အဂတိကင်းတဲ့အစိုးရ ဖွဲ့နိုင်ပြီလား

အဂတိကင်းတဲ့အစိုးရ ဖွဲ့နိုင်ပြီလား
NLD အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း နုတ်ထွက်၊ အနားယူခဲ့သည့် အစိုးရအဖွဲ့စာရင်း
NLD အစိုးရသက်တမ်း သုံးနှစ်ကျော်အတွင်း နုတ်ထွက်၊ အနားယူခဲ့သည့် အစိုးရအဖွဲ့စာရင်း
Published 28 July 2019
ဆန်းမိုးထွန်း

(၁)

“ကျွန်တော် ဝန်ကြီးချုပ်ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ဝန်ကြီးချုပ် မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်” ဝန်ကြီးချုပ်ဟောင်း ဦးနု

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ ဦးနုက သူအဂတိ ကင်းရှင်းကြောင်းကို ရဲရဲကြီး အာမခံခဲ့ဖူးပါတယ်။

၁၉၆၂ ခုနှစ် မြန်မာနိုင်ငံမှာ ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးပိုင်း တာဝန်ယူခဲ့တဲ့ ခေတ်အဆက်ဆက် အစိုးရအဖွဲ့ဝင်တွေကြားမှာ အဂတိနဲ့ပတ်သက်လို့ သတ္တိရှိရှိ အာမခံရဲတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုလိုပုဂ္ဂိုလ်မျိုး မမြင်ရတာ နှစ်ပေါင်း ၅၆ နှစ်ကျော် ကြာခဲ့ပါပြီ။

ဆိုရှယ်လစ်ခေတ်၊ နဝတ/နအဖခေတ်၊ ဦးသိန်းစိန်ခေတ်နဲ့ အခု NLD အစိုးရ လက်ထက်အထိ အဂတိနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ဝင်တွေထဲက ရဲရဲကြီး အာမခံရဲတဲ့သူ မထွက်ပေါ်လာသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အကူးအပြောင်း ကာလလို့ ခေါ်ဆိုကြတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း အဂတိမကင်းတဲ့ ဖြစ်စဉ်တွေက သူတို့အစိုးရ ဆင်းသွားပြီးချိန်မှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်။

ဥပမာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော်ကို အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ အသင်းချုပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး အလွဲသုံးစား ပြုလုပ်ခဲ့မှုအပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားတာတွေ၊ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ခဲ့တဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလျံ ရန်ပုံငွေကို အစိုးရအဖွဲ့သစ်ထံ လွှဲပြောင်းမပေးခဲ့မှုတွေက သိသာထင်ရှားလှတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

နောက်ပိုင်း မကွေးတိုင်းကိစ္စကို ပြည်ထောင်စုဝန်ကြီးရဲ့ အကြံပြုချက်အတိုင်း ပြည်ထောင်စုအစိုးရရဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့ကစစ်ဆေးရာမှာ ပျောက်ဆုံးနေတဲ့ ငွေကျပ် ၂ ဒသမ ၈ ဘီလျံ မဟုတ်ဘဲ ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလျံကျော်ကြောင်း တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဲဒီငွေတွေကို အရစ်ကျ ပြန်ဆပ်ခဲ့ပြီးပေမယ့် သမိုင်းမှာတော့ အမည်းစက်က ဖျောက်ဖျက်လို့ မရတော့ပါဘူး။

(၂)

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အစိုးရအဖွဲ့ကို အဂတိကင်းစင်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၅ ရက်က တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)မှာ ပြုလုပ်တဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဂတိကင်းစင်တဲ့ အစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

“စီးပွားရေးနဲ့ ပတ်သက်လို့၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ အထူးသတိထားဖို့ လိုပါတယ်။ အဂတိလိုက်စားမှု ဆိုတာ အဲဒီက စတာပဲ။ အစိုးရက အဂတိလိုက်စားမှု မကင်းရင် စီးပွားရေးကလည်း အဂတိလိုက်စားမှု ကင်းမှာမဟုတ်ပါဘူး။ သန့်ရှင်းတဲ့ အစိုးရနဲ့စပြီး သန့်ရှင်းတဲ့ စီးပွားရေးစနစ်ကို ထူထောင်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၈ ရက်က တော်ဝင်နှင်းဆီမှာပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာလည်း ငွေရေးကြေးရေး ပြဿနာကို ဖြေရှင်းရာမှာ မှားသွားပါက ဥပဒေအရ အရေးယူမှာဖြစ်ပြီး ရဲဘော်ရဲဘက် ဖြစ်တာကြောင့် ထောင်ဝင်စာ လာတွေ့မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြေညာစာတမ်းမှာလည်း “အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်” လို့ ဖော်ပြထားပါတယ်။

ဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အတိအလင်း ဖော်ပြခဲ့သလို NLD အစိုးရမဖွဲ့မီ အချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သတိပေး ပြောကြားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အစိုးဖွဲ့ပြီး မကြာခင် သင်္ကြန်ကာလမှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ သွေးတိုးစမ်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

၂၀၁၆  ခုနှစ် သင်္ကြန်ကာလမှာ အစိုးရအဖွဲ့ဝင် အရေးကြီးပုဂ္ဂိုလ် တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိကို ငွေကျပ် သိန်း ၅၀ လက်ဆောင်ပေးတဲ့ကိစ္စ ဖြစ်ပေါ်ခဲ့ပေမယ့် ထိထိရောက်ရောက် အရေးယူခြင်း မရှိတဲ့အပြင် သတိပေးရုံသာ လုပ်ခဲ့တာကြောင့် ပြည်သူတွေကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။

ဒီကိစ္စဖြစ်ပွားပြီးနောက်ပိုင်း အဲဒီအချိန်တုန်းက နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားတဲ့ “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းအစိုးရတွေဆီ ၂၀၁၆ ဧပြီ ၁ ရက်စွဲနဲ့ ပေးပို့ဖြန့်ဝေခဲ့ပါတယ်။

အဲဒီလမ်းညွှန်ချက်ထဲမှာ အစိုးရအဖွဲ့ဝင်များ အနေနဲ့ မိမိရာထူးကြောင့် ပေးအပ်တယ်လို့ ယူဆရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံကနေ ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရလို့ သတ်မှတ်ပြီး ကျန်ပုဂ္ဂိုလ် အဖွဲ့အစည်းများပေးပါက တစ်ကြိမ်ကို ကျပ်နှစ်သောင်းခွဲထက်မပိုဘဲ တစ်နှစ်အတွင်း ကျပ်တစ်သိန်းထက် မပိုတဲ့ လက်ဆောင်ပစ္စည်းများနဲ့ အခါကြီးရက်ကြီးတွေမှာ ဂါရဝပြု ပေးအပ်ပါက ကျပ်တစ်သိန်းထက် မပိုတဲ့ လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုတယ်လို့ ပါရှိပါတယ်။

(၃)

“လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ထုတ်ပြန်ပြီး မကြာခင်အချိန်မှာပဲ လွှတ်တော်ဘက်ပိုင်းကလည်း  ၂၀၁၆ ခုနှစ် သြဂုတ် ၁၀ ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ “နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဒီအဆိုကို နှစ်ရက်ကြာ အချိန်ယူပြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက တက်တက်ကြွကြွ ထောက်ခံဆွေးနွေးခဲ့ပြီးတဲ့ နောက်မှာတော့ အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၇၀ မဲရရှိကာ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ မရှိဘဲ ပြည်သူ့လွှတ်တော်က အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

“အဆိုကို လွှတ်တော်က အတည်ပြုလိုက်နိုင်တယ်ဆိုတော့ ဒီအဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ တာဝန်ရှိသွားတဲ့သဘော ဖြစ်သွားပြီ” လို့ အဆိုရှင်ဖြစ်သူ ဒေါက်တာသန်းဝင်းက လွှတ်တော်အစည်းအဝေး အပြီးမှာ မီဒီယာတွေကို  ပြောပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁၀ ရက်ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာမှာ စိန်ခေါ်မှုတွေအနက် အဓိကအကျဆုံးက အဂတိလိုက်စားမှု ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“စိန်ခေါ်မှုတွေအနက် အဓိကအကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို၊ သတိပြုမိဖို့လည်း ခက်ပါတယ်။ ဒီကိစ္စဟာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေသေး တာကတော့ ယုံမှားသံသယ မရှိနိုင်ပါဘူး။ အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီး တစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ ထို့ပြင် အဂတိ လိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့ အကျိုးကို အများအကျိုးအထက်မှာ ထားရှိခြင်း ဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” လို့  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အဲဒီနောက်ပိုင်း NLD အစိုးရ လက်ထက်မှာ သမ္မတဟောင်း ဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ အမြင့်ဆုံး တရားစွဲဆိုမှုအဖြစ် သိန်းထောင်ချီ လာဘ်စားမှုကြောင့် ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုနဲ့ ပြည်ထဲရေး အရာရှိများ အပါအဝင် စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူ ခြောက်ဦးကတော့ အရင်အစိုးရ လက်ထက်မှာ ဒုတိယအမြဲတန်း အတွင်းဝန်တာဝန် ယူခဲ့ဖူးတဲ့ ဦးပြုံးချိုဟာ လက်ရှိမှာ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက်ထပ်ပါဝင် သူတွေကတော့  ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးရုံးက ဒုတိယရဲမှူးကြီးတစ်ဦး၊ ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊ ဦးစီးအရာရှိ တစ်ဦးနဲ့ မြေပိုင်ရှင် ကိုယ်စားလှယ် လွှဲအပ်ခံထားရသူ နှစ်ဦးပါတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။

(၄)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုကို အတည်ပြုခဲ့ပြီး တစ်နှစ်နဲ့ သုံးလကျော်အကြာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က သမ္မတဦးထင်ကျော်က ပြန်လည်ဖွဲ့စည်း ပေးခဲ့ပါတယ်။

ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အရင်ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်ကြည်ကို တာဝန်ပေးအပ် လိုက်ပါတယ်။ NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါး ရှိလာတဲ့ အချိန်ရောက်မှ  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းတာပါ။

ဒီလိုအချိန်မှာပဲ NLD အစိုးရ လက်ထက်မှာ နိုင်ငံရေးအရ အကြီးမားဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကတော့ NLD အစိုးရသက်တမ်း နှစ်နှစ်ပြည့်ခါနီးအချိန်မှာ သမ္မတဟောင်း ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီး သမ္မတသစ်အဖြစ် ဦးဝင်းမြင့်ကို တင်မြှောက်ခဲ့ပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်အနေနဲ့ ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ပထမဦးဆုံး မိန့်ခွန်းပြောကြားရာမှာ ဦးစားပေးရည်မှန်းချက် ပန်းတိုင်သုံးခုနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ကို ပြောကြားခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့် အနေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် ရှစ်ချက်ထဲမှာ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရေးကို လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ သူပြောကြားခဲ့တဲ့ စကားအတိုင်း ဧပြီ ၁၁ ရက်မှာတော့ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနဲ့ လုပ်ငန်းတာဝန်တွေကို တိတိကျကျ မှန်မှန်ကန်ကန် ပိုမိုလုပ်ဆောင်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့် အာဏာအရှိန်အဝါ ရှိသူတွေရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ၊ စွပ်စွဲခံရသူဘက်က အကာအကွယ်ပေးမှုတွေရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဖို့လည်း သမ္မတက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က နိုင်င့ံဝန်ထမ်း တစ်ဦးဦးကို တရားစွဲဆို အရေးယူရာမှာ မကြန့်ကြာစေဖို့ ဌာနဆိုင်ရာတွေက ခွင့်ပြုချက် အမြန်ဆုံး ထုတ်ပေးရမယ်လို့ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနတွေကို ဧပြီ ၁၉ ရက်က ညွှန်ကြားခဲ့ပါတယ်။

(၅)

သမ္မတနဲ့ ကော်မရှင်တို့တွေ့ဆုံပြီး မကြာခင်မှာပဲ ရာထူးအမြင့်ဆုံး အစိုးရအရာထမ်း တစ်ဦးဖြစ်တဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးအရေးယူ ခဲ့ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ အဆောက်အအုံ အရည်အသွေး ပြည့်မီမှု မရှိခြင်း၊ ဌာနအကြီးအကဲအချို့ရဲ့ ပြည်သူ့ဘဏ္ဍာတွေအပေါ် ကိုယ်ကျိုးသုံးစွဲမှုတွေကို ဖော်ထုတ်စစ်ဆေးပေးဖို့ တိုင်ကြားလာတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့တယ်လို့ ကော်မရှင်ရုံးက ထုတ်ပြန်ပါတယ်။

ဒီလို စစ်ဆေးရာမှာ ဒေါက်တာသန်းထွဋ်အနေနဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုပြီး ၂၀၁၇ ခုနှစ်အတွင်း သူပိုင်ဆိုင်တဲ့ မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနဲ့ ရေပန်းတစ်ခု စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၁၅၀၀ ကျော်ကို တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီဆီကနေ တောင်းခံရယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။

သမ္မတ ဦးဝင်းမြင့်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ နောက်ထပ်ခြေလှမ်း တစ်ခုအဖြစ် သမ္မတနဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုကို ပြည်ထောင်စု လွှတ်တော်နာယကဆီ တင်ပြထားပြီးပြီလို့ နိုင်ငံတော်သမ္မတရုံးက မေ ၈ ရက် ကြေညာခဲ့ပါတယ်။

(၆)

သမ္မတဦးဝင်းမြင့် လက်ထက်မှာ အားနည်းနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုလည်း ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါတယ်။ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကျော်စောသတင်း ထွက်နေသူတွေအပေါ် ကော်မရှင်အနေနဲ့ သတင်းရရှိပါက စုံစမ်းစစ်ဆေးနိုင်မယ့် အချက်ကို ဖြည့်စွက်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ၂၀၁၈ ဇွန် ၂၂ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့တာပါ။

“အခုအတည်ပြုလိုက်တဲ့ ဥပဒေနဲ့ အရင်ဥပဒေနဲ့က အများကြီး ကွာခြားသွားပါတယ်။ အလုပ်လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေနဲ့ အင်နဲ့အားနဲ့ လုပ်လို့ရတဲ့ အနေအထား ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ဒီဥပဒေထဲမှာ ပေးတာယူတာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်မယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေတွေ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ ဆုံးရှုံးနေမယ်ဆိုရင် ဒါကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်တယ်။ ငြိစွန်းနိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် အများကြီး ကျယ်ပြန့်သွားမယ်။ နိုင်ငံတကာ အဆင့်နဲ့လည်း ညီသွားမယ်” လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မှတ်ချက်ပြုပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်နဲ့ ကော်မရှင်သစ် လက်ထက်မှာ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဖိဖိစီးစီး လုပ်ကိုင်လာတဲ့အတွက် ပြည်ထောင်စုအဆင့် ငါးကြီးကြီးတွေကို ကြော်ပြနိုင်မလားဆိုပြီး ပြည်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် မေ ၁၂ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) တို့က စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ကြားလာမှုအရ ကော်မရှင်နဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို စစ်ဆေးတဲ့အပြင် သူ့ရဲ့သားဖြစ်သူကိုပါ ဆက်စပ်စစ်ဆေးနေတယ်လို့ ကနဦး သတင်းထွက်ခဲ့ပါတယ်။

ဒီကိစ္စအပေါ်မှာ တရားဝင် သတင်းထုတ်ပြန်ပေးမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ဆိုထားပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ မေ ၁၃ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခြောက်ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသလို တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ပြည့်စုံဖို့ ကြိုတင်စုံစမ်းမှု ၁၈ မှုကို ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ကော်မရှင်က စစ်ဆေးဆဲအမှုတွေကို လျှို့ဝှက်ထားရှိ ဆောင်ရွက်နေတာကြောင့် အမှုဖြစ်စဉ်တွေကို အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအချိန်တုန်းက နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စုံစမ်းစစ်ဆေးနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က ဘာမှပြောဖို့ မရှိဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ် မေ ၂၂ ရက်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကို ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ တိုင်ကြားထားတယ်လို့ သတင်းထပ်ထွက်လာပါတယ်။

အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ သတင်းထွက်လာတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ တိုင်ကြားခံရတဲ့ အခြေအနေအပေါ် အစိုးရနဲ့ ကော်မရှင်ဘက်က ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုမှု မရှိခြင်းနဲ့ ပြည်သူသိအောင် ချပြခြင်း မရှိတဲ့အပေါ် အုံနဲ့ကျင်းနဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီလိုဝေဖန်မှုတွေ ရှိလာတဲ့အတွက်  ၂၀၁၈ မေ ၂၃ ရက်က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေး အပြီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို တိုင်ကြားမှုရှိတာကြောင့် စုံစမ်းစစ်ဆေးခဲ့ပြီး ရလဒ်ကို သမ္မတဆီ အစီရင်ခံတင်ပြဖို့ ဆောင်ရွက်နေတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“တိုင်ကြားမှု ရှိခဲ့ပါတယ်။ (တိုင်ကြားမှုနဲ့ ကိုက်ညီမှုရှိ မရှိ) ဒါ ပြောလို့ မရသေးဘူး။ ဆုံးဖြတ်ချက်ပြီးမှပဲ ကျွန်တော်တို့ တကယ့်တကယ် အဲဒီကိစ္စဆိုရင် ပြီးသလောက် ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော်တို့လုပ်တာ။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ ရက်နေ့မှာ ရောက်တယ်။ ၇ ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ ပြီးတာနဲ့ အမြန်ဆုံးစစ်တယ်။ ခုနက ပြောသလို သက်သေယူရတာ ရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်း ကြည့်ရတာတွေရှိတယ်။ အဲဒါပြီးသွားတဲ့ အချိန်မှာ အခုဆို ပြီးသလောက် ဖြစ်နေပြီ။ မကြာခင်မှာ ပထမဆုံး လုပ်ရမယ့် အလုပ်က နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေဆီကို အစီရင်ခံစာ တင်ရမယ်။ အဲဒါကို ဆောလျင်စွာ တင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေပါတယ်” လို့ ဦးအောင်ကြည်က ဆိုပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ပြောကြားပြီး နှစ်ရက်အကြာ မေ ၂၅ ရက်မှာတော့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ သူ့ရဲ့သဘောဆန္ဒအရ ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန့်စာထဲမှာ ဦးကျော်ဝင်းရဲ့ သဘောဆန္ဒအရ ပြည်ထောင်စုဝန်ကြီး ရာထူးကနေ နှုတ်ထွက်ခွင့် ပြုလိုက်တာဖြစ်ပြီး တခြားအကြောင်းအရာ ကိစ္စရပ်တွေကိုတော့ ထည့်သွင်းထားတာ မရှိပါဘူး။

သမ္မတရုံးကနေ အမိန့်စာ ထုတ်ပြန်ပြီးနောက်ပိုင်း ဒီအပေါ်မှာ ထင်မြင်ယူဆချက် အမျိုးမျိုး ရှိခဲ့သလို ဝေဖန်မှု အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံထားရတဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ယောက်ကို ဘယ်လိုစိစစ်ပြီး ကျူးလွန်ခြင်း ရှိ၊ မရှိ မသိသေးချိန်မှာ အရင်အစိုးရ လက်ထက်တွေတုန်းကလို မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတဲ့ ပုံစံမျိုး လုပ်လာတာကြောင့် NLD အစိုးရအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသိပေးတင်ပြချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဦးကျော်ဝင်းနဲ့ ပတ်သက်လို့ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၈ မေ ၂၅ ရက်မှာ နိုင်ငံတော်သမ္မတရုံးဆီ တင်ပြအစီရင်ခံပြီး ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ ကိစ္စကလွဲလို့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်များကို သင့်လျော်တဲ့ အချိန်မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ထုတ်ပြန်ချက် ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ဦးကျော်ဝင်းကိစ္စဟာ အခိုးအငွေ့တစ်ခုလို လေထဲမှာ ပျောက်ကွယ်သွားပါတယ်။ ဘယ်လိုအကြောင်းအရာတွေ ဖြစ်ခဲ့တယ်။ ဘယ်လိုကိစ္စတွေကို ကျူးလွန်ခဲ့တယ် ဆိုတာတော့ စစ်ဆေးသူတွေကလွဲပြီး ပြည်သူတွေ မသိရှိခဲ့ကြပါဘူး။

(၇)

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုကြီး တစ်မှုကို NLD အစိုးရလက်ထက်မှာ ထပ်မံဖော်ထုတ် နိုင်ခဲ့ပါတယ်။

အဓိကကတော့ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်တာကို ရုံးချိန်းသုံးချိန်း စစ်ဆေးပြီးချိန်မှာ ကျူးလွန်သူတွေကို တရားရှင် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ အရှေ့ပိုင်းခရိုင် တရားရုံးက ပြန်လွှတ်ပေးခဲ့တာပါ။

ဒီကိစ္စအပေါ် ရည်ညွှန်းပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ကျွန်တော်တို့ ဘဝမှာ တစ်သက်လုံးက မကြားခဲ့ရတဲ့ တရားရုံးအမိန့်တွေ ကြားနေရတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ အမှုလိုက်တဲ့ နှစ်ပေါင်း မနည်းဘူး။ ဒါမျိုးအမိန့်မျိုး တစ်ခါမှ မကြားဖူးသေးဘူး။ ဒါကိုလည်း ကျွန်တော် အလေးအနက်ထားမှာပါ” လို့ ဇူလိုင် ၂၈ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်းနဲ့ ပတ်သက်ပြီး သမ္မတအိမ်တော်မှာ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၁ ရက်က ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့ကို သမ္မတက ခေါ်ယူတွေ့ဆုံပြီး အမှုရုပ်သိမ်းခြင်းရဲ့ နောက်ခံအကြောင်းရင်းနဲ့ တခြားဆက်နွယ် ပတ်သက်မှုများကိုပါ တိတိကျကျ စိစစ်ပြီး ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ မှာကြားခဲ့ပါတယ်။

နောက်ပိုင်း အောင်ရဲထွေး အမှုမှာ အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းပျံ့နှံ့ခဲ့တဲ့အတွက်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီလိုသတ်မှတ်ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အမှုရုပ်သိမ်းခွင့်ပြုတဲ့ ကိစ္စမှာ တရားခံတွေရဲ့ မိဘဆီကနေ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်များ ရယူပြီး တရားလိုပြ သက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးခဲ့ကြောင်း၊ တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြ သက်သေများက မထွက်ဆိုနိုင်ဖို့ အခြေအနေကို ဖန်တီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိ သုံးဦး၊ ခရိုင်တရားသူကြီး တစ်ဦးနဲ့ ရဲအရာရှိတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်က အမှုဖွင့် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးနဲ့  ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နဲ့ ရဲအုပ်ချစ်ကိုကိုကို ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ပါတယ်။

သမ္မတရဲ့ ကြားဝင်မှုကြောင့် တိုင်းဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိ သုံးဦး၊ ခရိုင်တရားသူကြီး တစ်ဦးနဲ့ ရဲအရာရှိ တစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်နိုင်ခဲ့တဲ့အပေါ် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။

ဆက်တိုက်ဆိုသလိုပဲ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှာ တနင်္သာရီတိုင်း ဒေသခံတွေက ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ အဂတိလိုက်စားမှုတွေကို အစိုးရအဖွဲ့နဲ့ ပါတီထံ တိုင်ကြားစာများ ပေးပို့ခဲ့ပါတယ်။

ဒီကိစ္စအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးများကို လျှို့ဝှက်လုပ်ဆောင်ခဲ့ပြီး နှစ်လကျော်အကြာမှာ ဒေါက်တာလဲ့လဲ့မော်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများနဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒီလို အမှုဖွင့် အရေးယူခံရသူတွေထဲမှာ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နဲ့ ဦးသူရအုံတို့လည်း ပါဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထားဝယ်မြို့မရဲစခန်းမှာ ဖွင့်လှစ်ထားတဲ့ အမှုလေးမှုရှိပြီး ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။

(၈)

NLD အစိုးရလက်ထက်မှာ တရားသူကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဥပဒေချုပ်နဲ့ တိုင်းဝန်ကြီးချုပ်စတဲ့ ရာထူးကြီးထဲက အဂတိလိုက်စားမှုတွေကို တရားဝင်ဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူ နိုင်ခဲ့တဲ့အတွက် ပြည်သူတွေ အတွက်တော့ ကျေနပ်စရာပါပဲ။ ဒါပေမဲ့ ပြည်သူတွေ မကျေနပ်နိုင်သေးတဲ့ အရာတွေကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ တချို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ သတင်းထွက်ခဲ့တဲ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရာထူးက နုတ်ထွက်သွားပြီး ဘယ်လိုအကြောင်းကြောင့် နုတ်ထွက်သွားတယ် ဆိုတာကို မသိရတဲ့အတွက် ပြည်သူတွေကတော့ ကျေနပ်မှု ရှိနိုင်ကြမယ် မထင်ပါဘူး။

လက်ရှိမှာလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး အပါအဝင် သက်ဆိုင်ရာဌာန အကြီးအကဲ တချို့ကို စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပြီးတော့ သူတို့ဇနီးတွေဖြစ်တဲ့ ဒေါ်လှလှမူ၊ ဒေါ်သင်းသင်းမော်တို့ရဲ့ ငွေစာရင်း ပြည်တွင်းဘဏ်တွေမှာ အပ်ထားခြင်း ရှိ မရှိ စုံစမ်းပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဗဟိုဘဏ်ကို ဇူလိုင် ၉ ရက်နေ့စွဲနဲ့ အကြောင်းကြားထားတဲ့စာ လူမှုကွန်ရက်တွေပေါ်မှာ တွေ့နေရပြီး၊ ဗဟိုဘဏ်ကလည်း ဘဏ်တွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ အကြောင်းပြန်ကြဖို့ စာပို့ထားတယ်လို့ သိရပါတယ်။

အခုလို စုံစမ်းစစ်ဆေးမှုတွေ ဖြစ်လာတာဟာ သဘာဝဓာတ်ငွေ့ LNG ကနေ လျှပ်စစ်ထုတ်ဖို့လိုလားတဲ့ ကုမ္ပဏီတချို့ကို တင်ဒါမခေါ်ဘဲ ဝန်ကြီးဌာန ဆုံးဖြတ်ချက်နဲ့  လုပ်ပိုင်ခွင့်ချပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ခဲ့တာပါ။

ဒီကုမ္ပဏီတွေထဲမှာ နုတ်ထွက်သွားတဲ့ အရင်စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းရဲ့ဇနီး ပါဝင်နေတဲ့ Supreme ကုမ္ပဏီလည်း ပါပါတယ်။ Supreme ကုမ္ပဏီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ပိုင်တဲ့ UE Myanmar ကုမ္ပဏီဟာ ပူပေါင်းထားတယ်လို့ ကြားထားကြောင်း ပြည်ခိုင်ဖြိုးပါတီရဲ့ မင်းကင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ၂၀၁၈ ဇွန် ၄ ရက်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ဘယ်လိုအကြောင်းကြောင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး အပါအဝင် သက်ဆိုင်ရာဌာန အကြီးအကဲတချို့ကို စစ်ဆေးနေတယ်ဆိုတာ မသိရပါဘူး။

နောက်ထပ် ထူးခြားဖြစ်စဉ် တစ်ခုကတော့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးကနေ နုတ်ထွက်ခွင့် ပြုတယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နဲ့  ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေ ပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များအရ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို သူ့ရဲ့သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးတာဝန်ကနေ အနားပေးမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် ၂၆ ရက်ကျမှ ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မရုံးက တရားဝင် ထုတ်ပြန်တာ ဖြစ်ပါတယ်။

သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ ဦးခင်မောင်ချိုကို သူ့ရဲ့သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်တယ် ဆိုတာကလွဲရင် ဘာကြောင့် နုတ်ထွက်တယ်ဆိုတာ ပါမလာတဲ့အတွက် ပြည်သူတွေကြားမှာ ဝေဖန်မှုက မြင့်တက်လာပါတယ်။

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “လူနာတင်ယာဉ်ကိစ္စရယ်၊ BPI စက်ရုံကုန်ကြမ်းဝယ်ယူတဲ့ ကိစ္စတွေမှာ တင်ဒါမခေါ်ဘဲ ဒီအတိုင်း ဝယ်လိုက်တယ်။ ပြီးတော့ ကားတွေကလည်း စျေးကြီးနေတာ ပါတာပေါ့” လို့ ပြောပါတယ်။

NLD အစိုးရ သုံးနှစ်ကျော် သက်တမ်းအတွင်း ရာထူးတာဝန်ကနေ နုတ်ထွက်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး သုံးဦးအထိရှိနေပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုတို့ ဖြစ်ပါတယ်။

(၉)

လွန်ခဲ့တဲ့ သုံးနှစ်တုန်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရဖွဲ့ရာမှာ အဂတိကင်းတဲ့ အစိုးရဖွဲ့မယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိ NLD အစိုးရသက်တမ်း သုံးနှစ်ကျော် ဖြစ်လာချိန်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ပြည်ထောင်စုအဆင့်ရှိတဲ့ ဝန်ကြီးတွေကို အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားမှုတွေ ရှိလာသလို ဆန္ဒဖော်ထုတ်ခြင်း၊ မီဒီယာကနေ ရေးသားဖော်ပြခြင်းတွေ ရှိလာပါတယ်။

လက်ရှိအချိန်အထိတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ အမြင့်ဆုံးအဆင့် အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ် တစ်ဦးကိုသာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားနိုင်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကိုတော့ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခြင်း မရှိသေးသလို စုံစမ်းစစ်ဆေးရာမှာလည်း ပြည်သူလူထုသိအောင် ပွင့်လင်းမြင်သာစွာ ချပြနိုင်မှု မရှိသေးပါဘူး။

လက်ရှိအချိန်မှာ NLD အစိုးရအတွက် အရေးကြီးတဲ့ အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အစိုးရသက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့တဲ့အပြင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကလည်း နီးကပ်လာပြီ ဖြစ်တာမို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ရင် ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မကို ဖြတ်ပြရမယ့်အချိန် ဖြစ်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေအနေနဲ့ အဂတိလိုက်စားမှုအပေါ် အရင်အစိုးရ အဆက်ဆက် ကတည်းက လက်မခံခဲ့သလို အားမတန်လို့ မာန်လျှော့ခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ပြည်သူတွေကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရ လက်ထက်မှာတော့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင် တစ်ဦးဦးက အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့မယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဘယ်လိုမှ သည်းခံခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်ဆောက်ချင်တဲ့ အဂတိကင်းတဲ့အစိုးရ ရည်မှန်းချက် ပြည့်ဝခြင်း ရှိ၊ မရှိ ဆိုတာ လက်ကျန်သက်တမ်းမှာ NLD အစိုးရအနေနဲ့ ငါးကြီးကြီး ကြော်မလား၊ လျှော်မလားဆိုတဲ့ အပေါ်မှာ မူတည်နေတဲ့အပြင် ပြည်သူအားလုံးကလည်း စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် NLD အစိုးရ အနေနဲ့ နောက်ဆုံးကျန်တဲ့ အစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်းမှာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ရင် နှာစေးမနေဘဲ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း ပြည်သူကိုချပြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။   

 

Most Read

Most Recent