ပြည်တွင်း စျေးကွက်အတွင်း တရားဝင် တင်သွင်းခွင့်ပြုထားသည့် ၀ိုင်ကို မှောင်ခိုတင်သွင်းနေမှုကြောင့် ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံ တစ်ပုံခန့်သာ ရရှိပြီး တရားမဝင် အရက်တင်သွင်းမှုကြောင့် အခွန် ရာနှုန်းပြည့် နစ်နာနေ

ပြည်တွင်း စျေးကွက်အတွင်း တရားဝင် တင်သွင်းခွင့်ပြုထားသည့် ၀ိုင်ကို မှောင်ခိုတင်သွင်းနေမှုကြောင့် ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံ တစ်ပုံခန့်သာ ရရှိပြီး တရားမဝင် အရက်တင်သွင်းမှုကြောင့် အခွန် ရာနှုန်းပြည့် နစ်နာနေ
Published 25 July 2019
ဖြိုးဝေ

ပြည်တွင်း စျေးကွက်အတွင်း တရားဝင် တင်သွင်းခွင့်ပြုထားသည့် ၀ိုင်ကို မှောင်ခို တင်သွင်းမှုများ ရှိနေသောကြောင့် ရသင့်ရထိုက်သည့် အခွန်၏ ငါးပုံ တစ်ပုံခန့်သာ ရရှိနေပြီး အရက်တင်သွင်းမှု တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း တရားမဝင် တင်သွင်းနေမှုကြောင့် နိုင်ငံက အခွန် ရာနှုန်းပြည့် နစ်နာနေရကြောင်းနှင့် ထိုသို့ အခွန်ပေးဆောင်ခြင်း မရှိဘဲ မှောင်ခို တင်သွင်း၍ ရောင်းချနေသူများနှင့် တရားဝင် အခွန်ထမ်းဆောင်ကာ ရောင်းချနေရသူများအကြား မျှတသည့် တန်းတူယှဉ်ပြိုင်မှု (Level Playing Field) ဖန်တီးပေးစေလိုကြောင်း မြန်မာနိုင်ငံ ယမကာထုတ်လုပ် ဖြန့်ဖြူးသူများအသင်း (MLA-Myanmar Liquor Association) က ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့မြင်ရတဲ့ အဓိက အကြောင်းရင်းက တင်သွင်းမှုဥပဒေ တင်းကျပ်တဲ့ နေရာတွေမှာ အားနည်းမှုတွေကို တွေ့ရ တယ်။ ဒါကြောင့် ၀ိုင်လိုမျိုး မှောင်ခိုစျေးကွက် အခြေအနေကို မဖြေရှင်းနိုင်တဲ့အပြင် နယ်စပ်တွေကနေ တစ်ဆင့် အခွန်အခတွေ မပေးဆောင်ဘဲ မှောင်ခို တင်သွင်းနေတာတွေ တွေ့နေရပါတယ်။ ထုတ်ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် အခြေအနေတွေ အားလုံးက တစ်သမတ်တည်းနဲ့ တန်းတူညီမျှမှု ရှိဖို့လိုအပ်တယ်။ ဒါမှသာ စျေးကွက်အတွင်းမှာ အခွန်ပေးဆောင်တဲ့ ပြည်တွင်း ထုတ်လုပ်သူနဲ့ ရောင်းချသူတွေအတွက် မျှတတဲ့ ယှဉ်ပြိုင်မှုမျိုး ဖြစ်လာပြီး ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်း တွဲဖက်အတွင်းရေးမှူး  ဦးဝင်းသော်က ပြောကြားသည်။

မြန်မာနိုင်ငံ ယမကာထုတ်လုပ် ဖြန့်ဖြူးသူများအသင်းကို ပြည်တွင်းမှ အရက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များဖြင့် ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အသင်းဝင် ၂၅၀ ခန့် ရှိနေသည်။ အဆိုပါအသင်းဝင်များမှာ နိုင်ငံ၏ အခွန်ထမ်းထိပ်တန်း ၁၀ ဦးစာရင်း ဝင်သူများဖြစ်ပြီး နှစ်စဉ် အခွန်ဘီလျံ ရာနှင့်ချီ ပေးဆောင်နေကြကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း အခွန်ဘီလျံ ၁၈၀ ခန့် ပေးဆောင်ထားသည်။

ထို့ပြင် MLA သည် ပြည်တွင်း အရက်ထုတ်လုပ်ခြင်းလုပ်ငန်း နယ်ပယ်တွင် အလုပ်သမား ၃၀၀၀၀ ခန့် ခန့်အပ်ထားပြီး မိတ်ဖက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ နှစ်သန်းကျော်ကို အကျိုးပြုနေသည်။ ထို့ပြင် MLA အနေဖြင့် တောင်သူလယ်သမားများနှင့် မြန်မာ့ စိုက်ပျိုးမွေးမြူရေး ကဏ္ဍအတွက် အထောက်အပ့ံ ပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး နှစ်စဉ် ဆန်ကွဲတန်ချိန် သုံးသိန်းခွဲခန့်ကို ကုန်ကြမ်းအဖြစ် ဝယ်ယူသုံးစွဲနေကြောင်း နှင့် အဆိုပါ ပမာဏမှာ ကျပ် ၁၇၇ ဘီလျံခန့် ရှိကြောင်း MLA ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ ထိုသို့ အခွန်အများဆုံး ထမ်းနေပြီး နိုင်ငံ့အတွက် အကျိုးပြုနေသော်လည်း စျေးကွက်အတွင်း တရားမဝင် တင်သွင်း ရောင်းချနေသည့် အရက်၊ ၀ိုင်များကို ကြပ်မတ် ဆောင်ရွက်မှု အားနည်းနေသဖြင့် ပြည်တွင်းမှ အခွန်ထမ်းဆောင် နေရသည့် လုပ်ငန်းရှင်များအတွက် မျှတသည့် တန်းတူယှဉ်ပြိုင်မှု (Level Playing Field) ဖန်တီးပေးစေလိုကြောင်း မြန်မာနိုင်ငံ ယမကာထုတ်လုပ် ဖြန့်ဖြူးသူများအသင်းမှ လုပ်ငန်းရှင်များက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်း တင်သွင်း ရောင်းချသူတွေနဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း နိုင်ငံတော်သို့ ပေးဆောင်ရမယ့် သက်ဆိုင်ရာ အခွန်အခတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်စေလိုပါတယ်။ စျေးကွက်အတွင်း တန်းတူညီမျှတဲ့ ယှဉ်ပြိုင်မှုတွေ ရရှိဖို့အတွက် အရေးကြီးတဲ့ အချက်တွေကို အလေးပေး လုပ်ဆောင်မှုတွေ လုံလောက်မှု မရှိသေးတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်ခြင်းက ကောင်းမွန်တယ်လို့ လက်ခံထားပေမဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေကို ထိခိုက်နစ်နာစေပြီး အကျိုးအမြတ် မရှိစေတဲ့ အခြေအနေမျိုးတော့ မဖြစ်သင့်ပါဘူး” ဟု ဦးစိုးလွင်က ဆိုသည်။

ထိုသို့ တရားမဝင် အရက်၊ ၀ိုင် တင်သွင်းမှုများကို တားဆီးနိုင်မှု အားနည်းနေသဖြင့် အခွန်ထမ်းဆောင်နေရသူနှင့် အခွန်ရှောင်နေသူများအကြား Level Playing Field ပျောက်ရှနေမှုအပေါ် အလေးထား ဆောင်ရွက်ပေးစေလိုသော အချက်များအဖြစ် အချက် သုံးချက်ကို လုပ်ဆောင်ပေးစေလိုကြောင်း MLA က ရှင်းလင်းသည်။

အဆိုပါ အချက်များမှာ MLA သည် နိုင်ငံခြားအရက်များ တင်သွင်းခြင်းကို မဆန့်ကျင်ဘဲ ဤစီးပွားရေးတွင် ပါဝင်ဆက်နွှယ်သူ အားလုံးအကြား တရားမျှတမှုနှင့် တန်းတူရည်တူ ယှဉ်ပြိုင်မှု Level Playing Field ဖော်ဆောင်ပေးရန်၊ Grey Market ကြောင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံတော်အစိုး၏ ဘဏ္ဍာငွေ ကျပ်ဘီလျံပေါင်း များစွာ ဆုံးရှုံးခြင်းအပေါ် အခွန်အခများ မှန်ကန်စွာ ပေးဆောင်ခြင်း မရှိသည့် ယှဉ်ပြိုင်သူများကို ပိုမိုတင်းကျပ်သည့် နည်းဥပဒေများ ချမှတ်ခြင်းဖြင့် ထိန်းချုပ်နိုင်ရန်နှင့် အထူးသဖြင့် ယမကာလုပ်ငန်း နယ်ပယ်တွင် ပိုမိုပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်နိုင်ခြင်းနှင့် ပြည်ပ သွင်းကုန် တန်ဖိုးဖြတ်ရာတွင် ပိုမိုပြတ်သား ရှင်းလင်းသော စည်းမျဉ်းဥပဒေများ တည်ဆောက်နိုင်ရေး လုပ်ဆောင်ပေးစေလိုသည် ဟု MLA က တောင်းဆိုမှုတွင် ဖော်ပြထားသည်။

 

Most Read

Most Recent