တီကျစ်ကျောက်မီးသွေးစက်ရုံထက် ပိုကြောက်စရာကောင်းတဲ့ တီကျစ်မိုင်းတွင်း

တီကျစ်ကျောက်မီးသွေးစက်ရုံထက် ပိုကြောက်စရာကောင်းတဲ့ တီကျစ်မိုင်းတွင်း
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေးမိုင်းတွင်း အချို့တွင် လုပ်ငန်းခွင် ဝင်နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ(တောင်ကြီး))
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေးမိုင်းတွင်း အချို့တွင် လုပ်ငန်းခွင် ဝင်နေကြသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ(တောင်ကြီး))
Published 28 July 2019
စည်သာ (တောင်ကြီး)

မြန်မာနိုင်ငံမှာ စွမ်းအင်လိုအပ်ချက် မြင့်မားလာတာနဲ့အမျှ အနာဂတ်မှာ ဘယ်လိုနည်းစနစ်တွေနဲ့ တိုးချဲ့ရှာဖွေမလဲဆိုတာ မျက်မှောက်မှာ စဉ်းစားစရာကိစ္စ ဖြစ်လာပါတယ်။

လက်ရှိအစိုးရအနေနဲ့ အကြီးစားရေကာတာ ဆည်ကြီးများ၊ ကျောက်မီးသွေး စက်ရုံကြီးများ တည်ဆောက်ဖို့ အားသန်နေပြီးတော့ အရပ်ဘက် အဖွဲ့အစည်းများနဲ့ စွမ်းအင်ဆိုင်ရာ ပညာရှင်များကတော့ ဆည်ကြီးများနဲ့ ကျောက်မီးသွေး စက်ရုံများ တည်ဆောက်မည့်အစား စိမ်းလမ်း၊ သန့်ရှင်းသော ပြန်လည်ပြည့်မြဲစွမ်းအင်တွေကိုသာ အသုံးပြုခြင်းဟာ ပိုမိုသင့်လျော်ကြောင်း အကြံပြုတင်ပြ ထားကြတာလည်း ရှိပါတယ်။

စွမ်းအင်အတွက် ဆုံးဖြတ်ချက် ချမှတ်သူများ အနေနဲ့ အလေးအနက်ထားပြီး စဉ်းစားရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။

၂၀၃၀ ပြည့်နှစ် မဟာဗျူဟာ လျှပ်စစ်စီမံကိန်းအတွက် ကျောက်မီးသွေးစွမ်းအင် ၄၈ ရာခိုင်နှုန်းလောက် အသုံးပြုမယ်လို့ လျာထားတယ်လို့သိရပြီး ဒီကိန်းဂဏန်းဟာ အတော်လေး စိုးရိမ်စရာ ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ကမ္ဘာပေါ်မှာ အစိမ်းရောင်၊ သန့်ရှင်းခြင်း ပြယုဂ်အဖြစ် စွမ်းအင်များကို ပြောင်းလဲထုတ်လုပ်ဖို့ ပြင်ဆင်လာချိန် တစ်ဖက်မှာ တိုးတက်တဲ့နိုင်ငံတွေရဲ့ မလိုအပ်တဲ့ စွန့်ပစ်စက်ရုံ အဟောင်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ချင်းထည့်ဖို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီလိုပြန်လည်ပြည့်မြဲ စွမ်းအင်တွေ ရေပန်းစားလာတဲ့ ခေတ်ကြီးထဲမှာ အဲဒီစက်ရုံကြီးများအဆင့်ကို ချန်လှပ်ပြီးတော့ Renewable Energy System ကို ဘာကြောင့် ခုန်ကျော်ပြီးတော့ မသွားနိုင်ရမှာလဲဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

စက်ရုံထက် ကြောက်စရာပိုကောင်းတဲ့ မိုင်းတွင်း

တကယ်တမ်း တီကျစ်ကျောက်မီးသွေး စက်ရုံထက်ပိုပြီး ကြောက်စရာကောင်းတာက တီကျစ်မိုင်းတွင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စက်ရုံကြောင့် ဖြစ်လာမယ့် ရလဒ်က လူတွေကို တဖြည်းဖြည်းချင်းညှဉ်းပြီး သတ်နေတာဖြစ်ပြီး နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ဒုက္ခပေးမယ့်ကိစ္စ ဖြစ်ပေမဲ့၊ မိုင်းတွင်းကတော့ အဲဒီလို မဟုတ်ပါဘူး။ မိုင်းတွင်းမှာ အရေးပေါ် အခြေအနေဖြစ်စေ၊ နောက်ထပ် ၂၂ နှစ် လုပ်ကိုင်ခွင့် ပြုလုပ်ရင် ဖြစ်စေ၊ မိုင်းတွင်းမြေနေရာ တိုးချဲ့ရင် ဖြစ်စေ အနီးပတ်လည်က ကျေးရွာပေါင်းများစွာဟာ ပြောင်းရွှေ့ရမယ့် အခြေအနေရှိလို့ ဖြစ်ပါတယ်။ မိုင်းတွင်းနဲ့ နှစ်မိုင်ပတ်လည်မှာ လူဦးရေပေါင်း ၁၂၀၀၀ ကျော် နေထိုင်ပြီး လေးမိုင်ပတ်လည်တွင် နှစ်သောင်းကျော်ရှိကာ မြို့နဲ့ဝေးလေ လူနေထိုင်မှု ကျဲပါးလေဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု တီကျစ်ကျောက်မီးသွေး မိုင်းတွင်းဟာ စက်ရုံထက်ပိုမို ကြောက်စရာကောင်းပြီး စိန်ခေါ်မှုများစွာနဲ့ လက်ရှိရင်ဆိုင်နေရကြောင်း MATA အဖွဲ့ ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်က ပြောပါတယ်။

တီကျစ်ကျောက်မီးသွေး မိုင်းတွင်းကြောင့် ရေထွက်များ ခန်းခြောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးထိခိုက်မှု၊ လူမှုဘဝထိခိုက်မှု၊ EIA-SIA မလုပ်ဘဲ ယနေ့အချိန်အထိ တူးဖော်နေခြင်းဟာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ကိစ္စပင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်များကို ပြည်သူလူထုကို ချပြရှင်းလင်းခြင်း မရှိသဖြင့် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော မိုင်းမောဒေသ ကျောက်မီးသွေး မိုင်းတွင်းကဲ့သို့ အရေးပေါ် အခြေအနေ ဖြစ်လာမည် ဆိုပါက တီကျစ်ကျေးရွာအုပ်စု၏ အနီးပတ်ဝန်းကျင် လေးမိုင်ခွဲနဲ့ ကိုးမိုင်အကွာအဝေးသို့ ကျေးရွာများကို ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း၊ နယ်နိမိတ်တိုင်းတာ သတ်မှတ်ထားခြင်း မရှိသဖြင့် ကျေးရွာဒေသခံများနဲ့ မြေယာအငြင်းပွားမှု ပြဿနာများကိုလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း MATA အဖွဲ့ဝင် ဦးစိုင်းတူးက ပြောပါတယ်။

“တီကျစ်မိုင်းတွင်းမှာ ရေထွက်တွေ ခန်းခြောက်နေတယ်။ မိုင်းတွင်းက ဥပဒေအရ လုပ်ထုံးလုပ်နည်းအရ လုပ်မထားတာတွေလည်း တွေ့ရတယ်။ အကြီးစားမိုင်းတွင်း ဖြစ်တဲ့အတွက် EIA/SIA လုပ်ကိုလုပ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ မိုင်းတွင်းမှာ EIA/SIA မလုပ် ထားသေးဘူး။ EMP လုပ်ထားတယ် ပြောပေမဲ့ လူထုကိုသိအောင် ချပြထားတာတွေ မရှိဘူး။ ပိုပြီး စိုးရိမ်ရတာက အိမ်နီးချင်းနိုင်ငံ မိုင်းမောဆိုတာရှိတယ်။ ထွက်တဲ့ကျောက်မီးသွေး အမျိုးအစားကလည်း တီကျစ်ကထွက်တဲ့ ကျောက်မီးသွေး အမျိုးအစားနဲ့တူတယ်။ အညံ့ဆုံးအမျိုးအစားပဲ။ ရောက်သွားတော့ ထိုင်းမှာ မိုင်းတွင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကြောင့်မို့ ယိုးဒယား အစိုးရကနေ အရေးပေါ်ဇုန်အနေနဲ့ သတ်မှတ်လိုက်တယ်။ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော် လေးမိုင်ခွဲအကွာ ကိုးမိုင်ကြားမှာ ရွှေ့ပြောင်းရတယ်။ တီကျစ်မိုင်းတွင်းကလည်း ယိုးဒယားနဲ့ ခြောက်နှစ် Plan ဆွဲထားတယ်ပြောတယ်။ သူတို့ဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ယိုးဒယားလို ဖြစ်မယ်ဆိုရင် သေချာတယ် တီကျစ်ဒေသ ပျောက်သွားလိမ့်မယ်။ ဘယ်နေရာ ရောက်သွားမယ်ဆိုတာ မသိဘူး။ ဒေသခံ တစ်ယောက်အနေနဲ့ စိုးရိမ်ပူပန်မှု တစ်ခုပေါ့။ စက်ရုံက ဖြည်းဖြည်းချင်း သွားတာပေါ့။ နောက်မျိုးဆက်တွေမှာ ဒုက္ခရောက်မှာ။ မိုင်းတွင်းကတော့ ကိုယ့်ဒေသ၊ ကိုယ့်ဘဝတွေကို တစ်ခါတည်း မောင်းထုတ်လိမ့်မယ်။ သူတို့က အနီးကပ်ဆုံး ရန်သူပေါ့” ဟု တီကျစ်ဒေသခံ MATA အဖွဲ့ဝင် ဦးစိုင်းတူးက ပြောပါတယ်။

အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်များကို သိလျက်နှင့် လျစ်လျူရှုထားခြင်းမျိုး ဖြစ်မလားဆိုတာ ဒေသခံများ အနေဖြင့် မသိရှိရကြောင်း၊ လွှတ်တော်ရေးရာ ကော်မတီများအနေဖြင့် ကွင်းဆင်းစစ်ဆေးချိန်တွင် မှားနေသည်ဟု ဆွေးနွေးကြသော်လည်း နောက်တစ်နေ့တွင် လူနေအိမ်ခြေများထဲ ပါနေသည်ဟု ဖြစ်စဉ်များ ထပ်မံအငြင်းပွားမှုများ အမြဲလိုဖြစ်နေကြောင်း ဦးစိုင်းတူးက ပြောပါတယ်။

“တော်တော်များများက စက်ရုံကို စိတ်ပူနေကြတယ်။ မိုင်းတွင်းကို ဂရုမစိုက်မိကြဘူး။ မိုင်းတွင်းကြောင့် ပျက်စီးသွားတာတွေ ဘယ်လိုပြင် ဆင်ဖို့ရှိမလဲ။ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ဘယ်လိုလုပ်မလဲဆိုတာ မသိရဘူး။ မြေ တွေ ထပ်ပြီးတော့ ဧရိယာချဲ့လိုက် တယ်။ ဝယ်တာလား ငှားတာလား၊ မြေတွေရအောင် ဘယ်လိုလုပ်ဆောင်ခဲ့လဲ ဆိုတာတွေ၊ မြေပြိုတာတွေ၊ အခု မိုးရွာနေတော့ ထပ်ပြီး ဖြစ်လိမ့်မယ် ဆိုတာတွေ၊ မြေယာတွေ ထပ်ချဲ့နေတာတွေ၊ နောက်ဆုံး တီကျစ်က မိုးပေါ်တက်နေရတော့မလား မသိဘူး” ဟု ပအိုဝ်းလူငယ် အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ခွန်ဦးက ပြောကြားပါတယ်။

ထို့ပြင် မိုင်းတွင်းမှ ကျောက်မီးသွေးများကို ပြင်ပသို့ ခိုးထုတ်ရောင်း နေတာတွေလည်းရှိပြီး အဲဒီအခွန် ငွေတွေ ဘယ်ကို ရောက်သွားတယ် ဆိုတာ ဒေသခံများအနေနဲ့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။

တီကျစ်ကျောက်မီးသွေး မိုင်းတွင်းကို ဧဒင်စွမ်းအင်ကုမ္ပဏီ က ၂၀၀၄ ခုနှစ်တွင် စ၍ ကျောက်မီး သွေးတူးဖော်ခဲ့ခြင်းဖြစ်ပြီး စက်ရုံအတွက်သာမက ပြင်ပကိုလည်း ကျောက်မီးသွေးကားများ ထုတ်ရောင်းနေသည်မှာ ဆယ်စုနှစ်တစ်စု ကျော်လာပြီဖြစ်ကာ အဆိုပါ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော ကိစ္စကို ရှမ်းပြည်နယ် အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မသိရှိ၍ လုပ်နေခြင်းလား၊ ဝန်ကြီးသိလျှင်လည်း အဆိုပါ ကျောက်မီးသွေးများ ပြင်ပသို့ ရောင်းချနေသော ဝင်ငွေအခွန်အခများသည် မည်သည့် ဘဏ္ဍာငွေအတွင်းသို့ ရောက်ရှိသွားပြီး မည်သည့်နေရာတွင် အသုံးပြုနေသည်ကို မေးခွန်းများ မေးမြန်းလိုကြောင်း တီကျစ်ဒေသခံတို့က ပြောပါတယ်။

“တီကျစ်မိုင်းတွင်းမှာ လုပ်နေတာ လိမ်ထားတာတွေ အများကြီး ရှိတယ်။ စက်ရုံအတွက်ပဲ ရောင်းမယ်ဆိုပြီးတော့ တစ်ရက်ကို တန် ချိန် ၂၀၀၀ နဲ့ ၂၅၀၀ ကျော် ရောင်း မယ်ဆိုပြီးတော့ စာချုပ်မှာပါတယ်။ အပြင်ကို ထုတ်ရောင်းနေတာဆိုတာ ဆယ်စုနှစ်တစ်စုကျော်နေပြီ ပေါ့။ အစိုးရက မသိတာလား၊ လျစ်လျူရှုထားတာလား။ နောက်ပြီး အဲဒီ ဝင်ငွေအခွန်အခတွေ ဘယ်ကိုသွား နေတာလဲဆိုတာ ဘယ်သူမှလည်း မသိကြရဘူး။ ထုတ်ရောင်းနေတယ်။ ဒီနေ့ ဒီအချိန်အထိ ထုတ် ရောင်းနေတယ်။ စာချုပ်ပါ စည်း မျဉ်းတွေလည်း ချိုးဖောက်နေတယ်။ ဒါကို သယံဇာတ ဝန်ကြီးပဲ မသိတာလား။ သိလျက်နဲ့ လျစ်လျူရှုထားတာလား မေးခွန်းတွေရှိတယ်။ သိနေတယ်ဆိုရင် အခွန်အခ ဘယ်ကိုဝင်သွားလဲ။ ဘယ်နေရာမှာ သုံးမှာလဲဆိုတာ လူထုလည်း မသိဘူး။ ရှင်း ရှင်းလင်းလင်း ဘယ်သူမှ သိမနေကြဘူး။ နောက်ပြီး တစ်ရက်ကို ဘယ်လောက်အထိ ထုတ်ရောင်းနေတာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ဌာနပိုင် ကျောက်မီးသွေးမိုင်းတွင်းကို ငှားရမ်းကတည်းက စက်ရုံအတွက်ပဲ ဆိုပြီးတော့ စာချုပ်ချုပ်ခဲ့တယ်။ နောက်ပြီး ကျောက်မီးသွေး စျေးတွေလည်း တက်လာတယ်။ အစိုးရစျေး တစ်တန်ကို ၄၈၀၀၀ ကျော် အပြင်မှာ ရောင်းတာ တစ် သိန်းနှစ်သောင်းလို့ ကြားတယ်။ တစ်ရက်ကို ကားတွေ အများကြီး တချို့နေ့တွေဆိုရင် နေ့ရောညရော တွဲကားတွေ တင်နေတယ်။ တစ်ရက်ကို ၁၀ စီး အစီး ၂၀ လောက် ရှိတယ်။ ပြင်ပက လာဝယ်ကြတာ နိုင်ငံအနှံ့ကပဲ လာဝယ်ကြတယ်” ဟု တီကျစ်ဒေသခံ MATA အဖွဲ့ဝင် ဦးစိုင်းတူးက ပြောပါတယ်။

အဆိုပါ တီကျစ်မိုင်းတွင်းသည် EIA-SIA မလုပ်ဘဲ ယနေ့အချိန်အထိ တူးဖော်နေခြင်း ကိစ္စရပ်များကို မေ ၇ ရက်က တီကျစ်ဘုန်းကြီးကျောင်း၌ ပြုလုပ်သော လူထုအကြံဉာဏ်ရယူခြင်း တွေ့ဆုံပွဲတွင် ဒေသခံ ဦးစိန်သောင်းက မေးမြန်းခဲ့သော်လည်း ဧဒင်စွမ်းအင်ကုမ္ပဏီဘက်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိချေ။

ယခုအခါ ကျောက်မီးသွေးမိုင်းတွင်း ဧရိယာသည် ယခင်ကနှင့် မတူတော့ဘဲ ၂၀၁၉ ခုနှစ်တွင် တဖြည်းဖြည်း ကြီးမားကျယ်ပြန့် လာပါတယ်။ ထို့ပြင် ထပ်မံတိုးချဲ့လာသ ဖြင့် လူထုမြေယာများ ထပ်မံပျက်စီးမည့် အခြေအနေ ရှိနေကြောင်း၊ မြေစာပုံကြီးသည်လည်း တောင်တစ် လုံးသဖွယ်ဖြစ်နေပြီး မကြာခဏ မီးလောင်မှုများလည်း ရှိနေသဖြင့် ကျေးရွာနေလူထု စိုးရိမ်မှုမြင့်တက် နေကြောင်း သိရပါတယ်။ ဧဒင် ကျောက်မီးသွေးမိုင်းတွင်းဟာ လုပ် ကွက်တစ်ခုလျှင် ၄၉ ဒသမ ၅ ဧက ဖြင့် လုပ်ကွက် ၁၀ ကွက်စာ၊ အကြီး စားလုပ်ကွက်အဖြစ် စုစုပေါင်း ဧရိယာ ၅၄၄ ဧကဆိုသော်လည်း မြေပြင်တွင် ၈၂၄ ဧက ပိုမိုကျယ်ပြန့်လျက်ရှိပြီး ၂၅ နှစ် လုပ်ပိုင်ခွင့် ရရှိထားကာ သက်တမ်းတိုးထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကျောက်မီးသွေးမိုင်းတွင်း ကြောင့် စွန့်ပစ်ရေဆိုးပြဿနာများ၊ စွန့်ပစ်မြေစာပုံများ ပြဿနာ၊ တိုးချဲ့ လာပါက ထပ်မံဆုံးရှုံးမယ့် မြေယာ ပြဿနာ၊ ရေဦးရေထွက်များ ပျက်စီးခြင်း ပြဿနာရပ်များ၊ ဒေသတွင်း ဖုန်ထူထပ်သဖြင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား ခြင်း၊ ရေရှားပါးခြင်း၊ အင်းလေးကန် ရေဝေ ရေလဲဒေသအတွင်းသို့ စီးဝင်သွားမည့် ပြဿနာရပ်များနဲ့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ပျက်စီးထိခိုက်ခြင်းများ ကြုံတွေ့နေရပါကြောင်း တီကျစ်ဒေသခံများထံမှ သိရပါတယ်။

“ဒေသတွင်းမှာ စွန့်ပစ်မြေစာတွေကြောင့် လူထုတွေက ၂၂ နှစ်လုံးလုံး ဒုက္ခခံစားရမယ့် ကိစ္စတွေက စဉ်းစားစရာ ကောင်းတယ်။ မိုင်းတွင်းက တစ်ရက်ကို အစိုးရကနေ တီကျစ် စက်ရုံလည်ပတ်ဖို့ တစ်ရက်ကိုတန်ချိန် ၂၀၀၀ ကနေ ၂၅၀၀ ကြားကို တစ်တန်ကို ၄၈၀၀၀ နှုန်းနဲ့ ဝယ်ပြီး ပေးနေရတဲ့ကိစ္စ။ နိုင်ငံတော် က အကျိုးအမြတ် မရှိဘူး။ ဒေသခံ လူထုအပေါ်မှာ ဘာမှအကျိုးမဖြစ် ဘူး။ အဓိကက နိုင်ငံတော်နဲ့ လူထု အတွက် အကျိုးအမြတ် ဖြစ်နေသ လားဆိုတာ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်သူမှ အကျိုးအမြတ်မရှိဘူး။ ကျောက်မီးသွေးမိုင်းတွင်း ကုမ္ပဏီ ဘက်ကပဲ အကျိုးအမြတ်ဖြစ်နေကြ တယ်။ တစ်ရက်ကို သိန်းတစ်ထောင်နီးပါး၊ တစ်လ သိန်းပေါင်းသုံးသောင်း နီးပါး အကုန်ခံပြီးတော့ နိုင်ငံတော် အစိုးရ တီကျစ်ကျောက်မီးသွေး စက်ရုံကြီးလည်ပတ်ဖို့ကြိုးစား နေ တယ်ဆိုပေမယ့် တောင်ကြီးမြို့လိုမျိုးမှာ နွေရာသီမျိုးမှာ တစ်လသိန်း ပေါင်းသုံးသောင်းအကုန်ခံပြီးတော့ မီးလင်းဖို့အတွက် ရှမ်းပြည်နယ်မြို့တော် တစ်ခုတည်းတင် မစွမ်းဆောင်နိုင်ဘူး။ ဒါဟာ ကိန်းဂဏန်း တွက်ချက်မှု မဟုတ်ဘူး။ စိတ်ကူးယဉ်ဆန်တဲ့ တွက်ချက်မှု ဒါဟာ ပြန်ပြီးဆန်းစစ်ဖို့ လိုတယ်ဆိုတဲ့ကိစ္စ ပြောရမယ်” ဟု MATA အဖွဲ့မှ ဦးအောင်ကျော်မိုးက ပြောပါတယ်။

တီကျစ်ဒေသတွင် ကျောက်မီးသွေး၊ မိုင်းတွင်းနှင့် စက်ရုံတို့မှ စွန့်ပစ်သော ပြာများကြောင့် လေထုနှင့် ရေထုညစ်ညမ်း ပျက်စီးမှုများ ကြုံတွေ့နေရပြီး ကျန်းမာရေး ထိခိုက်မှုများစွာ ရှိနေကြောင်း၊ လူမှုဘဝ ထိခိုက်မှု၊ စီးပွားရေး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများစွာ ရှိနေခြင်း ဖြစ်ကြောင်း MATA အဖွဲ့က နောက်ဆုံးလေ့လာ တွေ့ရှိချက်များကိုလည်း ထုတ်ပြန်ထားပါတယ်။

ထိရောက်သော ရေတိုစီမံကိန်းများ

ပြည်နယ်နှင့်တိုင်း အသီးသီးမှာ ၂၀၁၀ ပြည့်နှစ်အထိဆည်၊ ရေ ကာတာများ တည်ဆောက်ထားမှု စာရင်းမှာ စုစုပေါင်း ၂၃၃ ခုရှိပြီး တော့ အများဆုံးမှာ မန္တလေးတိုင်း ၅၅ ခု၊ ပဲခူးတိုင်း ၄၈ ခု နဲ့ မကွေး တိုင်း ၄၇ ခု ရှိတယ်လို့ သိရပါတယ်။ အရေးကြီးတဲ့အချက်က အကြီးစား ဆည်ကြီးများနဲ့ကျောက်မီးသွေး စက်ရုံကြီးတွေ တည်ဆောက်ခြင်းထက် ရှိပြီးစက်ရုံငယ်တွေ၊ ံပိမသ-စသတနမ ရေအားလျှပ်စစ် စက်ရုံငယ် တွေကို ထပ်မံတိုးချဲ့ပြီး အဆင့်မြှင့် တင်ခြင်း၊ စွမ်းအင်ခြိုးခြံ ချွေတာ ခြင်းများ၊ စွန့်ပစ်လိုက်သော အပူ စွမ်းအင်များမှ ၇၀ ရာခိုင်နှုန်းသော အပူများကို စွမ်းအင်အဖြစ်ပြန် လည်ပြောင်းလဲ၍ လျှပ်စစ်ထုတ်လုပ်ခြင်း၊ လေ၊ နေရောင်ခြည်တို့ဖြင့် စွမ်းအင်ထုတ်လုပ်ခြင်း စတဲ့ နည်းလမ်းတို့နဲ့ ပြောင်းလဲမြှင့်တင်လိုက်ရုံနဲ့ မြန်မာနိုင်ငံမှာ စုစုပေါင်း (42000 MW) ၄၂၀၀၀ မဂ္ဂါဝပ်တောင် ပြန်လည်ထွက်ရှိလာလိမ့်မယ်လို့ ထိုင်းနိုင်ငံမှ စွမ်းအင်ပညာရှင် တစ်ဦးဖြစ်သူ မစ္စစ်ရှောမ် (Chom) က စွမ်းအင်သုတေသနကို တွက်ချက်ပြပါတယ်။

၂၀၃၀ ပြည့်နှစ် စီးပွားရေး စွမ်းအင်အရင်းအမြစ်များအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများ ဖြည့်တင်းပေးနိုုင်ဖို့အတွက် ရေတိုနှင့် အကျိုးများစေမည့် စွမ်းအင်များ၊ ရှိပြီးသား ရေအားလျှပ်စစ် စက်ရုံငယ်များ၊ အောက်ခြေတွင် မြောင်းသွယ်ပြီး Hydropower ဖြင့် စက်တပ်ဆင်ပြီး လျှပ်စစ်ထပ်မံ ထုတ်လုပ်ခြင်း နည်းလမ်းများ၊ Mini/Microhydro, Small-Hydro၊ ကိုယ်ထူကိုယ်ထ အသေးစားနဲ့ အလတ်စား ရေအားလျှပ်စစ် စက်ရုံများ၊ Solar နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်ယူခြင်းစနစ်၊ Wind လေစွမ်းအင်သုံးစနစ်၊ Biomass-Biogas ဇီဝလောင်စာသုံး စွမ်းအင်ထုတ်လုပ်မှုစနစ်၊ လူထုအခြေပြု ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်၊ Co-Generation or Tri-Generation စတဲ့ နည်းစနစ်တွေနဲ့ ထုတ်လုပ်ခြင်းအားဖြင့် စုစုပေါင်း (42000 MW) ၄၂၀၀၀ မဂ္ဂါဝပ် ထွက်ရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံမှ စွမ်းအင်ပညာရှင်က ပြောထားပါတယ်။

အဆိုးဆုံး အချက်ကတော့ ပြည်နယ်နဲ့တိုင်းတွေမှာ ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေတဲ့အသေးစား စက်ရုံတွေကို အကြီးစား စက်ရုံကြီး တွေ ရောက်ရှိလာချိန်မှာ ထပ်မံ ထုတ်ယူခွင့်မပြုတော့ဘဲ ဖျက်သိမ်းလိုက်တဲ့ ကိစ္စမျိုးတွေဟာ လုံးဝမဖြစ်သင့်ဘဲ ထပ်မံထုတ်ယူခွင့်ပြုရမှာ ဖြစ်ပြီး ပြည်ထောင်စုမဟာ ဓာတ်အားလိုင်းထဲကို ထည့်သွင်းရောင်းချခွင့် ပြုရမှာဖြစ်ကြောင်း ရှောမ်က ပြောပါတယ်။ နောက်ပြီး MOEE ဌာနကိုလည်း ဗဟိုချုပ်ကိုင်မှု လျှော့ချပြီးတော့ တတ်နိုင်သလောက် ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးရမှာဖြစ်ပြီး နမူနာအားဖြင့် ထိုင်းနိုင်ငံကို ကြည့်မယ်ဆိုရင် နိုင်ငံပိုင်အနေနဲ့ အရင်ကလုပ်ခဲ့ပြီး လျှပ်စစ်ကဏ္ဍဟာ စွမ်းအင်လိုအပ်ချက် များလေလေ ပိုမိုရှုပ်ထွေးလာလေ ဖြစ်တဲ့အတွက် အစိုးရတစ်ခုတည်း လုပ်လို့မရတော့တဲ့အတွက် ပုဂ္ဂလိကပိုင် အနေနဲ့ Co-Operation ပူးပေါင်းဆောင်ရွက်မှုလုပ်ပြီး ဌာနအနေနဲ့ မရှိတော့ဘဲ ပုဂ္ဂလိကကို ဆောင်ရွက်စေတဲ့အတွက် ပိုမိုတိုးတက်ခြင်း ဖြစ်ကြောင်း ရှောမ် (Chom) က ပြောပါတယ်။

“ကာလတိုမှာ အစိုးရကနေ ဖြေရှင်းနေရတဲ့ စွမ်းအင်လိုအပ်ချက်တွေရှိတယ်။ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်မီးသွေးတွေ၊ ဆည်အကြီးစားတွေကနေ ဖြေရှင်းမယ်ဆိုရင် အချိန်ကြာမယ်။ တည်ဆောက်ဖို့ အချိန်ကြာလိမ့်မယ်။ ပြန်ပြည့်မြဲစွမ်းအင်ဟာ ကာလတိုမှာ အချိန်တိုတိုတွင်းမှာ ဖြစ်နိုင်မယ်။ ရင်းနှီးမြှုပ်နှံဖို့လည်း လွယ်သလို လူတွေလည်း ပါဝင်ဆောင်ရွက်ဖို့ လွယ်တယ်။ အစိုးရလုပ်ပေးရမှာက ပြန်ပြည့်မြဲစွမ်းအင် ရင်းနှီးမြှုပ်နှံမှု ဝင်လာဖို့ လုပ်နိုင်ကိုင်နိုင်မှု လွယ်အောင် နည်းလမ်းဖွင့်ပေးဖို့ လိုတယ်။ နောက်တစ်ခုက ကြီးမားတဲ့ ဆည်တွေကြောင့် ကျောက်မီးသွေး လုပ်ငန်းတွေကြောင့်မို့ ဖြစ်လာမယ့် ရေရှည်ဆိုးကျိုးတွေရှိတယ်။ အဲဒီဆိုးကျိုးတွေ လျှော့ချနိုင်ဖို့ ရေရှည်မှာ ကုန်ကျစရိတ် သက်သာတဲ့နည်းလမ်းက အများကြီးရှိတယ်။ ဖြစ်နိုင်တဲ့ ကိစ္စက စွမ်းအင်ကို ထိရောက်စွာ အသုံးပြုမှု၊ လက်ရှိမှာရှိနေတဲ့ ပါ၀ါဂျင်နရေးရှင်းတွေမှာ အားလုံးကို အပြည့်အဝ အသုံးပြုနိုင်အောင် လုပ်ပေးမယ်။ ရှိပြီးသား ဆည်မြောင်းတွေကို ပြန်ပြီးအဆင့်မြှင့်တင်မယ်။ လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းတွေကို အရည်အသွေးမြှင့်တင်မယ် ပြုပြင်မယ်။ သဘာဝနဲ့ လိုက်လျောညီထွေရှိတဲ့ ပြန်ပြည့်မြဲစွမ်းအင်ကို လုပ်မယ်ဆိုရင် သဘာဝနဲ့ လိုက်လျောညီထွေတဲ့ ကုန်ကျစရိတ်ကလည်း သက်သာတယ်။ ဆိုလာဆိုရင် အများကြီး သက်သာတာရှိတယ်။ အဲဒီလို အဆင့်မြှင့်တင်ခြင်းအားဖြင့် အားလုံးပေါင်း မဂ္ဂါဝပ်ပေါင်း ၄၂၀၀၀ လောက် ထွက်ရှိမယ်။ နောက် ၂၀၃၀ လာမယ့် ၁၁ နှစ်မှာ လိုအပ်မယ့် လျှပ်စစ်က မဂ္ဂါဝပ် ၁၄၅၀၀ ပဲ ရှိတယ်။ အဲဒီအခါကျတော့ ပိုတောင် ပိုလျှံနေပါတယ်တဲ့။ သန့်ရှင်းတဲ့ ကောင်းမွန်တဲ့ စွမ်းအင်ကို အသုံးပြုဖို့ အားပေးချင်ပါ      တယ် }}ဟု ထိုင်းနိုင်ငံမှ စွမ်းအင်ဆိုင် ရာ ပညာရှင်တစ်ဦးဖြစ်သော မစ္စစ် ရှောမ် (Chom) က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားစွမ်းအင်မူဝါဒ

ရှမ်းပြည်နယ် စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲဖိုရမ် (Shan State Energy Forum) ကို အရပ်ဘက် အဖွဲ့အစည်းလေးခု ပူးပေါင်း၍ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး တောင်ကြီးမြို့ တောင်ကြီးစီးတီး ဟိုတယ်တွင် ဇူလိုင် ၂၇ ရက်၊ ၂၈ ရက်တို့တွင် နှစ်ရက်တာ ပြုလုပ်ခဲ့ပါတယ်။ 

“မြန်မာနိုင်ငံမှာ စွမ်းအင်လို အပ်ချက် တွေရှိနေတယ်။ အခု အစိုးရကနေ ဆည်အကြီးတွေ ဆောက်တာတွေ၊ ကျောက်မီးသွေး တွေနဲ့ လုပ်နေတာတွေက လိုအပ်ရဲ့လားပေ့ါ။ ဒေသတွေထဲမှာ ကိုယ်ထူ ကိုယ်ထနဲ့ လုပ်ထားတဲ့ လျှပ်စစ်စွမ်း အင်တွေရှိပါတယ်။ အဲဒါတွေက အစိုးရရဲ့ မဟာဓာတ်အားလိုင်းကို မရောက်ဘဲ ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ရှိတယ်။ မြန်မာနိုင်ငံရဲ့ စွမ်း အင်ကို ဖြည့်တင်းပေးနိုင်တာတွေ ဖြစ်တယ်။ မြန်မာအစိုးရရဲ့ ပန်းတိုင်ဖြစ်တဲ့ ၂၀၃၀ မှာ တစ်နိုင်ငံလုံး မီးရရှိရေး ဆိုတာကို ကိုယ်ထူကိုယ်ထ လျှပ်စစ်လေးတွေက Renewable Energy ပြည့်မြဲစွမ်းအင်အနေနဲ့ ဖြည့်ဆည်းပေးနိုင်တာကို ပြောချင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်နယ်နဲ့တိုင်းတွေမှာ စွမ်းအင်နဲ့ ပတ်သက်ရင် ဗဟိုအစိုးရက ချုပ်ကိုင်မှု လျှော့ချပြီးတော့ ပြည်နယ်နဲ့ တိုင်းအစိုးရက ဆုံးဖြတ်နိုင်တယ် ဆိုတာကို ပြသလိုခြင်း ဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်မှာ သံလွင်မြစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ဝင် ကိုဧပရယ်ကြူကြူး ပြောပါတယ်။

မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း တည်ထောင်သူ ဦးအောင်မြင့်ကတော့ “အဓိကတော့ မြန်မာနိုင်ငံနဲ့ ရှမ်းပြည်စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ မူဝါဒပိုင်း လုပ်ကြတာပေ့ါ။ လက်ရှိ စွမ်းအင်တွေ အစိုးရကနေ ဦးဆောင်လုပ်နေတဲ့ ဗျူဟာတွေပေ့ါ။ ပြန်ပြည့်မြဲစွမ်းအင် ဆိုတာကတော့ အစိုးရရဲ့ အစီအမံနဲ့ မရခဲ့တဲ့အတွက် ရေအားတို့၊ ဇီဝအားတို့ နေအားတို့ကို သုံးနေပြီးသား။ ကမ္ဘာနဲ့ယှဉ်လိုက်ရင် ရှေ့တန်းကို ရောက်မယ်လို့ ပြောလို့ရတယ်။ ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍတွေက အခုကမ္ဘာမှာ အံ့မခန်း ဖွံ့ဖြိုးတယ်။ စီးပွားရေးအရရော လက်တွေ့အရရော ဖွံ့ဖြိုးတယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှု၊ လိုက်လျောညီထွေတဲ့ ပ့ံပိုးမှုတွေ ရှိတာနဲ့ မြန်မာပြည်မှာ ပြန်ပြည့်မြဲစွမ်းအင်တွေကို တစ်ရှိန်ထိုးနဲ့ လျှပ်စစ်စွမ်းအင်တင် မကဘူး။ အပူစွမ်းအင်တွေရော ဖြစ်လာမယ့် နည်းပညာတစ်ခုပဲ။ နိုင်ငံတော်အနေနဲ့ မူဝါဒပိုင်းဆိုင်ရာ စဉ်းစားသူတွေကို တိုက်တွန်း ပြောကြားလိုတယ်။ မြန်မာပြည်သူလူထုနဲ့ မြန်မာ့သယံဇာတ အခြေအနေအရဆိုရင် ပြန်ပြည့်မြဲစွမ်းအင် အခြေအနေဟာ ကမ္ဘာမှာတောင် ထိပ်တန်းဖြစ်နိုင်မယ့် အခြေအနေရှိတယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ထို့ပြင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ နန်းဝါနုကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပေးထားချက်များအရ ဗဟိုချုပ်ကိုင်မှု များပြားလွန်းသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်စီမံခွင့် ပြည့်ပြည့်ဝ၀ ရချင်ကြောင်း ပြောပါတယ်။

“နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ပြောချင်တာက လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာပဲဖြစ်ဖြစ်၊ ဒေသန္တရပဲဖြစ်ဖြစ် ပေးထားချက်အရ ဗဟိုချုပ်ကိုင်မှု စနစ်တွေ အများဆုံးဖြစ်နေတယ်။ ဇယား (၁) အရ ပြည်ထောင်စု လုပ် ပိုင်ခွင့်၊ ဇယား(၂) ပြည်နယ်နဲ့ တိုင်း ဒေသကြီး လုပ်ပိုင်ခွင့်ဆိုပေမဲ့ ဇယား (၂) မှာ လုပ်ပိုင်ခွင့် တအားနည်းနေတဲ့အပြင် ပြည်ထောင်စု ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့လို့ ပါနေတဲ့အတွက် တိုင်း ဒေသကြီးနဲ့ ပြည်နယ် လုပ်ပိုင်ခွင့်က ရှိမနေဘူး။ ဒါတွေ ပြောင်းလဲချင်ပါ တယ်။ ကိုယ့်ရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်စီမံခွင့်တွေ ပြည့်ပြည့်ဝ၀ ရချင်တယ်။ နောက်ပြီး ပြည်နယ်အစိုးရကနေ နည်းပညာတွေ အထောက်အပံ့ပေးဖို့၊ အားလုံးနဲ့ပူး ပေါင်းဆောင်ရွက်ဖို့တွေ လိုချင်ပါတယ်။ မူဝါဒ ပြုပြင် ပြောင်းလဲရေးကို တိုက်တွန်းချင်လို့ ဖိုရမ်ပြုလုပ်ခြင်း ဖြစ်ပါတယ်” လို့ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ မနန်းဝါနုက ပြောပါတယ်။

အထက်က ပြောခဲ့တာတွေကို ပြန်လည်ခြုံငုံ သုံးသပ်လိုက်မယ်ဆိုရင် မိုင်းတွင်းဟာ စက်ရုံထက် ပိုမိုကြောက်စရာ ကောင်းတယ်ဆိုတဲ့ အချက်ကို အစိုးရအနေနဲ့ ချက်ချင်းအရေးတယူလုပ်ပြီး ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါမယ်။ နောက်တစ်ချက်က စွမ်းအင်အတွက် ကျောက်မီးသွေး စက်ရုံကြီးတွေနဲ့ ဆည်ကြီးတွေ တည်ဆောက်မှသာ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်တာ မဟုတ်ဘဲ Renewable energy system လို့ခေါ်တဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေ အကြောင်းကိုလည်း ဖော်ပြခဲ့ပြီးဖြစ်လို့ မြန်မာနိုင်ငံ အမျိုးသား စွမ်းအင်မူဝါဒကို ဖက်ဒရယ်စနစ်နဲ့ ချိန်ထိုးပြီးတော့ ရှုမြင်သုံးသပ်ဖို့လိုမယ် ယူဆရပါကြောင်း တင်ပြလိုက်ပါတယ်။

Most Read

Most Recent