင်မှုတွေ မတွေ့ရသလို တစ်ဖက်မှာလည်း စနစ်တကျ ပွင့်လင်းမြင်သာတဲ့ မှောင်ခိုကုန်သွယ်မှုဖမ်းဆီးရေး လုပ်ဆောင်မှုတွေတွေ့မနေရပါဘူး။

ဒီလိုမျိုး တရားမဝင်ကုန်သွယ်မှုတွေကို လျစ်လျူရှုထားသလိုမျိုး လုပ်နေမယ်ဆိုရင် ဘယ်လိုကုန်ပစ္စည်းမျိူးဖြစ်ဖြစ် ခိုးသွင်းနေတာကို ခွင့်ပြုထားမယ်ဆိုရင် မြန်မာနိုင်ငံဆီကို ဘယ်လိုကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ FDI တွေကမှ လာမှာမဟုတ်သလို ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း အစိုးရရဲ့ အားနည်းတဲ့ စွမ်းဆောင်ရည်ကြောင့် တန်းတူယှဉ်ပြိုင်မှုမရှိဘဲ Level Playing Field ပျောက်ရှနေတဲ့ အခြေအနေမှာ မှောင်ခိုတင်သွင်းလာသူတွေကို စျေးကွက်ပြိုင်နိုင်ဖို့အတွက် အခွန်ရှောင်တာ၊ ကုန်ပစ္စည်းအရည်အသွေး လျှော့ချတာတွေပဲ လုပ်ဆောင်လာတာကိုပဲ ကြုံရမှာပါ။

အားနည်းတဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေးဟာ သူခိုးအားပေးတဲ့ စျေးကွက်နဲ့ မြန်မာ့သယံဇာတတွေကို ထုတ်ယူမယ့် FDI တွေကိုပဲ စွဲဆောင်နိုင်မှာဖြစ်ပြီး ကမ္ဘာ့အဆင့်မီစက်မှု ထုတ်ကုန်လုပ်ငန်းတွေ ဝင်ရောက်ဖို့အတွက်တော့ ဘယ်လိုပဲ ကြိုးပမ်းကြိုးပမ်း ဖြစ်လာမှာ မဟုတ်ပါဘူး။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင် NLD အစိုးရလက်ထက်မှာ ပို့ကုန်သုံးဆအိပ်မက်တွေ မက်လာပေမဲ့ ဖြစ်မြောက်လာမှု မရှိသလို တရားမဝင်ကုန်သွယ်မှုတွေကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်တဲ့ အခြေအနေတစ်ခုကို မတွေ့ရပါဘူး။ ပိုပြီးဆိုးတာက နယ်စပ်ကနေ တရားမဝင်တင်သွင်းလာနေတဲ့ အရက်၊ ဘီယာ၊ ၀ိုင်တွေကို ပြည်တွင်းစျေးကွက်ဆီ ရောက်လာပြီဆိုရင် တရားဝင်လို ရောင်းနေတာကို လျစ်လျူရှုထားတာပါ။ နယ်စပ်မှာ လက်နက်ကိုင်တွေ ရှိနေလို့ အခြေအနေအရ ဖမ်းဆီးနိုင်မှု မရှိဘူးဆိုရင် ပြည်တွင်းစျေးကွက်ထဲ တရားမဝင်ရောက် လာချိန်မှာ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုးအရေး ယူနိုင်မှုလည်းမရှိ လုပ်ဆောင်နိုင်မှုမရှိဘဲနဲ့ ပို့ကုန်သုံးဆ အိပ်မက်မက်နေရင်တော့ ဒီအိပ်မက်ဟာ ရေမှာအရုပ်ရေးသလိုပဲ ဖြစ်နေမှာပါ။                                   

              

 

Most Read

Most Recent