ဒေါင်းတို့မျိုးဆက်ရုံးချိန်းတစ်ခုတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုဖြင့် တရားစွဲဆိုခံရသည့် မနီလာသိန်း အပါအဝင် ငါးဦးအနက် လေးဦးကို အာမခံပေး

ဒေါင်းတို့မျိုးဆက်ရုံးချိန်းတစ်ခုတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုဖြင့် တရားစွဲဆိုခံရသည့် မနီလာသိန်း အပါအဝင် ငါးဦးအနက် လေးဦးကို အာမခံပေး
Published 23 July 2019
မင်းအောင်ခန့်

ဒေါင်းတို့မျိုးဆက် ရုံးချိန်းတစ်ခုတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုဖြင့် တရားစွဲဆိုခံရသည့် မနီလာသိန်းအပါအဝင် ငါးဦးအနက် လေးဦးအား အာမခံပေးခဲ့ပြီး ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

တရားစွဲဆိုခံရသည့် မနီလာသိန်းအပါအဝင် ငါးဦးအနက် ကိုမင်းဟန်ထက်မှာ 7 July အထိမ်းအမှတ် လမ်းလျှောက်ချီတက်ခြင်းကြောင့် လှိုင်မြို့နယ်တရားရုံးတွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရပြီး အာမခံမယူဘဲ အင်းစိန်ထောင်အတွင်း တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

“ကျွန်မတို့ကို သိန်းနှစ်ဆယ် အာမခံနဲ့ လေးယောက်ကို အာမခံပေးတယ်။ လက်ရှိ ဖြစ်နေတဲ့ကိစ္စက ကျွန်မတို့ တရားရုံးထဲက ထွက်ပြီးတာနဲ့ တရားရုံးထဲကို စခန်းမှူးအပါအဝင် အရပ်ဝတ်တွေနဲ့ လူတွေကဝင်ပြီးတော့ ကျွန်မတို့နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို ဝင်ယူသွားတယ်။ ကျွန်မပြောချင်တာက တာဝန်ရှိတဲ့သူတွေမှအပ ကျန်တဲ့သူတွေက တာဝန်ထက်ပိုတဲ့အလုပ်တွေကို လုပ်ဆောင်နေတာကို ကျွန်မတို့ဘက်က လုံးဝလက်မခံဘူးဆိုတာကို ကျွန်မတို့ရှေ့နေကလည်း စခန်းမှူးကိုပြောပါတယ်။ စခန်းမှူးကလည်း နောက်တစ်ခါမဖြစ်အောင် လုပ်ဆောင်ပါ့မယ်၊ အရပ်ဝတ်တွေနဲ့ မလာဘဲနဲ့ ယူနီဖောင်းတွေနဲ့ပဲ သတင်းမှတ်တမ်းယူမယ်ဆိုပြီးတော့ ပြောပါတယ်။ တရားရုံးထဲမှာကို တရားလွတ်ဥပဒေမဲ့ လာရောက်လုပ်ဆောင်နေတာကို လုပ်ဆောင်ခွင့်ပေးနေတာကို တွေ့မြင်နေရတယ်”ဟု တရားစွဲခံရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် မနီလာသိန်းက ပြောကြားသည်။

တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များအား မေ ၂၀ ရက်ညနေပိုင်းက ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်ရာ ဝန်းရံသူများနှင့်  ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ တပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မနှစ်ခုဖြင့် မေ ၂ဝရက် ညနေပိုင်းတွင် ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စဉ််် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ကို ရဲမေတစ်ဦးက တွန်းတိုက်ရာမှစတင်ကာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မေ ၂၁ ရက်တွင် ပုဒ်မ ၃၃၂/၃၅၃/၁၈၆/၁၁၄ တို့ ဖြင့် ၈၈ ငြိမ်း/ပွင့်မှ မနီလာသိန်းအပါအဝင် ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနှင့် ကိုမင်းဟန်ထက်တို့ကို ဗိုလ်တထောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး မေ ၂၂ ရက်တွင် အာမခံပေးခဲ့သည်။ ထို့နောက် ဇူလိုင် ၂၃ ရက်တွင် မနီလာသိန်းအပါအဝင် ဝန်းရံသူ လေးဦးအား ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent