လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ရငွေပိုင်းတွင် ယစ်မျိုးခွန်၊ အပိုတံဆိပ်ခေါင်းခွန်နှင့် ရေနံသယ်ဆောင်ခရငွေ ပိုမိုရရှိခြင်းအပါအဝင် သာမန်ရငွေနှင့် အခွန်အကောက်များ ပိုမိုရရှိခဲ့ကြောင်း ဖော်ပြ

လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ရငွေပိုင်းတွင် ယစ်မျိုးခွန်၊ အပိုတံဆိပ်ခေါင်းခွန်နှင့် ရေနံသယ်ဆောင်ခရငွေ ပိုမိုရရှိခြင်းအပါအဝင် သာမန်ရငွေနှင့် အခွန်အကောက်များ ပိုမိုရရှိခဲ့ကြောင်း ဖော်ပြ
Published 21 July 2019
နီလာ

လက်ရှိဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ရငွေပိုင်းတွင် ယစ်မျိုးခွန်၊ အပိုတံဆိပ်ခေါင်းခွန်နှင့် ရေနံသယ်ဆောင်ခရငွေ ပိုမိုရရှိခဲ့ခြင်းအပါအဝင် သာမန်ရငွေနှင့် အခွန်အကောက်များ ပိုမိုရရှိခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ရငွေပိုင်းတွင် သာမန်ရငွေနှင့် အခွန်အကောက်ရငွေများ ပိုမိုရရှိခဲ့ခြင်းမှာ အခွန်အကောက်ရငွေတွင် စည်ပင်သာယာရေးအဖွဲ့များမှ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအပေါ် ကောက်ခံသည့် ဘီးခွန်များ ပိုမိုကောက်ခံရရှိခဲ့ခြင်း၊ မြေခွန်၊ ယစ်မျိုးခွန်၊ ရေနှင့် တာတမံခွန်၊ ဓာတ်သတ္တုခွန်များ ပိုမိုရရှိခြင်း၊ သာမန်ရငွေတွင် တင်ဒါလျှောက်လွှာရောင်းချရငွေများ၊ ဒဏ်ကြေးငွေများ၊ စာရင်းစစ်ကန့်ကွက်ချက်အရ ပြန်လည်ပေးသွင်းရငွေများ၊ ဒဏ်ကြေးငွေများ၊ အိမ်လခရငွေ၊ အထပ်မြင့် အဆောက်အအုံစစ်ဆေးခရငွေများ၊ မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရေနံစိမ်းခွန်၊ ပြည်ထောင်စုက ထောက်ပံ့သည့်အခွန်ဝေစု၊ အပိုတံဆိပ်ခေါင်းခွန်၊ ရေနံသယ်ဆောင်ခရငွေနှင့် တိရစ္ဆာန်သယ်ဆောင်ခရငွေများ ပိုမိုရရှိခြင်းတို့ကြောင့် လျာထားချက်ထက် ပိုမိုရရှိခြင်းဖြစ်သည်။

အသုံးစရိတ်ပိုင်းအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိဌာန၊ အဖွဲ့အစည်းများသည် သာမန်အသုံးစရိတ်တွင် လစာစရိတ်၊ ခရီးစရိတ်၊ ပစ္စည်းများဝယ်ယူခြင်း၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခ ပြင်ဆင်ထိန်းသိမ်းစရိတ်များ လျော့နည်းသုံးစွဲခဲ့ခြင်း၊ ဆည်မြောင်း၊ တာတမံလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ဆဲဖြစ်၍ ငွေထုတ်ယူမှုနည်းပါးခြင်း၊ ကယ်ဆယ်ရေးအသုံးစရိတ်တွင် လျော့နည်းသုံးစွဲခြင်း၊ စက်ကိရိယာပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ ပညာပေး သင်တန်းစရိတ်၊ အလှူငွေထည့်ဝင်မှုများနှင့် အချိန်ပိုကျွေးမွေးစရိတ်များ လျော့နည်းခြင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူ ဆောင်ရွက်ပြီးဖြစ်သော်လည်း  ငွေထုတ်ယူ သုံးစွဲမှုမရှိခြင်း၊ လုပ်ငန်းများအတွက် လျာထားသည့် ရာခိုင်နှုန်းအတိုင်း ငွေထုတ်ယူသုံးစွဲမှုမရှိခြင်း၊ ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးပရိဘောဂနှင့် ရုံးသုံးယာဉ်များဝယ်ယူခြင်းအတွက် တင်ဒါအောင်မြင်ပြီးဖြစ်သော်လည်း စျေးနှုန်းညှိနှိုင်းစိစစ်အတည်ပြုရေး ကော်မတီ၏ စျေးနှုန်းအတည်ပြုချက် မရရှိသေးခြင်းတို့ကြောင့် လျာထားသည်ထက် လျော့နည်းသုံးစွဲကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

ပထမခြောက်လပတ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စုစုပေါင်းရငွေသည် လျထားချက်၏ ၁၀၀ ဒသမ ၀၈ ရာခိုင်နှုန်းဖြစ်သဖြင့် လျာထားချက်ထက်ကျော်လွန်ပြီး ရသင့်ရထိုက်သည့် အတိုင်းအတာပြည့်မီသည်ဟု သုံးသပ်ရကြောင်း၊ အသုံးစရိတ်တွင် လျာထားချက်၏ ၉၀ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်သဖြင့် လျာထားချက်နှင့် နီးစပ်အောင် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိဌာန၊ အဖွဲ့အစည်းများ၏ သာမန်အရအသုံး၊ ငွေလုံးငွေရင်းအရအသုံးများ၊ နှစ်အလိုက် ဖြစ်ပေါ်တတ်သည့် အခြေအနေပေါ်မူတည်၍ သုံးလပတ်အလိုက် အသေးစိတ် လျာထားသင့်ကြောင်းလည်း  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။                                                       

 

Most Read

Most Recent