လေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေစျေးနှုန်း သုံးပုံတစ်ပုံအထိ ကျဆင်းနေပြီး လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ အောက် အိမ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်နေဟုဆို

လေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေစျေးနှုန်း သုံးပုံတစ်ပုံအထိ ကျဆင်းနေပြီး လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ အောက် အိမ်ခြံမြေများသာ အရောင်းအဝယ်ဖြစ်နေဟုဆို
အာဆီယံအိမ်ခြံမြေ မိတ်ဖက်ကွန်ရက်အဖွဲ့၏ ကွန်ဗင်းရှင်းနှင့်ပြပွဲကျင်းပရန်အတွက် အကြိုသတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
အာဆီယံအိမ်ခြံမြေ မိတ်ဖက်ကွန်ရက်အဖွဲ့၏ ကွန်ဗင်းရှင်းနှင့်ပြပွဲကျင်းပရန်အတွက် အကြိုသတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 25 July 2019
ဇေယျာငြိမ်း

လေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေစျေးနှုန်း သုံးပုံတစ်ပုံအထိ ကျဆင်းနေပြီး လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ အောက် အိမ်ခြံမြေများသာ အရောင်းအဝယ် ဖြစ်နေကြောင်း ဇူလိုင် ၂၄ ရက်က Sule ShangriLa Hotel တွင် ပြုလုပ်သည့် အာဆီယံအိမ်ခြံမြေ မိတ်ဖက်ကွန်ရက်အဖွဲ့၏ ကွန်ဗင်းရှင်းနှင့် ပြပွဲကျင်းပရန်အတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှ သိရသည်။

“အိမ်ခြံမြေ အေးနေတာကလည်း လေးနှစ်တာ ငါးနှစ်တာဝန်းကျင်ရှိပြီး တကယ်အရောင်းအဝယ် ဖြစ်နေတာက တကယ်နေမယ့်သူကတော့ ဝယ်တယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေက ကြည့်နေတဲ့ သဘောပဲရှိတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်မယ့်သူတွေ မရှိတဲ့အတွက်ကြောင့် တကယ်ဝယ်တဲ့သူတွေက သိန်း ၂၀၀၊ သိန်း ၃၀၀၊ သိန်းတစ်ထောင်ပဲ အရောင်းအဝယ်ဖြစ်တယ်။ သိန်းတစ်ထောင်ထက်မပိုဘူး။ ဒါပေမဲ့ အကြီးကြီးတွေ အရောင်းအဝယ် မဖြစ်ဘူးလား ဆိုတော့လည်း ဖြစ်တယ်။ လက်ချိုးရေတွက်လို့ရတဲ့ အခြေအနေက ဖြစ်တယ်လို့ မဆိုလောက်ဘူး။ ရန်ကုန်တစ်ခုတည်းလား ဆိုတော့လည်း မဟုတ်ဘူး။ တိုင်းဒေသကြီးတွေမှာလည်း ဒီအတိုင်းပဲ ကြုံတွေ့နေရတာပဲ။ စျေးအားဖြင့်ပြောရင် သုံးပုံတစ်ပုံလောက်ကို ကျသွားတယ်။ အရင်က သိန်း ၃၀၀ တန်က သိန်း ၂၀၀ လောက်ပဲရှိတော့တယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောကြားသည်။

အဆိုပါ အာဆီယံအိမ်ခြံမြေ မိတ်ဖက်ကွန်ရက်အဖွဲ့၏ ကွန်ဗင်းရှင်းအခမ်းအနားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူပေါင်းဆောင်ရွက်နိုင်ရန် ကွန်ရက်များ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေစျေးကွက်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်းက အရောင်းအဝယ် စတင်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းနှင့် မြေကွက်များသာ အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။

လက်ရှိရန်ကုန်မြို့တွင် စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ သာကေတမြို့နယ်များတွင် အိမ်ခြံမြေ အရောင်းအဝယ်ဖြစ်မှုများကြောင်း မတ် ၂၃ ရက်က မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားထားသည်။

“အိမ်ခြံမြေစျေးကွက်ကို ပြောမယ်ဆိုရင် လက်ရှိက ၂၀၁၄ နောက်ပိုင်းကနေ ဒီနေ့အထိ အေးနေတယ်။ စမ်းချောင်းတို့ ကြည့်မြင်တိုင်တို့  တောင်ဥက္ကလာပတို့ သာကေတတို့ အဲဒီဘက်မှာများတယ်။ မရမ်းကုန်းများတယ်” ဟုဦးခင်မောင်သန်းက ပြောကြားသည်။

ဒလမြို့နယ်တွင်လည် တံတားဆောက်လုပ်သည့် အချိန်က အိမ်ခြံမြေစျေးများ ပေါက်စျေးထက် မြင့်တက်ခဲ့သော်လည်း လက်ရှိအချိန် မူလပေါက်စျေးသို့ ပုံမှန်ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

“ဒလကတော့ တံတားဆောက်တုန်းက ခုနစ်ရက် ၁၀ ရက်လောက်က စျေးမေးမယ့် သူရှိတယ်။ သိန်းတစ်ထောင်လောက် တက်သွားတယ်။ ငါးထောင်တန်တွေက ခြောက်ထောင်ဖြစ်တယ်။ ဝယ်တဲ့သူမရှိတဲ့ အခါကျတော့ သူစျေးက သူစျေးအတိုင်းပဲ ပြန်ပြီးအေးနေတယ်” ဟု ဦးခင်မောင်သန်းက ပြောကြားသည်။                                 

Most Read

Most Recent